★ထေရဝါဒ ပီသပါစေ★
(ဗေဒင်မေးခြင်းနှင့် ဗုဒ္ဓဘာသာဝင်)

ဗေဒင်ပညာသည် ဗြာဟ္မဏပုဏားတို့၏ လောကီပညာရပ် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓပွင့်တော် မမူမှီကပင် ပေါ်ထွန်းခဲ့သော လောကီပညာရပ် ဖြစ်ပါသည်။ သစ္စာ ဓမ္မများ ပွင့်လင်းမှုမရှိသေးစဉ်
ခေတ်မှီသိပ္ပံရပ်များ ပေါ်ထွန်းမှုမရှိသေးခင် ခေတ်အခါက ဗေဒင်ပညာသည် လွှမ်းမိုးကြီးစိုးခဲ့သည်။

မြတ်ဗုဒ္ဓပွင့်တော်မူတဲ့အခါ လောကီပညာရပ်ဖြစ်သော ဗေဒင်ပညာတို့နှင့် ဆန့်ကျင်ခဲ့သည်။ ဗေဒင်၊ လက္ခဏာ အိ်မ်မက်တိတ္တုံ အတိတ်စွဲ နမိတ်စွဲတို့၌ ယုံကြည်ခြင်းသည် ဒွန်းစဏ္ဍား ဗုဒ္ဓဘာသာဝင်တို့၏လက္ခဏာဟု (★ အဂုင်္တ္တရပါဠိတော်၊ တတိယ၊ စာမျက်နှာ ၁၈၁★ တွင်)
ဘုရားရှင် ဟောကြားထားတာ်မူခဲ့ပါသည်။

ယင်းအခြေခံ သမ္မာဒိဠိအဆင့်တွင်မှ မတည်လျှင် အထက်သမ္မာဒိဠိဖြစ်သော အရိယာမဂ်လေးမျိုးကို ရရှိဖို့ရာ မဖြစ်နိုင်ပါ။ ဗေဒင်၊ လက္ခဏာ အိမ်မက်တိတ္တုံ အတိတ်စွဲ နမိတ်စွဲတို့၌ယုံကြည်ခြင်းသည်
ကံ ကံ၏အကျိုးကို မယုံကြည်ခြင်းဖြစ်သောကြောင့် 'ကမ္မဿကတာ သမ္မာဒိဠိ' တည်တော့မည်မဟုတ်ပါ။

ဗေဒင်နဲ့ပတ်သတ်၍ နမ္မားဆရာတော်ဘုရားကြီး၏ အောက်ပါ သြဝါတွေကို လေးနက်စွဲမြဲစွာ
မှတ်သားအပ်လှပါ၏။

“ဗေဒင်အတိုင်းသာ သတ္တဝါတွေဖြစ်နေကြရင် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ ဖွားဖက်တော်
ခုနှစ်ယောက်လည်း ဖွားမြင်ကြတယ်။ ဖွားဖက်တော်တို့၏ ဇာတာခွင်နဲ့ သိဒ္ဓတ္ထမင်းသားရဲ့ ဇာတာခွင်နဲ့သည် အတူတူပဲ။ သိဒတ္ထဘုရားဖြစ်လျှင် ဖွားဘက်တော်တွေလည်း ဖြစ်သင့်တယ်။ အခုတော့ သတ္တဝါတွေ ဖြစ်ကြရတာ ဗေဒင်ဇာတာခွင်တိုင်း မဟုတ်။

ကိုယ်ပြုခဲ့သော ကိုယ်ပြုသော ကံကြမ္မာအတိုင်းသာ ဖြစ်ကြရသောကြောင့် သိဒတ္ထမင်းသားက ဘုရားဖြစ်၊ ကဠုဒါယီတို့က ရဟန္တာဖြစ်ကြရတယ်.. မဟုတ်လား။

အဲဒါကြောင့်… ဗေဒင်အခေါ်ဖြစ်သော
ပြဿဒါး ရက်ရာဇာ ရှမ်းရက် တာနောရက်
ဝါရမိတ္တူ ကမ္ဘာပျက်ရက်တို့သည်
ပညတ်တွေဟုတ်မှတ်။
ကောင်းကျိုးဆိုးကျိုး မပေးနိုင်။
✔ ဗေဒင်ဆရာတွေကို
ထမင်းအိုးခွဲတာ_မဟုတ်ဖူးကွယ့်။
✔ ပညတ်စွဲကွာအောင်_ခွာရတာပဲ_မောင်စိန်ရဲ့့”

ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ နမန္တာကျမ်းကိုယုံသူတွေ များပါတယ်။ တစ်နှစ်တစ်ခေါက် ထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးက ဦးခေါင်းပြတ်ကြီး နတ်သမီးများ တစ်ယောက်လက်က တစ်ယောက်ကမ်းနေတာ မြင်တယ် မဟုတ်လား။ မြတ်စွာဘုရားက နတ်ဗြဟ္မာတို့၏
ခန္ဒာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့ သေလျှင် မီးတောက်သဖွယ် ပျောက်ကွယ် တတ်တယ်လို့ ဟောတယ်။ ဗေဒင်က ယခုထိ ခေါင်းပြတ်ကြီးက မပုတ်သေးဘူး။ မြန်မာပြည်က ယုံကြည်လက်ခံနေမျှ ပုတ်မှာမဟုတ်ဘူးကွယ့်။

ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို ပဓာနထားသကွယ့်။ မြတ်စွာဘုရားက ကုသိုလ်နဲ့ အကုသိုလ်ကို ပဓာနထားသကွယ့်။ ဗေဒင်က မဟာဘုတ်ကို အဓိကထား ထူးသကွယ့်။ မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ထူသကွယ့်။ ကဲ… မဆန့်ကျင်ပါလား။ မြတ်စွာဘုရားနဲ့ ဆန့်ကျင်တာကို ယုံပါလျှင် ဘုရား တရားကို မယုံရာ ကျတာပေါ့ကွယ့်။

မြတ်စွာဘုရားဟောတာက
‘သဗ္ဗေကမ္မသကာသတ္တာ၊ ကမ္မံသတ္တေ ဝိဘဇတိ’ တဲ့။

ကဲ.. ဘယ်မှာလဲကွယ်..။
✏ နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း မပါ။
✏ မသာကို စုန်ချရင် တစ်လောင်းနဲ့ကိစ္စမပြီး တတ်ဖူးလို့လည်း မပါ။
✏ အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ။
✏ မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ ပျက်စီးတတ်တယ်လို့လည်း မပါ။
✏ ဓမ္မာ သောက အင်းဝ ရာဇာကျလို့ ပျက်စီးတာလည်း မပါ။
✏ သားဦးစနေ မီးလိုမွှေဆိုတာလည်း မပါ။

တနင်္ဂနွေ တနင်္လာ အင်္ဂါဆိုတာတွေဟာ ပညတ်သင်္ကေတတွေပဲ၊ လူကို ကောင်းအောင်ဆိုးအောင် မလုပ်နိုင်ပါဘူး။ အကုသိုလ်ကံကသာ မကောင်းအောင် လုပ်နိုင်တယ်။

ဒီတော့ အကုသိုလ်ကံဆိုရ် မြွေဆိုး ကင်းဆိုးလို ကြောက်လန့်ပြီး ကုသိုလ်ကံကို ကစ္ဆာသယ ပတ္တမြားကဲ့သို့ သဘောထားကာ အားကိုကြမှ 'ဓမ္မံသရဏံဂစ္ဆာမိ' မှာ မဟုတ်လားကွယ့်။

အခုတော့...
အကုသိုလ်ကံလုပ်မယ်ဆိုရင် အလွန်ပျော်၊ ကုသိုလ်လုပ်ရမယ်ဆိုရင် အလွန်ပျင်း၊ ကြောက်တာက ဓမ္မာ သောက အင်းဝ ရာဇာကိုး။ ဘယ်မှာ ဂစ္ဆာမိမှာလဲကွယ်။ ဥသာစိန်ပန်းကြောင့် မိန်းမဆိုးတွေနဲ့
ညားကြတဲ့ယောကျ်ားတွေဟာလည်း မနည်းကြပါဘူး။"
(ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီး အရှင်ဉာဏ)

"လွဲမှားနေသော ရက်ရာဇာ၊ပြဿဒါး ယုံကြည်မှု"
================================

★ ပြဿဒါးနေ့မှာ ထန်းလျက်စားရင် မချိုဘူးလား မောင်စိန်ရဲ့။
(ချိုုပါတယ်ဘုရား)

ကုသိုလ်လုပ်ရင် ကုသိုလ်မဖြစ်ဘူးလား။
(ဖြစ်ပါတယ်ဘုရား)

ကုသိုလ်ကံသည် အကျိုးပေးခွင့်ရသော်လည်း ပြဿဒါးနေ့မှာ အကျိုးမပေးသေးပဲ ဆိုင်းငံ့နေတယ်လို့
ဘုရားရှင် ဟောပါသလား။
(မဟောပါဘုရား)

ဒီလိုဆိုရင် ကံကောင်းထောက်ပံ့နေသောသူသည် ပြဿဒါးနေ့မှာ အိမ်တိုင်ထူခြင်းကြောင့် မကောင်းကျိုးကိုရအုံးမှာလား။
(မရပါဘုရား)

ကြောက်စရာမဟုတ်၊ အကုသိုလ်ကိုသာ ကြောက်ရမယ်။ ဒီလိုဆိုရင် ပြဿဒါးနေ့က ကြောက်စရာမဟုတ်။ အကုသိုလ်ကိုသာ ကြောက်ရမယ်မဟုတ်လား။
အဲ့ဒါကြောင့် အကုသိုလ်ကိုမကြောက်ပဲ ပြဿဒါးကိုကြောက်လျှင် ဗြဟ္မဏဘာသာ၊
ပြဿဒါးကိုမကြောက် အကုသိုလ်ကိုကြောက်မှ ဗုဒ္ဓဘာသာလို့ မှတ်ကွယ့်။
(မှန်ပါ့ဘုရား)

★ ရက်ရာဇာလည်း ရှိသေးတယ်။ ရက်ရာဇာနေ့မှာ ငရုတ်သီးစားရင် မစပ်ဘူးလား မောင်စိန်။
(စပ်ပါတယ်ဘုရား)

ရက်ရာဇာနေ့မှာလုပ်သော အကုသိုလ်သည်အကျိုးမပေးပဲ နေပါ့မလား။
(မနေပါဘုရား)

ကံမကောင်းသောသူသည် ရက်ရာဇာနေ့မှာ အိမ်တိုင်ထူလည်း ချမ်းသာပါ့မလား။
(မချမ်းသာပါဘုရား)

မောင်စိန်တို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိလဲ။
(၁၀၀ ရှိပါတယ်ဘုရား)

၄င်းအိမ်ခြေ ၁၀၀ မှာ ရက်မရွေးပဲ ဆောက်တဲ့အိမ်ပါရဲ့လား။ ရက်ရွေးပြီးဆောက်တဲ့အိမ်တွေသည် ချမ်းသာတဲ့အိမ်တွေလား။
(မွဲတဲ့အိမ်က များပါတယ်ဘုရား)

ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေးနိုင်သလား။
(မပေးနိုင်ပါဘူးဘုရား)

ရက်မရွေးပဲ မင်္ဂလာဆောင်တဲ့ လင်မယားရှိရဲ့လား။ လင်မယားတိုင်း မကွဲမကွာနဲ့ ချမ်းသာတာချည်းပဲလား။
(မဟုတ်ပါဘုရား)

ဒါဆို ရက်ကောင်းတွေကို အားကိုးရတာ အလကားပေါ့။ ကုသိုလ်ကို အားကိုမှ ဗုဒ္ဓဘာသာကွယ့် မောင်စိန်ရဲ့။
(မှန်လှပါဘုရား မှတ်သားပါပြီဘုရား)

(ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီး အရှင်ဉာဏ)
(မင်းနန်-မော်ကျွန်း၊ ဆရာတော်ကြီးများ၏ သြဝါဒပေါင်းချုပ်မှ)

ဗုဒ္ဓဘာသာဝင်တို့မည်သည် ❀ ရတနာသုံးပါးနှင့်❀ ❀ ကံ ကံ၏အကျိုးကို❀ ယုံကြည်ကြပါသည်။
ဗုဒ္ဓ၊ ဓမ္မ၊ သံဃ တည်းဟူသော ရတနာမြတ်သုံးပါး၏ စစ်မှန်သော ကျေးဇူးဂုဏ်တို့ကို ယုံကြည်ရပါသည်။ ထို့အတူ မိမိပြုလုပ်သော ကာယကံသုံးပါးနှင့် လျော်ညီသောအကျိုးကို ခံစားစံစားရသည်ဟုလည်း ကံကို ယုံကြည်ရပါသည်။ ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်မှသာ သမ္မာဒိဠိဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်၏အစသည် သမ္မာဒိဠိ ဖြစ်ပါ၏။ ကံ ကံ၏အကျိုးကိုယုံကြည်ခြင်းဟူသော မိမိပြုလုပ်သော ကံသုံးပါးကသာလျှင် စီမံဖန်တီးခြင်းဖြစ်သည်ဟု စိတ်ချလက်ချ နားလည်သဘောပေါက်ခြင်း ဖြစ်ပါသည်။

မြတ်စွာဘုရားက ‘အတ္တာ ဟိ အတ္တနော နာထော’ မိမိကိုယ်သာ ကိုးကွယ်ရာ ဟု ဓမ္မပဒတွင်
ဟောကြားထားပါသည်။ မိမိ၏ မွန်မြတ် သန့်စင်သော စေတနာကောင်းဖြင့် ဆောင်ရွက်သော ကာယကံကောင်း ဝစီကံကောင်း မနောကံကောင်းတို့သည်သာ မိမိ၏အားကိုးရာဖြစ်သည်ဟု ဆိုလိုတော်မူရင်း ဖြစ်ပါသည်။

ရှေးမြန်မာဗုဒ္ဓဘာသာဝင် အများစုသည် ပုဏ္ဏားတို့၏ ဗေဒင်မှိုင်းတိုက်ခြင်းကို ခံခဲ့ရပါသည်။ ယင်းဗေဒင်ပညာပါအယူအဆသဘောတရားများသည် မိမိတို့ကိုးကွယ်ရာ မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာများနှင် ဆန့်ကျင့်ကွဲလွဲ ခြားနားနေကြောင်း သိရှိခဲ့ကြဟန်မတူ။ အမှန်စင်စစ် ဗုဒ္ဓဓမ္မနှင့် ဗေဒင်သည် အခြေခံကအစ အစစဆန့်ကျင်ကွဲလွဲပါသည်။

✔ မြတ်စွာဘုရားက ကံဉာဏ် ဝီရိယကောင်းကို အားကိုးဖို့ သွန်သင်၏။
ဗေဒင်ဆရာက ဂြိုလ်နက္ခတ်ကို ကောင်းဖို့လမ်းညွှန်၏။

✔ မြတ်စွာဘုရားက ကံကောင်းစေရန် စေတနာကောင်းထားဖို့၊ ဉာဏ်ကောင်းဖို့၊ ဝီရယကေင်းဖို့လိုကြောင်း မိန့်တော်မူ၏။
ဗေဒင်ဆရာက ကံကောင်းဖို့ အဆောင်လက်ဖွဲ့ ယတြာ ဂြိုလ်နက္ခတို့ကို ပူဇော်ဖို့လိုကြောင်း လမ်းညွှန်၏။

✔ မြတ်စွာဘုရားက လူသား၏ စေတနာ၊ ဉာဏ်၊ ဝီရိယများကိုသာ အဓိကထား၏။ လူကိုသာ ပဓာနထားသော လူကိုဗဟိုပြုသော မြတ်ဗုဒ္ဓ၏ဓမ္မကို ကမ္ဘာတစ်ဝန်းလုံးရှိ အတွေးအခေါ်ပညာရှင် သိပ္ပံပညာရှင်တို့ အနေဖြင့် ငြင်းပယ်စရာအကြောင်းမရှိ။

✔ မြတ်ဗုဒ္ဓ၏ လူကို ပဓာနထားသော ကံ ကံ၏အကျိုးတရားသည် သဘာဝကျ၏။ ယုတ္တိညီညွတ်၏။

ဗေဒင်ဆရာတို့က နက္ခတ်ဂြိုလ်သွားတို့သည် လူသား၏ဘဝကို ဖန်တီးသည်ဟုဆို၏။ ဂြိုလ်စီးဂြိုလ်နင်းညံ့နေလျှင် ထိုသူ၏ဘဝ ကံမကောင်းအကြောင်းမလှမှုများနှင့် ကြုံဆုံရမည်။ ထိုအတွက် ဂြိုလ် နက္ခတ်တို့ကို ပူဇော်ပသပါ၊ ယတြာချေပါဟု ခိုင်းစေတတ်၏။

ဗေဒင်ပညာပါအယူအဆနှင့် မြတ်ဗုဒ္ဓ၏ ကမ္မဝါဒသည် အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်ပမာ ဆန့်ကျင် ခြားနားကြောင်းကို ယနေ့တိုင် စာဖတ်နည်းသော ဗုဒ္ဓဘာသာဝင်အချို့က မသိရှိကြ။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓကိုမူကိုးကွယ်ပြီး ကိစ္စတစ်ခုခုနှင့်ကြုံသော် ဗေဒင်ဆရာထံ ချဉ်းကပ်ခြင်းဖြစ်၏။ မိမိခံယူ ဆောက်တည်ထားသော သရဏဂုံအား ဗေဒင်ယုံကြည်မှုက အဘယ်မျှ
ယိမ်းယိုင်စေကြောင်းကို သတိအထပ်ထပ် ဆင်ခြင်မိခြင်း မရှိကြပေ။

ထေရဝါဒဗုဒ္ဓဓမ္မစစ်စစ်ကို ပီပီပြင်ပြင် မသိမြင်သူတို့သည် ဗေဒင်ဆရာက ဟိုခြစ် ဒီခြစ်တွက်ချက်ပြီး ‘ဂြိုလ်စီး ဂြိုလ်နင်းညံ့နေသည်’ဟု ခြောက်လုံးဖြင့် ဟောလိုက်သော် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ
ဗေဒင်ဆရာခိုင်းစေသော ယတြာများကိုသာ မျက်စိစုံမှိတ် ဆောင်ရွက်ကြတော့၏။ မည်သို့ယတြာချေပါဟုဆိုလျှင် ချေ၏။ မည်သည့်အဆောင်ကို ဆောင်ပါဆိုလျှင် ဆောင်လိုက်ကြ၏။

အမှန်မှာ....
မိမိနေ့စဉ်ပြုလုပ်နေသော
ကာယကံ ဝစီကံ မနောကံ ကံသုံးပါးမှာ
✔ ဘာတွေ မှားနေသလဲ၊
✔ ဘာတွေလွဲညံ့နေသလဲ၊
✔ ဘာတွေ ချို့ယွင်းစေခဲ့သလဲကို စဉ်းငယ်မျှ ပြန်လည်သုံးသပ်ရကောင်းမှန်းမသိ။ ပြန်လည် ဝေဖန်ဆန်းစစ်ခြင်းလည်း မရှိ။ အမှန်တော့ ဘယ်ဂြိုလ်ပဲ စီးနေပါစေ၊ ဘယ်နက္ခတ်ကပဲ မကောင်းနေပါစေ၊ ဘယ်ဂြိုလ် ဘယ်နက္ခတ်ကိုမှ ကြောက်စရာမလိုပါ။ အလေးထားစရာမလိုပါ။

ဗြဟ္မာဏအနွယ်ဝင် ဗေဒင်ပညာရှင်တို့က ဖန်တီးခဲ့သော ဂြိုလ်နက္ခတ်အယူအဆတွေသာ ဖြစ်ပါ၏။ ထိုဂြိုလ်နက္ခတ်နှင့် မိမိနှင့် ဘာမှမပတ်သတ်ပါ။ မိမိနှင့်ပတ်သတ်သည်မှာ မိမိနှင့်ပတ်သတ်သည်မှာ မိမိ၏ ကာယကံမှု ဝစီကံမှု မနောကံမှုတွေသာ ဖြစ်ပါသည်။

ဤလောက၌ ဘဝတစ်လျှောက်လုံး အကောင်းလောကဓံတရားတို့နှင့် ကြုံရသည်လည်းရှိသလို အဆိုးလောကဓံတရားတို့နှင့် ကြုံရသည်တို့လည်း ရှိပါလိမ့်မည်။ ဤသည်မှာ လောက၏ဓမ္မတာပင် ဖြစ်ပါ၏။ ထို့ကြောင့် မကောင်းသောလောကဓံတရားတို့နှင့် ကြုံဆုံရစဉ်အခိုက် ပထမဦးစွာ မိမိစိတ်ကို
ဆောက်တည်ရာရအောင် အားထုတ်ပါ။ စွမ်းနိုင်သမျှ စိတ်ကို တည်ငြိမ်အောင်ထားပါ။ လေ့ကျင့်ပါ။

မိမိ၏နှလုံးသားကို စေတနာကောင်း အမြဲ ထုံမွှမ်းပြီး ကောင်းသောကံသုံးပါးဖြစ်အောင် အားထုတ်ဆောင်ရွက်ပါ။ ကောင်းမှုကုသိုလ်များကို တိုး၍တို်း၍ ပြုလုပ်ပါ။ ရတနာမြတ်သုံးပါးကို တိုး၍တိုး၍ ဆည်းကပ်ဝတ်ပြုပါ။ မေတ္တာပို့ အမျှဝေပါ။

ထိုအခါ သရဏဂုံ မညှိုးနွမ်း မယိမ်းယိုင်ပဲ ယုံကြည်တည်သောကံနှင့် မိမိ၏ကောင်းမှု
ကံများကြောင့် လောကဓံတရားသည် အဆိုးမှအကေင်းသို့ ရှေးရှူပြောင်းလဲ
လာပါလိမ့်မည်။ ဤသည်နှင့်စပ်လျဉ်း၍ ပိုင်းလော့ဆရာတော်ဘုရားကြီး
အရှင်ဇေယျပဏ္ဍိတက မိန့်တော်မူခဲ့ပါသည်။

“တကယ်တော့ ဓါတ်အပြောင်းအလဲက ဘယ်ကစခဲ့တာလဲလို့မေးရင် ကိုယ်ပြုတဲ့ ကံက စခဲ့တာနော်။ ဘုရားဟောကျမ်းဂန်တွေမှာ ကြည့်လိုက်တော့မှ ပုဗဏှသုတ်မှာ ပါပြီးသားဆိုတာ တွေ့ရတယ်။
{သုနက္ခတ္တံ သုမင်္ဂလံ} ဆိုတာ ပါပြီးသားနော်။ ကောင်းသောကာယကံ ဝစီကံ မနောကံ ရှိမှသာ
ကောင်းသောအချိန်ခါဖြစ်တယ်လို့ ဘုရားရှင်ဟောကြားခဲ့ပြီးဖြစ်ပါတယ်။

အဲ့ဒီတော့ ဗေဒင်ဆရာက ဘယ်လောက်ပဲ ဂြိုလ်ညံ့တယ်ပြောပြော မကြောက်ကြနဲ့တော့..။ နားလည်ရဲ့လား..။ ဘာမှကြောက်စရာမလိုဘူး..။ ဒီနေ့ကစပြီး ကိုယ့်စိတ်ကို အပေးနဲ့ယှဉ်ပြီးတော့ ကောင်းသောစိတ်ကို ပြောင်းလိုက်ပါ။ စေတနာကောင်းဖြစ်အောင် ပြောင်းလိုက်ပါ..။ ကောင်းသောကံ ဖြစ်ပြီ။ ကောင်းသောကံ ဖြစ်ပေါ်ရင်တဲ့ ကံကောင်းသူဟာ ပုညလို့ခေါ်တဲ့ ကောင်းမှုကိုဖြစ်တယ်လို့ မှတ်ကြပါ။ ကောင်းမှုများရင် ဘုန်းတန်ခိုးရှိတယ်လို့ခေါ်တယ်။
ဘုန်းတန်ခိုးရှိတဲ့ပုဂိုလ်ဆိုလို့ရှိရင် အချိန်အခါက သူ့ဟာသူ ပြောင်းပေးရတယ်လို့ နားလည်ကြပါ။”

(ပိုင်းလော့ဆရာတော်ဘုရားကြီး အရှင်ဇေယျပဏ္ဍိတ)
(မင်းနန်- မော်ကျွန်း၊ 'ဆရာတော်ကြီးများ၏ သြဝါဒပေါင်းချုပ်စာအုပ်'၊ စာမျက်နှာ ၅၈၀/၅၈၁/၅၈၂ မှ
ကောက်နှုတ်ရေးသားချက် ဖြစ်ပါသည်။)