ပဝါရဏာဟူသည်...
===============
သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာမြတ်ဒေသနာကို ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ကြွမြန်းတော်မူရာနေ့ဖြစ်လို့ ``အဘိဓမ္မာအခါတော်နေ့´´လို့ ခေါ်ဆိုကြသလို ၀ါတွင်းသုံးလတို့ကာလပတ်လုံး ၀ါဆို၀ါကပ်တော်မူကြသည့် သံဃာတော်များရဲ့ တစ်နေရာတည်းမှာ စုံညီစုဝေးလို့ ပဝါရဏာပြုရာနေ့ဖြစ်လို့ ``သံဃပဝါရဏာနေ့´´လို့လည်း တစ်နည်းခေါ်ဆိုကြပါတယ်။

ဒီနေရာလေးမှာ ပဝါရဏာပြုတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်အများစုဟာ ``ပဝါရဏာ´´ဆိုတဲ့စကားလုံးကို ကြားဖူးကြသလို ပဝါရဏာပြုခြင်းကိုလည်း မြင်ဖူး၊ ကြုံဖူးကြပေမယ့် အချို့က ပဝါရဏာပြုခြင်းရဲ့အကြောင်းနဲ့ ပြုရခြင်းရဲ့ရည်ရွယ်ချက်ကို တိတိကျကျ မသိကြပါဘူး။
ဒါ့ကြောင့် ဘုရားသားတော်သံဃာတော်များရဲ့ သီတင်းကျွတ်လပြည့်နေ့ ရောက်လေတိုင်း ပဝါရဏာပြုကြခြင်းနဲ့ ပြုရခြင်းရဲ့ရည်ရွယ်ချက်တို့ကို ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများ သိရှိနားလည်လို့ ကြည်ညိုသဒ္ဓါတရား ပွားများနိုင်ပါရန်အလို့ငှါ အနည်းငယ် တင်ပြလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ နားလည်ထားသင့်တာက ပဝါရဏာပြုတယ်ဆိုတာဟာ ဘုရားရှင်ရဲ့သာသနာတော်မှာသာရှိပြီး အခြားဘယ်ဘာသာတရားမှာမှ မရှိတဲ့ အလွန်ကောင်းမွန်တဲ့ အစဉ်အလာ အလေ့အထကောင်းလေးတစ်ခုလည်း ဖြစ်ပါတယ်။

``ပဝါရဏာ´´ဆိုတာ ပါဠိစကားပါ။ မြန်မာလိုအဓိပ္ပါယ်က ``ဖိတ်မံခြင်း´´လို့ အဓိပ္ပါယ် ရပါတယ်။ ဘာတွေကို ဖိတ်မံသလဲဆိုရင် ရဟန်းသံဃာတော်တွေ အချင်းချင်း တစ်ပါးနှင့်တစ်ပါး အပြစ်တစ်စုံတစ်ရာတို့ကို…
မြင်အပ်သော်လည်းကောင်း…..
ကြားအပ်သော်လည်းကောင်း…..
ယုံမှားသံသယ ဖြစ်အပ်သော်လည်းကောင်း…..ထိုအပြစ်တို့ကို အချင်းချင်းအပြန်အလှန် အကျိုးလိုလားသောစိတ်၊ အပြုသဘောဆောင်သောစိတ်၊ ပြုပြင်ပေးလိုသောစိတ်တို့ဖြင့်ထောက်ပြပြောဆိုပြီး ပြုပြင်ထိန်းကျောင်း၊ စောင့်ရှောက်ပေးနိုင်ဖို့ရန်အတွက် အချင်းချင်း အပြန်အလှန် ဖိတ်မံခြင်းပါ။

သူ့အပြစ် ကိုယ့်အပြစ် အပြန်အလှန် ဝန်ခံပြောဆိုခြင်းဖြင့်…
``အချင်းချင်းညီညွတ်မှုရခြင်း၊ ဝမ်းမြောက် ဝမ်းသာစကား ပြောကြားရခြင်း၊ အချင်းချင်ငြင်းခုန်မှု မရှိရခြင်းနှင့် ချမ်းသာစွာနေရခြင်း´´စသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

လူပုဂ္ဂိုလ်များသည်လည်း သံဃာတော်များနည်းတူ သီတင်းဝါလကျွတ်လေတိုင်း မိမိတို့ထက် အသက်သိက္ခာ ဂုဏ်ဝါကြီးသူ မိဘ၊ ဘိုးဘွား ဆရာသမားတို့နှင့် ကျေးဇူးရှိခဲ့ဖူးသူ ကျေးဇူးရှင်အပေါင်းတို့အား ကန်တော့ခြင်းနှင့် အပြစ်များရှိပါက ခွင့်လွှတ်ကြဖို့ရန် တောင်းပန်ခြင်း အလေ့အထသည် ပဝါရဏာမှပင် ဆင်းသက်လာသည်ဟု ယူဆရပေမည်။

သို့အတွက်ကြောင့် ယနေ့ခေတ်တွင် တိုင်းပြည်အတွက် အရေးပါဆုံးဖြစ်သည့် အစိုးရအဖွဲ့အစည်းမှစလို့ ပညာရေး၊ စီးပွားရေး၊ ကျန်မားရေးတို့နှင့်ဆက်စပ်၍ အစိုးရ+ပုဂ္ဂလိကအဖွဲ့များအပြင် အခြားအခြားသော ပရဟိတ အဖွဲ့အစည်းများ အလုပ်ရုံများအနေဖြင့်လည်း ဤကဲ့သို့ အလေ့အထမျိုးကို ကျင့်သုံးနိုင်ပါက အချင်းချင်နားလည်မှုများ ပိုမို၍ ရရှိနိုင်ကာ ပိုမို၍လည်း အောင်မြင်တိုးတက်နိုင်မည်ဟု ထင်မြင်မိပါသည်။

အပြစ်တွေ့ပြန်၊ ပြောကြားရန်၊ ဖိတ်မံပဝါရဏာ။
အပြစ်တွေ့ပြန်၊ ဆုံးမရန်၊ ဖိတ်မံပဝရဏာ။

အရှင်စန္ဒာတပ (အောင်လံ)