“အဘိဓမ္မာတရား ဟောတော်မူပုံ”
•••••••••••••••••••••••••••••••••••••••
မြတ်စွာဘုရား တာဝတိံသာ ရောက်တဲ့အခါကျတော့
သိကြားမင်းကြီးထိုင်တဲ့ ပင်လယ်ကသစ်ပင်အောက်မှာ
ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာကျောက်နေရာမှာ ထိုင်တော်မူတယ်။

အဲဒီ ကျောက်နေရာကြီးက ကျောက်တော့ကျောက်ပဲ၊
ဒါပေမယ့် ကျောက်ပျော့ကြီး၊ အဲဒီပေါ် ထိုင်လိုက်လို့ရှိရင်
အိသွားတယ်၊ ထူးထူးဆန်းဆန်း ကျောက်ပျော့၊
ဘယ်မှာ ရှိလဲလို့ပြောရင် အဲဒီမှာ ရှိတယ်လို့ ပြောရမယ်၊
ဆိုဖာကြီးလိုပဲ၊ သိကြားမင်းကြီး အဲဒီပေါ် ထိုင်လိုက်လို့ရှိရင်
ချက်လောက်ထိအောင် မြုပ်သွားတယ်တဲ့။

အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ
ကျောက်ဖျာပေါ်မှာ
သီတင်းသုံး ထိုင်နေစဉ် နတ်တွေ ဗြဟ္မာတွေ
ရောက်လာကြတဲ့အခါမှာ
ဘုရားဖြစ်ပြီး ၂၂-ရက်နေ့က နေပြီး ရက်သတ္တပတ်
ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို
ခေါင်းစည်းတစ်ခုထဲအောက်မှာ
ထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊
တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။

“မယ်တော် ကျေးဇူးဆပ်”
••••••••••••••••••••••••••••••••
အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ
သီတင်းသုံး ထိုင်နေပြီး နတ်တွေ ဗြဟ္မာတွေ
ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး
၂၂-ရက်နေ့ကနေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့
အဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲ
အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့။
“ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ”
ဆိုပြီးတော့ ၃-စု၊ မာတိကာ ပေးတယ်။
“ဟေတူ ဓမ္မာ၊ န ဟေတူ ဓမ္မာ” စသည်ဖြင့် ၂-စု
မာတိကာလေးတွေ ခေါင်းစဉ်လေးတွေ ပေးပြီးတော့
မြတ်စွာဘုရားက ဟောသွားလိုက်တာ တစ်ဝါတွင်းလုံး
ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။

အဲဒီလို အဘိဓမ္မာတရား ဟောကြားရာ တာဝတိံသာနတ်ပြည်
တရားနာပရိသတ်ထဲမှာ အလွန် ထူးခြားတဲ့ပုဂ္ဂိုလ် တစ်ဦး ပါလာတယ်။
ဘယ်သူတုန်းဆိုရင် တုသိတာနတ်ပြည်မှာ နတ်မင်းအဖြစ်ဖြင့်
ဖြစ်နေတဲ့ လူ့ဘဝတုန်းက ဘုရားလောင်းရဲ့ မယ်တော် နတ်သားပဲ။

●သန္တုဿိတ နတ်သားဘဝနဲ့ ဘုရားတရားပွဲမှာ
လာရောက်ပြီး ၊လက်ယာဘက်မှာ
ထိုင်ပြီးတော့ နာယူနေတယ်။
အဲဒီ မယ်တော်ကြီးကို ဦးတည်ပြီးတော့ မြတ်စွာဘုရားက
အဘိဓမ္မာတရားကို ဟောတာ။
မယ်တော်ကို ကျေးဇူးဆပ်တယ်လို့ ပြောကြတယ်ပေါ့။

●ကျေးဇူးဆပ်တယ်လို့ ပြောတဲ့အထဲမှာ ဘာတွေ အပို
ထည့်ပြောတုန်းဆိုရင် “အမိကျေးဇူးဟာ ဆပ်မကုန်နိုင်ဘူး၊
အဲဒါ ဘုရားသော်မှ အဘိဓမ္မာတရားဟောတာတောင်
နို့တစ်လုံးဖိုးသာ ကျေသေးတယ်တို့၊ ဘာတို့နော်”
တစ်လုံးက ဘယ်လောက်တန်လို့ တစ်လုံးဖိုးတို့၊
နှစ်လုံးဖိုးတို့ ပြောလို့ရမတုန်း၊ တစ်လုံးဖိုးပဲ ကျေသေးတယ်၊
နောက်တစ်လုံးဖိုး ကျန်နေသေးတယ်လို့
အဓိပ္ပာယ်မျိုး ပြောကြတယ်။

ဒါတွေက စာထဲမပါတဲ့ စကားတွေပါ၊ စာထဲမပါပေမယ့်
တချို့ဟာက ယုတ္တိရှိတယ်၊ အခုဟာက ယုတ္တိမရှိဘူး။
ဘာဖြစ်လို့တုန်းဆို တန်ဖိုးဖြတ်ထားမှသာ ပြောလို့ ရတော့မပေါ့၊
အဘိဓမ္မာတရားဟောရင် တစ်လုံးဖိုးပဲ ကျေသေးတယ်၊
နောက်တစ်လုံးဖိုးကို ကျေဖို့ရန်အတွက်
ထပ်ဟောရမယ့် ပုံစံမျိုး ဖြစ်နေတယ်။
မယ်တော်ကြီးကို ဦးတည်ပြီး တစ်သောင်းသော
စကြာဝဠာက ရောက်ရှိလာတဲ့ နတ်ဗြဟ္မာအပေါင်းရဲ့
အလယ်မှာ ရှင်တော်မြတ်ဘုရားဟာ ဒီ အဘိဓမ္မာ
မြတ်ဒေသနာကို တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာ၊
လူ့ပြည်က အရေအတွက်အားဖြင့် ပြောမယ်ဆိုလို့ရှိရင်
“၃-လတိတိ၊ ရက်ပေါင်း ၉၀”-ကြာတယ်လို့ ပြောရမယ်။
ရက်ပေါင်း ၉၀-ကြာမှ ဟောဒီ အဘိဓမ္မာတရားဟာ
ပြီးဆုံးသွားတယ်။

နတ်တို့ရဲ့အချိန်နဲ့ ပြောမယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ ရှိပါတယ်၊
ဘာဖြစ်လို့တုန်းဆိုတော့ လူ့ပြည်က အနှစ် ၁၀၀-သည်
တာဝတိံသာနတ်ပြည်မှာ ၁-ရက်ပဲ ရှိပါသေးတယ်။
နေ့တာ ညတာ ဟိုက ပိုပြီးတော့ ရှည်တယ်။
လူ့ပြည်က တိုတယ်၊ လူ့ပြည် အနှစ် ၁၀၀-မှ
တာဝတိံသာနတ်ပြည် ၁-ရက်ဆိုတော့
မိနစ်ပိုင်းလောက်ပဲ ကြာတယ်ပေါ့။
၃-လဆိုတာ ဘာမှ မရှိဘူးပေါ့။
တရားပွဲက ဘာမှ မကြာလိုက်ဘူးပေါ့။
ခဏလေး ပြီးသွားတယ်။

မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်ကို ကြွသွားတဲ့
အခါကျတော့ ဘုရားက လူသားဆိုတော့ ခပ်သေးသေးနေမှာပေါ့၊
လူ့အတောင်နဲ့ ပြောရင်တော့ ၁၈-တောင်ပေါ့၊
၁၈-တောင်ဆိုတာ ဘယ်လောက်မှ မရှိဘူးပေါ့။
၁၈-တောင်ကို တချို့က ၁၈-မိုက်လို့ ပြောကြတယ်။
ဘုရား ၁၈-တောင်ဆိုရင် ထိုခေတ်လူတွေကလည်း
အားလုံး ၁၈-တောင် တညီတည်း ဖြစ်ကြရမှာပေါ့၊
လျော့ရင် နည်းနည်းပဲပေါ့၊ နို့မို့ဆိုရင် ဘုရားတစ်ဆူတည်းကသာ
၁၈-တောင်ဖြစ်ပြီးတော့ ကျန်တဲ့လူတွေက ပုပုလေးတွေဆို
ဘယ်လိုလုပ်ပြီးတော့ ဆွမ်းလောင်းတာတို့၊
ဘုရားဖူးသွားတာတို့ ဖြစ်နိုင်ပါ့မတုန်း၊
မဖြစ်နိုင်ဘူး၊ သူ့ခေတ်သူ့လူတွေရဲ့
အရပ်အမောင်း ဒီလိုပဲ တညီတည်း ဖြစ်ရမှာပေါ့။

ဒီတော့ နတ်ပြည်ရောက်သွားတဲ့အခါ နတ်တွေက ကြီးတယ်။
သူတို့ခန္ဓာကိုယ်က အကြီးကြီးတွေ၊ အဲဒီတော့ မြတ်စွာဘုရားက
ပကတိကိုယ်နဲ့ သီတင်းသုံးမယ်ဆိုရင် နတ်တွေကလည်း
သူတို့ လူသားတွေရဲ့ ပုံစံပဲ ဖန်ဆင်းပြီး ထိုင်နေရမှာပဲ။
နတ်က ဖန်ဆင်းလို့ ရတာပဲ၊ လူ့ပြည်လာတဲ့အခါမှာ
အပ်ဖျားလေး ချလောက်တဲ့ နေရာလေးမှာတောင်
နတ်က ၁၀-ယောက်၊ အယောက်၂၀၊
ဒီလို စုထိုင်နေကြတာတဲ့။
နေရာ မရဘူးဆိုရင် အဲဒီလို သူတို့ ထိုင်ရတယ်၊
အပ်ဖျားလေး ထောက်လောက်တဲ့ နေရာလေးဆို သေးသေးလေး၊
အဲဒီလောက် သေးသေးလေးကို နတ်တွေက ၁၀-ယောက်၊
၁၅-ယောက် စုထိုင်နိုင်အောင် သူတို့ ဖန်တီးလို့ ရတယ်။

သို့သော် စာထဲအတိုင်း ပြောမယ်ဆိုရင် မြတ်စွာဘုရားက
ပါလာတဲ့ နှစ်ထပ်သင်္ကန်းကြီးကို ပဏ္ဍုကမ္ဗလာ
မြကျောက်ဖျာကြီးပေါ်မှာ လွှမ်းလိုက်တဲ့အခါ
နှစ်ထပ်သင်္ကန်းကြီး ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးတစ်ခုလုံး
ဖုံးသွားတယ်တဲ့။ကိုယ်တော်မြတ်ကလည်း
ထိုင်လိုက်တဲ့အခါ တင်ပလ္လ္လင်ခွေကြီး တစ်ခုလုံးဟာ
အဲဒီ ကျောက်ဖျာကြီးတစ်ခုလုံး ပြည့်သွားတယ်ဆိုတော့
ဘုရားကိုယ်တော်ကြီးဟာ ပြောင်းသွားတယ်ပေါ့။
ခန္ဓာကိုယ်တော်ကြီးကနေပြီးတော့ နတ်တွေရဲ့
အတိုင်းအတာလို ရုပ်ပွားတော်ကြီး အကြီးကြီး
ဖြစ်သွားတယ်လို့ ဒီလို ပြောရမှာ။

“လူ့ပြည် ကြွလာလေ့ရှိ”
••••••••••••••••••••••••••••
မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ်နေ့စဉ်
ဆွမ်းဘုန်းပေးတဲ့အချိန်ကို လူ့ပြည် ကြွလာလေ့ ရှိတယ်၊
သို့သော်... မြတ်စွာဘုရားက တရားဟောရင်း
နေ့စဉ်နေ့စဉ် ဆွမ်းဘုဉ်းပေးတဲ့အချိန်ကို
လူ့ပြည် ကြွလာလေ့ ရှိတယ်၊
သို့သော် သာဝတ္ထိတို့ ရာဇဂြိုဟ်တို့ဆိုတဲ့ ဒေသကို
မကြွဘဲနဲ့ ဘယ်သူမှ မသိတဲ့ မြောက်ကျွန်းဘက်ကို ကြွတယ်၊
မြောက်ကျွန်း ကြွပြီးတော့ ဆွမ်းခံတယ်၊
ဆွမ်းခံပြီးတဲ့အခါ ဟိမဝန္တာတောင် စန္ဒကူးတောထဲက
စန္ဒကူးပင်အောက် အနောတတ်ရေအိုင်
အနီးအနားမှာ ဆွမ်းဘုဉ်းပေးတယ်။
အဲဒီလို မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါ
ဘယ်သူက ဝတ်ကြီးဝတ်ငယ် ပြုတုန်းဆို
“ရှင်သာရိပုတ္တရာ” တစ်ပါးတည်းပဲ အဲဒီကို
ကြွလာပြီး ဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါမှာ
ဝတ်ကြီးဝတ်ငယ် ပြုတယ်တဲ့။

အဋ္ဌကထာထဲမှာတော့ ဘယ်လို ရေးထားလဲဆိုတော့
လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း စားချိန်ကျရင် စားရမယ်။
နားချိန်ကျရင် နားရမယ်ပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း
ရုပ်သဘာဝအတိုင်းပေါ့၊ ဆွမ်းဘုဉ်းပေးဖို့
အချိန်ကျတဲ့အခါ လူ့ပြည်ကြွ ဘုဉ်းပေးတယ်။
အနားယူရမယ့်အချိန် အနားယူတယ်။
ပြီးတော့မှ တရားဆက်ဟောတယ်။

“နိမ္မိတရုပ်”
•••••••••••••••••
ဘုရားရှင် လူ့ပြည်ကြွတဲ့အခါ “နိမ္မိတရုပ်”ဖန်ဆင်းပြီးတော့
ထားခဲ့တယ်တဲ့၊ အဲဒီ နိမ္မိတ ရုပ်ပွားတော်ကနေ
ဆက်ပြီးတော့ ဟောနေရစ်တယ်လို့ ပြောတယ်။
ဘုရားအစစ်က ဘယ်ကနေ ဘယ်လောက်ထိ
ဟောမယ်ဆိုတာကို သတ်မှတ်ပေးထားတဲ့အတိုင်း
နိမ္မိတရုပ်ကနေ ဆက်ပြီးတော့ ဟောသွားတယ်။
ခုခေတ်လိုဆိုရင် TV ဖွင့်ထားခဲ့တဲ့သဘောပေါ့။

“လူ့ပြည်မှာ ဟောခဲ့”
••••••••••••••••••••••••••••••••
မြတ်စွာဘုရား ဘာဖြစ်လို့ လူ့ပြည်ကြွတာတုန်းဆိုတော့
ရှင်သာရိပုတ္တရာနဲ့ နေ့တိုင်း တွေ့ပြီးတော့ နတ်ပြည်မှာ
ဟောခဲ့တဲ့တရားကို ရှင်သာရိပုတ္တရာကို အကျဉ်းချုပ်
ပြန်ပြန်ပြီး နေ့တိုင်း ဟောခဲ့တာ။
ဘုန်းကြီး တစ်ခုတွေးမိတာကတော့ အဲဒါဟာ
အဓိက ဖြစ်လောက်တယ်။
လူ့ပြည်က လူတွေ တန်ရုံ မြတ်စွာဘုရားက
ရှင်သာရိပုတ္တရာကို ဟောခဲ့တယ်။
ရှင်သာရိပုတ္တရာက အမျိုးကောင်းသား တပည့်ရဟန်း
၅၀၀-ကို ထပ်ဆင့် သင်ပေးတယ်။

အဲဒီရဟန်းတွေဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့
လက်ထက်တော်တုန်းက လင်းနို့တွေ ဖြစ်ခဲ့တယ်။
လင်းနို့ကနေ လူ့ဘဝ ရောက်လာတယ်ပေါ့။
လင်းနို့သား ၅၀၀-ဘဝတုန်းက အဘိဓမ္မာဆောင်
ရဟန်းတွေက သူတို့နေတဲ့ လိုဏ်ဂူထဲမှာ ရွတ်ဖတ်
သရဇ္ဈာယ်ကြတယ်၊ ဒီအခါ လင်းနို့တွေက
အဘိဓမ္မာတရားသံကို နားထောင်ရင်း သူတို့
နားထဲမှာ ကျက်မိနေကြတယ်။
ဒီလို မြတ်စွာဘုရားရှင်ဟာ ၃-လတိတိ ၊
ရက်ပေါင်း ၉၀- နေ့စဉ် လူ့ပြည်ကို ကြွပြီးတော့
ရှင်သာရိပုတ္တရာကို အဘိဓမ္မာတရား အကျဉ်းချုပ်ပြီး
ဟောခဲ့တာ၊ ရှင်သာရိပုတ္တရာဆိုတာက အင်မတန်မှ
ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်
မြတ်စွာဘုရားက အရိပ်အမြွက် အကျဉ်းချုပ်ကို
ဟောပြလိုက်တာနဲ့ အကုန်လုံး ရသွားတယ်။

အခု ဒီကနေ့ လူ့ပြည်မှာ ရောက်နေတဲ့ အဘိဓမ္မာတရားသည်
တာဝတိံသာနတ်ပြည်မှာ ဟောတဲ့ အလွန် ကျယ်ဝန်းလှတဲ့
အဘိဓမ္မာတရား မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို
နေ့စဉ် နေ့စဉ် သင်ပေးခဲ့ပြီး ရှင်သာရိပုတ္တရာက
သူ့ဉာဏ်နဲ့ ဘုရားဟောတဲ့ အဘိဓမ္မာကို အကျဉ်ချုပ်ပြီး
လင်းနို့တစ်ဖြစ်လဲ ရဟန်းတော်တွေကို သင်ပေးခဲ့တဲ့
အဘိဓမ္မာလို့ နားလည်ရပါတယ်။
အဋ္ဌကထာမှာ ဘယ်လို မှတ်တမ်းတင်ထားတုန်းဆို
တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရားက
အဘိဓမ္မာ ၇-ကျမ်းဟောလို့ နိဂုံးချုပ်တဲ့နေ့မှာပဲ
လူ့ပြည်က ရဟန်း ၅၀၀ လည်းပဲ အဘိဓမ္မာ ၇-ကျမ်းဆောင်
ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်တဲ့၊ တစ်ပြိုင်နက်် ပြီးတယ်။
လူ့ပြည်က ရှင်သာရိပုတ္တရာရဲ့ အဘိဓမ္မာသင်တန်း၊
နတ်ပြည်က မြတ်စွာဘုရားရဲ့ အဘိဓမ္မာဒေသနာတော်ဟာ
တစ်ပြိုင်နက် ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် “အဘိဓမ္မေ ၀ါစနာမဂ္ဂေါ နာမ
သာရိပုတ္တ္တထေရပ္ပဘဝေါ- ဒီကနေ့ခေတ်
လူ့ပြည်ရောက်နေတဲ့ အဘိဓမ္မာမြတ်ဒေသနာသည်
ရှင်သာရိပုတ္တရာက စ,တာပါ” လို့မှတ်တမ်းတင်ထားတယ်။
ရှင်သာရိပုတ္တရာ မထေရ်မြတ် စီစဉ်ပို့ချတဲ့ အဘိဓမ္မာဒေသနာ
သင်ရိုးသည် ဒီကနေ့ ထေရဝါဒ မြန်မာနိုင်ငံမှာ
အဘိဓမ္မာ ၇-ကျမ်းအဖြစ် သတ်မှတ်ပြီး စာအုပ်
ရိုက်နှိပ်ထားတာနော်။
ဓမ္မသင်္ဂဏီက တစ်အုပ် ရှိတယ်၊
ဝိဘင်းက တစ်အုပ် ရှိတယ်၊
စာမျက်နှာ ၄၀၀- ပတ်ဝန်းကျင် ရှိတယ်၊
ဓာတုကထာနဲ့ ပုဂ္ဂလပညတ် နှစ်အုပ်တွဲ
စာမျက်နှာ ၂၀၀- ဝန်းကျင် ရှိတယ်၊
ကထာဝတ္ထုကျမ်းက စာမျက်နှာ ၅၀၀-ဝန်းကျင် ရှိတယ်၊
ယမိုက်ကျမ်းကျတော့ ၃-တွဲ၊ ပဋ္ဌာန်းကျမ်းက ၅-တွဲ ရှိတယ်တဲ့။
ဒါတောင် ပဋ္ဌာန်းမှာ အကျဉ်းချုံးပြီးတော့ ရိုက်ထားတာပါ။

ဒီတော့ ဒီကနေ့ သင်္ဂါယနာ ၆-တန် မှတ်တမ်း
တင်ထားတဲ့အတိုင်း အဘိဓမ္မာကိုပဲ ရွတ်ဖတ်မယ်ဆိုရင်
ပဋ္ဌာန်း တစ်ကျမ်းတည်းတောင်မှ
အနည်းဆုံး ၄-ရက်လောက် အသံမစဲ ရွတ်မှ ကုန်တယ်။
ဒီလောက် များပြားတယ်။
တာဝတိံသာနတ်ပြည်မှာ ဘုရားဟောတဲ့ အဘိဓမ္မာတရားဆိုရင်
ဒီထက် ကျယ်ဝန်း များပြားတော့မှာပေါ့။
ဒီကနေ့ လူ့ပြည်မှာ သင်္ဂါယနာတင်ထားတာက
ရှင်သာရိပုတ္တရာ ပို့ချပေးတဲ့ သင်ရိုးအတိုင်း တင်ထားတာမို့
မကျဉ်းမကျယ် ရှိတာပါ။ ဒါကို “အဘိဓမ္မာမြတ်ဒေသနာ”
လို့ ခေါ်ပါတယ်။

- 【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာ မြတ်ဒေသနာ(ပထမတွဲ) နှာ၂၈ မှ-နှာ၃၅ မှ】
Posted by ►
www.facebook.com/youngbuddhistassociation.mm