အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) (အပါယ်ဟူသည် ပါဠိလို အပါရ =အပါယ)((အပ+အယ) အယ=ချမ်းသာသုခမှ၊ အပ=ကင်းတာ)) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံ ဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။
၁) သိဥ္စိုး ငရဲ၊

၂) ကာဠသုတ် ငရဲ၊
၃) သံဃာတာ ငရဲ၊
၄) ရောရုဝ ငရဲ၊
၅) မဟာရောရုဝ ငရဲ၊
၆) တာပန ငရဲ၊
၇) မဟာ တာပန ငရဲ၊
၈) အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊
၁) သိဥ္စိုးငရဲ = ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသောငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲထိန်းများက အလျှံတပြောင်ပြောင် တဝင်းဝင်း တောက်နေသော ငရဲလက်နက်များဖြင့် ထိုး ခုတ် ရိုက်နှက်၍ သေအောင် ပြုလုပ်ကြသည်။ ငရဲခံကြသူများမှာ ထိုသို့ လက်နက်များဖြင့် ထိုးခုတ်ရိုက်နှက်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်ငါးရာ ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာပထဝီမြေထု၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။
၂) ကာဠသုတ်ငရဲ = မည်းနက်သော ကြိုးငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲထိန်းများက လက်နက်မျိုးစုံဖြင့် လိုက်၍ ခုတ်၊ ထစ်၊ ထိုး၊ ရိုက်၊ နှက်ကြသော် ငရဲသားများမှာ ကြောက်အားလန့်အားဖြင့် ပြေးလွှားရကာ အမောဆို့၍ လဲကျသောအခါ လက်သမားဆရာများက သစ်သားများကို မည်းနက်သော သစ်မျှဉ်းကြိုးဖြင့် တိုင်းတာ ကာ လိုသလို ဖြတ်ကြသကဲ့သို့ ငရဲသားများ အမောဆို့ကာ လဲကျသောအခါ ငရဲထိန်းများက မည်းနက်သော ကြိုးဖြင့် လိုသလို ပုံစံမျိုးတိုင်းတာကာ လွှ ငမန်းတို့ဖြင့် ဖြတ်ကြ ပိုင်းကြလုပ်ခြင်းကို ခံကြရသည်။ ထိုသို့ လက်နက်များဖြင့် ပိုင်းဖြတ်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်တစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်သုံးကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။တည်နေရာနှင့် အကျယ်အဝန်းမှာ သိဥ္စိုးငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။
၃) သံဃာတာငရဲ = သံတောင်ကြိတ် ငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲမီးလျှံ တစ်ဟုန်းဟုန်း တောက်လောင်နေသော ကိုးယူဇနာမျှ ကျယ်ဝန်းသည့် ဒယ်အိုးကြီးများထဲသို့ ငရဲသားများထည့်ကာ ငရဲထိန်းများက တောင်လောက်ကြီးမားသော သံကြိတ်တုံးကြီးများနှင့် ဖိ၍ လှိမ့်သတ်ကြသည်။ ငရဲသားများမှာ အလူးအလိမ့်ကို ခံကြရသည်။ ထိုသို့ ဖိ၍ ပိ၍ သေရသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။

ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်နှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်တစ်ဆယ့်လေးကုဋ္ဋေ လေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ ကာဠသုတ်ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။
၄) ရောရုဝ ငရဲ = ငရဲမီးလျှံများ နှိပ်စက်၍ ငရဲသူ ငရဲသားများ အော်ဟစ် ငိုယိုမြည်တမ်းခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲတစ်ခုလုံးရှိ ငရဲမီးလျှံများမှာ ငရဲသားတို့၏ မျက်စိပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက် တို့ကို အတင်းဒရကြမ်း ဝင်ရောက် လောင်မြိုက်ခြင်းကြောင့် ငရဲသားများ ကျယ်လောင်သော အသံဖြင့် အော်ဟစ်ငိုယိုကြသော ငရဲဆင်းရဲကို ခံစားကြရပေသည်။ ထိုသို့ မီးလျှံများကြောင့် လောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်လေးထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် ငါးဆယ့်ခုနှစ်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ သံဃာတာငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။
၅) မဟာရောရုဝ ငရဲ = ငရဲမီးလျှံမှ မီးခိုးများ နှိပ်စက်၍ ငရဲသူ ငရဲသားတို့ အော်ဟစ်ငိုယိုခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ှုငရဲပြည်တစ်ခုလုံး မှိုင်းမှိုင်းရယ်ညိုလို့ ပိတ်ဖုန်းသွားမည့်အလား အောက်မေ့ရလောက်အောင် များပြားလှပေ၏။ မီးခိုးငွေ့များသည် ငရဲသူ ငရဲသားများ၏ ဒွါရ (အပေါက်) များသို့ ဝင်စေလျက် အော်ဟစ်ငိုယိုခြင်း ခံစားရလေသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်ရှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် နှစ်ရာသုံးဆယ့်ကုဋ္ဋေလေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ ရောရုဝငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။
၆) တာပနငရဲ = အပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
အလျှံတစ်ပြောင်ပြောင်တောက်နေသည့် အုန်းပင်လုံးမျှရှိသည့် သံတံကျဉ် (တံစို့) ဟု ဆိုရသောအပေါ်၌ ငရဲသူ ငရဲသားများကို အတင်းအကျပ် ထိုင်ခိုင်း၍ တစ်ကိုယ်လုံး မီးကျီမီးခဲကဲ့သို့ ရဲရဲတောက်အောင် မီးကင်ခြင်းဖြင့် ခံစားကြရပေသည်။ ထိုသို့ အသားများ မီးလောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်တစ်သောင်းခြောက်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးရာနှစ်ဆယ့်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာရောရု ငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။
၇) မဟာ တာပနငရဲ = သာလွန်၍ ပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲမီးများ အလျှံတစ်ပြောင်ပြောင် တောက်လောင်နေသည့် သံတောင်ကြီးအပေါ်မှ ငရဲထိန်းများ၏ အစွမ်းသတ္တိကြောင့် မတက်ချင်သော်လည်း အတင်းတက်ခိုင်း၊ အပူလောင်ခံပြီး ငရဲသူ ငရဲသားများ တက်ကြရပေသည်။ ထိုသို့ဖြင့် အပေါ်ရောက်သည့်အခါ အောက်ခြေသို့ ပြန်တွန်းချခြင်း ခံကြရပေသည်။ ဤသို့ဖြင့်အကြိမ်ကြိမ် မဆုံးနိုင်ပဲ ခံစားကြရခြင်း ဖြစ်ပေသည်။

ဤငရဲ၏ သက်တမ်းမှာ အကုသိုလ်ကံ မကုန်မချင်း အန္တရကပ် တစ်ဝက်အတိဖြစ်၏။ ထိုမျှအထိ ကြာရှည်စွာ ခံကြရပေသည်။

တည်နေရာနှင့် အကျယ်အဝန်းမှာ တာပနငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေးသော မြေထုအရပ်၌တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။

၈) အဝီစိငရဲ = ငရဲသူ၊ ငရဲသား၊ ငရဲမီးလျှံ၊ ဆင်းရဲဒုက္ခ (၃) မျိုးလုံး လစ်လပ်မှုမရှိ (အကြားမရှိ) တရစပ် ခံစားရခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။

ငရဲသူ ငရဲသားများသည် အိုးခွက်ထဲမှ ထန်းစေ့၊ မုံ့ညင်းစေ့၊ စပါးစေ့များကဲ့သို့ တင်းကြမ်းပြည့်ကာ အကြားအကြားခြားခြင်း မရှိသကဲ့သို့ ငရဲသူ ငရဲသားများ၏ ဆင်းရဲဒုက္ခ တစ်ပေါင်းတစ်ခုတည်း နေရာအနှံ့အပြား ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ် မကုန်မချင်း အန္တရကပ် တစ်ကပ်တိတိဖြစ်၏။ အန္တရကပ် တစ်ကပ်ဆိုသည်မှာ ဆုပ်ကပ်နှင့် တက်ကပ်တစ်စုံကို ဆိုလိုပေသည်။ ဆုတ်ကပ်ဆိုသည်မှာ အနှစ်တစ်ရာကြာတိုင်း ကြာတိုင်း တစ်နှစ်ဆုတ်သည့်နည်းဖြင့် ဆယ်နှစ်သက်တမ်းသို့ ဆုတ်ယုတ်ကျရောက်လာခြင်းကာလကို ဆုတ်ကပ်တစ်ကပ် ဖြစ်ပေသည်။ တက်ကပ်ဆိုသည်မှာ ဆယ်နှစ်သက်တမ်းမှစ၍ အသချေင်္ရ တန်းသို့ ပြန်ဆက်လာခြင်းကာလကို တက်ကပ်တစ်ကပ် ဖြစ်ပေသည်။ ၎င်းဆုတ်ကပ် တက်ကပ် နှစ်ကပ်ပေါင်းကို အန္တရကပ် တစ်ကပ်ဟုခေါ်သည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာ တာပန ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။
ငရဲငယ် ၂၅၆ သွယ်
ထိုငရဲကြီး ၈ ထပ်သာမက၊ ငရဲငယ်များလည်း ငရဲကြီး၏ တစ်ဝက်စီ၏ တစ်မျက်နှာလျှင် ငရဲငယ် ရှစ် ဌာနစီ တည်ရှိပေသည်။ ငရဲကြီး တစ်ထပ်၏ ၄ မျက်နှာတွင် ငရဲငယ်ပေါင်း ၃၂ ဌာန ရှိပေသည်။ ငရဲကြီး ၆ထပ် ၌မူ ငရဲငယ်ပေါင်း ၂၅၆ ဘုံတို့ ရှိနေကြပေသည်။ ဤ ငရဲငယ်များသည် ငရဲကြီးတို့၏ မီးညွှန့် အခိုးငွေ့နှင့် ခံစားရာ အဆုံး၌ တည်ရှိနေပေသည်။
ငရဲငယ် (၈) ဌာန ဆိုသည်မှာ
၁။ မီးပူငရဲ
၂။ သံပူငရဲ
၃။ ပြာပူငရဲ
၄။ ရေပူငရဲ
၅။ ကြေးနီအိုးငရဲ
၆။ ဘင်ပုတ်ငရဲ
၇။ လက်ပံတောငရဲ
၈။ ကြိမ်ပိုက်ငရဲ တို့ဖြစ်သည်။
(လောကပညတ္တိကျမ်း၌ မိန်ဆိုထားပါသည်။)
မဟာစည်ဆရာတော်ဘုရာကြီး၏ ၀ိပဿနာရှု့နည်းအကျဉ်းချူပ် တွင်အောက်ပါအတိုင်း ငရဲ၌ ဆင်းရဲဒုက္ခအတိခံစားရပုံကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက်ဖြင့် ဖော်ပြထားပါသည်။
ငရဲဘုံ၌ ဖြစ်ရသောသတ္တဝါတို့၏ ကိုယ်ထည် သုံးဂါဝုတ် ပမာဏရှိ၏။ မြန်မာအတိုင်းအားဖြင့် ၄ တိုင် တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပေါ်၌ ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညဘက် လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဘယ်ဘက် လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။ ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်သွင်းကုန်၏။
ထို့အတူ မှောက်လှက် အိပ်စေ၍လည်ကောင်း၊ စောင်းလျက် အိပ်စေ၍လည်ကောင်း၊ ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံနေရသော ငရဲသားများသည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ အလွန် ကြမ်းတမ်း ရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသောငရဲထိန်းတို့၏ အသံကို ကြားရ၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲသိပ်ခြင်း၊ မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။
ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်ယိုစီး ငိုကြွေး မြည်တမ်းလျက် တောင်းပန်သော်လည်း မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။ မိဖဲ့ ဖမဲ့ ဆွေမျိုးမဲ့၊ ဆွေခင်ပွန်းမဲ့၍ တစ်ကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည်ယောင်ယမ်းလျက် မိနစ်စက္ကန့်မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်တော့ချေ။
ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတစ်ဖက်ခန့်ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက် ထပြန်၍ ရွေခုတ်ရာ ကိုယ်၌စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။
ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ ပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား မြင်းတို့ကဲ့သို့ တပ်၍ မီးကျီခဲတောင့်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲနေလျှင် ရဲရဲတောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ရောက်လျှင် တစ်ဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည် ဆင်းချည် အဖန်ဖန်ပြုစေကုန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော လေဟကုမ္ဘီ ခေါ် သံရည်ပွက်အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ထဲ၌ ရှဲကနဲကျ၍ အမြှုပ်တစ်စီစီ ထလျက် နစ်မြှုပ်သွားရှာလေ၏။
အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်ဝသို့ရောက်၏။ တစ်ဖန် အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့ရောက်လျက် ပေါ်လာ၏။ အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့ကလေးများကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။
ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထံသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲသည်ကား အလျား အနံ အမြင့် ယူဇနာ တစ်ရာရှိလေ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့် တူ၏။ အရှေ့ဘက်နရံမှ မီးလျှံသည် အနောက်ဘက်၌ နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ၊ တောင်နံရံ၊ မြောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင်ပူလောင်၏။
အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊ အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်း ဟစ်အော်မြည်သတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှဤမျှ ပြေးလွှားလူးလိမ့် ဟစ်အော်မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။
နှစ်ပေါင်းများစွာကြာသော် တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏ တံခါးဝဆီသို့ အတင်းပြေးကြ၏။ အချို့မှာလည်း လမ်းခရီးတွင် မောပန်းလူးလိမ့်လျက်ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာ ကြာလျှင် ထိုတံခါးမကြီးသည် ပိတ်သွားလေသည်။
ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘင်ပုပ်ငရဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေသည်။
ထိုဘင်ပုပ်ငရဲထံမှ လွတ်ပြန်လျှင် ပြာပူငရဲ ထံသို့ ကျရောက်သွားပြန်၏။ ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။
ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတောငရဲ သို့ ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆ လက်မရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည် ဆင်းချည် ပြုလုပ်စေ၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ကိုလှည့်၍ နေကုန်၏။ ဆင်းသောအခါ၌ အထက်သို့ လှည့်၍နေကုန်၏။ ကြောက်လန့်တကြား လျင်စွာတက်ရ၊ ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြဲလျက် ရှိလေ၏။
ထိုငရဲမှ လွတ်ပြန်လျှင် သံလျက်တောငရဲ သို့ရောက်ပြန်၏။ ရောက်သည်နှင့် တစ်ပြိုင်နက် သံလျက်နှင့် တူစွာ နှစ်သွားရှိသော အရွယ်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်၌ကျလေကုန်၏။ လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းပို်င်း ပြတ်လေကုန်၏။ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်းတုံးသွားတို့သည် ထွက်ပေါ်လျက် ရှိကုန်၏။ ရှေ့မှ သံတံတို့လည်း ကာရံလျက် ရှိကုန်၏။ ထိုအခါ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
ထိုငရဲမှ လွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။ သင်တုံးသွားနှင့် တူသော နွယ်များ၊ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်တုံးသွား ခင်းလျက်ရှိ၏။ ကမ်းပါးတို့၌လည်း သင်းတုံးသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များရှိ၏။ ငရဲသားတို့သည် ထိုချောင်းကို ဆင်းမိလျှင် မြေပြင်မှ သင်တုံးသွားရှသောကြောင့် လည်းကောင်း ဘိုင်းခနဲ လဲရှာလေ၏။ လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ရှိသော ကြိမ်သမန်းမြက် တို့ဖြင့်လည်းရှ၊ ချောင်းထဲ၌ရှိသော ကြာရွက်တို့ဖြင့်လည်း ရှ၏။ ငရဲသားတို့၏ ကိုယ်ထည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်ခဏ၌ ၀ိပဿနာတရားကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲဟု မေး၏။ "ထမင်းဆာသည်" ဟု ဆိုလျှင် ရဲရဲတောက်သော အတုံးအခဲဖြင့် ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကြီး အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတစ်ယောက်က ပေါက်ချွန်းကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ အခြားငရဲထိန်းကလည်း ထိုနည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်း ပွင့်နေသော အခါ၌ ရဲရဲတောက်သော ထိုသံတုံး သံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေသည်။
ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်း၊ လျှာ၊ အာခေါင်၊ လည်ချောင်း၊ အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွားကုန်၏။ "ရေငတ်သည်" ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားရကုန်၏။ ငရဲသားသည် မသေသေးပြန်လျှင် ထိုငရဲသားကို ငရဲကြီးထံသို့တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။
ဤသို့ဖြင့် ငရဲသားတို့ ငရဲမျိုးစုံကို ခံစားရပုံကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် ဖွင့်ဆိုပြလေသည်ကို မှတ်သားရပါသည်။
မြတ်စွာဗုဒ္ဓဘုရား ပွင့်တော်မူလာသောအခါမှ ဤဆင်းရဲဒုက္ခတို့၏ လွတ်မြောက်ရာလမ်းကို ဂရုဏာ ရှေ့ထားလမ်းပြ ညွှန်ပြတော်မူသဖြင့် များစွာသော လူ, နတ်, ဗြဟ္မာတို့သည် ကျွတ်တမ်း ဝင်ကြရ ပေသည်။ ထိုသို့ ဘုရားပွင့်ခါအချိန်မှာ ကျွတ်တမ်းမဝင် နိုင်ခဲ့ရသော်လည်း ယခုခေတ် အချိန်အခါမှာ လူဖြစ်လာသော စာဖတ်သူတို့လည်း အထူးကံကောင်းလှသည်ကို ဖော်ပြညွှန်းဆိုနေသည့် သက်သေ အထောက်အထားများ အများအပြားရှိနေသည်။
အဘယ်ကြောင့်ဆိုသော် သင်တို့ ကျွန်ုပ်တို့သည်.. ခဲယဉ်းခြင်း လေးမျိုးကိုလည်း ရရှိနေပြီး တရားထူးရနိုင်တဲ့ အခွင့်ထူး လေးရပ်နှင့်လည်း ပြည့်စုံနေပါသည်။
ရရန် ခဲယဉ်းလှသော လူ့ဘဝကို ရရှိနေရ၏။
အသက်ရှည် ကျန်းမာနေသည်။
သူတော်ကောင်းတရားများလည်း နာကြားရသည်။
မြတ်စွာဘုရား သာသနာနှင့်လည်း တွေ့ကြုံရသည်။
သာသနာထွန်းကားရာ အရပ်ဒေသမှာလည်း နေထိုင်ရ၏။
အယူမှန်သော အသိတရားရှိ၏။
အာရုံခံ (၆) ပါးတို့သည်လည်း ကောင်းမွန် ပြည်စုံသူဖြစ်နေခြင်းတို့သည် စာဖတ်သူတို့၏ ကုသိုလ်ကံ ကောင်းမှုအထူးပင် ဖြစ်ပေတော့သည်။
ထို့ကြောင့် ရရှိလာသော ဤလူ့ဘဝကြီးကို အခွင့်ရေးပိုင်ပိုင် ဆုပ်ကိုင်လျက် ကျွတ်တမ်းဝင်ရန်ဘဝမှာ ယခု မိမိတို့ ရရှိထားသော ဘဝပင်ဖြစ်ပါတော့သည်ဟု ကျေးဇူးရှင် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ အပါအဝင် ပညာရှိ သူတော်စင်အများက တိုက်တွန်းထားတာကို မှတ်သားရပါတယ်။
ဝန်ခံချက်။ အောက်ပါဆရာတော်စာအုပ်များမှ ကိုးကားဖော်ပြထားပါသည်။
မဟာစည် ဆရာတော်ဘုရား၏ ၀ိပဿနာကျင့်စဉ်အကျဉ်းချူပ်

သဒ္ဓမ္မရံသီရိပ်သာဆရာတော် ၏ ယခုဘဝ ကောင်းမြတ်လှ

သု (သဒ္ဓမ္မရံသီ) ၏ ချစ်တတ်အောင်သင်

ချမ်းမြေ့ဆရာတော် ၏ ဆင်းရဲငြိမ်းအေး ချမ်းသာရေး