မေး ။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုအုပ်စိုးသော
ယမမင်းနှင့် ငရဲသားတို့ကိုညှင်းဆဲသောငရဲထိန်း
တို့သည် ဘာသာရေးဖက်မှကြည့်လျှင် အပြစ်ရှိ
မရှိနှင့် ထိုငရဲပြည်ကို အုပ်စိုးသောသူတို့သည်
အဘယ်အကျိုးပေးကံကြောင့် ငရဲပြည်တွင်
အုပ်စိုးသူများ ဖြစ်နေရပါသနည်း။ ထို့ပြင်ငရဲပြည်
ကို အုပ်စိုးသူတို့၏ သက်တမ်းနှင့်သက်တမ်းကုန်
ပြီးနောက် မည်သို့သော ဘဝမျိုးကိုကျရောက်နိုင်
ပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။

ဖြေ ။ ။ မပြည့်မွန်၏မေးခွန်းသည် အလွန်လေးနက်
ပါသည်။ မေးခွန်းအားဖြင့် ၃မျိုးတွေ့ရ၏။ အားလုံး
ကိုခြုံငုံ၍ ဖြေလိုက်ပါမည်။ ငရဲမင်းခေါ် ယမမင်းကြီး
သည် စတုမဟာရာဇ်နတ်မျိုးဝင် တန်ခိုးကြီးသော
နတ်ပြိတ္တာကြီးဖြစ်ပါသည်။ သူတော်ကောင်းနတ်ကြီး
ဖြစ်ပါ၏။ အပါယ်ပြိတ္တာမျိုးမဟုတ်ပါ။ ငရဲသားတို့ကို
အမျိုးမျိုးနှိပ်စက်ညှင်းပန်းကြကုန်သော ငရဲထိန်းတို့
သည်လည်း စတုမဟာရာဇ်နတ်မျိုးတွင် အကျုံးဝင်
သော အလွန်ကြမ်းတမ်းယုတ်မာလှကုန်သောဘီလူး
မျိုး၊ ရက္ခိုသ်မျိုးများဖြစ်ပါသည်။ ထို့ကြောင့်၄င်းတို့၏
သက်တမ်းသည် စတုမဟာရာဇ်နတ်သက်အနေဖြင့်
အနှစ်ငါးရာ၊ လူတို့၏ အသက်တမ်းအားဖြင့် အနှစ်
ကိုးသန်းရှည်ပါမည်။ ဘုံအနေဖြင့်သာပြောရသော်
လည်း အချို့သော စတုမဟာရာဇ်နတ်မျိုးဝင်များ
သည် ကံရှိသလောက်သာ အသက်ရှည်ကြကုန်၏။

ငရဲဘုံသို့ရောက်ကြကုန်သော သူတို့တွင် အချို့
အကုသိုလ်ကံကြီးမားသောသူတို့မှာ ငရဲခံမည့်နေရာ
သို့ တောက်လျှောက်ကျသွားကြ၏။ ထိုသူများအဖို့
ကုသိုလ်ကံ အကုသိုလ်ကံ ရောလျက် ငရဲသို့ ကျ
ရောက်လာသောသူတို့သည် ငရဲခံရမည့်နေရာသို့
တိုက်ရိုက်ကျရောက်သွားသည်မဟုတ်ဘဲ ငရဲပြည်
၏ပတ်ဝန်းကျင်တောတောင်မြေပြင်အရပ်ရပ်တို့သို့
ရောက်သွားကြသည်။ ထိုသူတို့ကို ငရဲထိန်းတို့က
ဖမ်းဆီး၍ ချက်ချင်းငရဲခံရမည့်နေရာသို့ မချသေး
ဘဲ ယမမင်းကြီး၏ရုံးတော်ရှိရာသို့ ခေါ်ဆောင်လာ
ခဲ့ကြကုန်၏။

ငရဲကြီး ၈ ထပ်တွင် အထပ်တိုင်း၏ အလယ်ကောင်
၌ ငရဲခံရမည့်နေရာရှိ၏။ ပတ်ဝန်းကျင်တွင်သစ်ပင်
တောတောင် မြေကွက်လပ်များရှိ၏။ ငရဲခံရမည့်
နေရာ၏ လေးဖက်လေးတန်တွင် ငရဲမင်းယမမင်း
ကြီး၏ ရုံးတော်တစ်ခုစီရှိကြ၏။ ထိုရုံးတော်တို့တွင်
ငရဲသားတို့အား ကုသိုလ်ကောင်းမှုတို့ကိုအမှတ်ရ
အောက်မေ့မိအောင် စစ်မေးကြကုန်၏။ ကုသိုလ်
ကောင်းမှုတို့ကို သတိရအောင် အစဖော်ပေးကြ
ကုန်၏။ ကုသိုလ်ကောင်းမှုတို့ကို သတိရ၍အချို့
ငရဲသားများ လူ့ပြည် နတ်ပြည်သို့ပြန်ရောက်ကြ
ကုန်၏။ ကုသိုလ်ကောင်းမှုကို မပြုခဲ့ သတိလည်း
မရ၊ အကုသိုလ်ကံသာများသော ငရဲသားတို့ကို
ငရဲထိန်းများဖြစ်ကြသော ရက္ခိုက်ဘီလူးတို့က
ငရဲခံရာဌာနသို့ ခေါ်ဆောင်၍နှိပ်စက်ညှင်းပန်းကြ
ကုန်၏။

ထို့ကြောင့် မိမိပြုသောကုသိုလ်ကို သတိရပေးနိုင်
စေရန် ကုသိုလ်ပြုတိုင်းယမမင်းကြီးထံ အမျှပေး
စေနေကြခြင်းဖြစ်၏။ ယမမင်းကြီးသည် နှိပ်စက်
ညှင်းပန်းသူမဟုတ်။ ကယ်တင်သူသာဖြစ်၏။
နှိပ်စက်ညှင်းပန်းလိုသော စေတနာမပါလျှင်အပြစ်
မရှိပေ။ ငရဲထိန်း၊ ရက္ခိုသ်ဘီလူး တို့သည်ကားနဂို
ကပင် ကြမ်းတမ်းခက်ထန်ကြကုန်၏။ နှိပ်စက်ညှင်း
ပန်းလိုသော စေတနာကြောင့် အကုသိုလ်ကံအပြစ်
ရောက်မည်သာဖြစ်၏။ ထိုက်သင့်သော ကုသိုလ်
ကံအစွမ်းကြောင့် ရက္ခိုသ်ဘီလူးစသော ငရဲထိန်း
များဖြစ်ကြ၏။ ညှင်းပန်းနှိပ်စက်လိုသောအကုသိုလ်
ကံကြောင့်ကား တစ်လှည့်တစ်ပြန်ခံရဦးမည်သာ
ဖြစ်၏။

ဤမျှလောက်ဆိုလျှင် မေးခွန်းသုံးခုစလုံးအတွက်
ပြည့်စုံသွားပါလိမ့်မည်။

မှတ်ချက် ။ ။ လယ်တီဆရာတော်ဘုရားကြီး၏
သီလဝိသောဓနီကိုမှီးပါသည်။

ဘဒ္ဒန္တဝါယာမသာရ
မြတ်မင်္ဂလာ အမေးအဖြေများ