နေ့စဉ်ကြုံတွေ့နေရတဲ့ “စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊
ဒေါသဖြစ်စရာ” တွေဟာ “ကိုယ့်ရဲ့စိတ်အင်အား နဲ့
စိတ်အခြေအနေ၊ စိတ်ကြည်လင်ရွှင်လန်းမှု” ကို
ဖျက်စီးနေတဲ့အရာတွေထဲမှာ “အကြီးမားဆုံး”ပဲ။

ဒါကြောင့် နေ့တိုင်း နေ့တိုင်း ထပ်တလဲလဲ
ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။
ကိုယ့်ငွေနဲ့ အချိန်တွေ အကျိုးမဲ့ လေလွင့်မှုဖြစ်နေတာ၊
ကုန်သွားတာကို ဘယ်သူမဆို နှမြောတတ်ကြတယ်။
အဲလိုပဲ ကိုယ့်စိတ်အင်အားတွေ စိတ်ကြည်လင်မှု တွေကို
မဖြစ်စလောက်ကိစ္စ အသေးအမွှားလေးတွေနဲ့ နေ့စဉ်
စိတ်တိုရင်း ကုန်သွားတာကို နှမြောတတ်ဖို့ လိုပါတယ်။

အလုပ်ကို အဆင်ပြေပြေ အောင်အောင်မြင်မြင်
လုပ်ချင်တယ်ဆိုရင် အဲဒီလို စိတ်တိုစရာတွေကို
ရှောင်နိုင်သလောက် ရှောင်ရမယ်။
ရှောင်လို့မရတာကိုတော့ သတိလေးနဲ့ စိတ်ကို သိပြီးတော့
ဒေါသကြီးကြီး မပေါက်ကွဲအောင် နေတတ်ရမယ်။
ဒေါသဟာ အမြဲတမ်း ဖြစ်နိုင်တယ်။
ဒေါသဟာ ဒုက္ခလည်း ဖြစ်စေတယ်။
ဒါကြောင့် ဒေါသဟာ
“အမြဲတမ်းရှိနေတဲ့ အန္တရာယ်”လို့ ဆိုနိုင်တယ်။

ဒီလို အမြဲတမ်းရှိနေတဲ့အန္တရာယ်နဲ့ ပတ်သက်ပြီးတော့
“လေ့လာထားဖို့ ၊သိထားဖို့ ၊နားလည်ထားဖို့”လိုတယ်။
ကိုယ့်ကို စိတ်တိုအောင် ဒေါသဖြစ်အောင်
လုပ်နိုင်တဲ့အရာ၊ လုပ်နိုင်တဲ့သူဟာ
ကိုယ့်အတွက် အန္တရာယ် ဖြစ်တယ်။
အဲဒီလို အန္တရာယ်မျိုးကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ
အမြဲတမ်းရှိနေတယ်။ ကိုယ့်ကို စိတ်တိုအောင်၊ စိတ်ဆိုးအောင်၊
မခံချင်အောင်၊ ဆင်းရဲအောင် လုပ်နိုင်တဲ့ကိစ္စတွေဟာ
ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲပဲ ရှိနေတယ်။

ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့ အမြဲလိုလို ရှိနေတတ်တဲ့
အဖော်ပဲ (အဖော်ကောင်းတော့ မဟုတ်ဘူး)။
သူတို့ကို ကိုင်တွယ်တတ်အောင် လေ့လာထားရမယ်။
သူတို့နဲ့ နေတတ်အောင်လည်း လုပ်ထားရမယ်။
လုံးလုံးကြီး ရှောင်လို့ကလည်း ဖြစ်နိုင်တာမှ မဟုတ်ပဲနော်။
တကယ်လို့ ရှောင်နိုင်တယ်ဆိုရင် ရနိုင်သလောက် ရှောင်ပါ။
ဖယ်ရှားနိုင်ရင် ဖယ်ရှားပါ။
ရှောင်လို့မရ၊ ဖယ်ရှားလို့ မရရင်တော့ ဘယ်လို
ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကို
သေသေချာချာလေ့လာထားရမယ်နော်။

နေ့တိုင်း လူတွေနဲ့ တွေ့နေကြတယ်၊
စကားပြောနေကြတယ်။
နေ့တိုင်း အလုပ်လုပ်နေကြတယ်။
“အဆင်မပြေမှုတွေ ၊ အလိုမကျတာတွေ” ကို
နေ့တိုင်း အနဲ နဲ့ အများတွေ့ရလို့ စိတ်တိုမိတယ်၊
ဒေါသဖြစ်မိတယ်။
ဒါတွေကို “သတိနဲ့ ဉာဏ်နဲ့” ကြည့်ပြီးတော့ ၊သိပြီးတော့ ၊
ယူတတ်ရင် ကိုယ့်ကိုယ်ကို “ပိုပြီးသဘောထားကြီးတဲ့သူ၊
သဘောထားပြည့်တဲ့သူ၊ မျှတတဲ့သူ၊ နားလည်တတ်တဲ့သူ၊
သည်းခံတတ်တဲ့သူ” ဖြစ်အောင် လုပ်နိုင်တယ်။
အဲဒါမှ ပိုပြီးအဆင့်မြင့်တဲ့လူတစ်ယောက် ဖြစ်လာမယ်။
အဲဒါဟာ ကျေနပ်စရာ အကောင်းဆုံးပဲ။

-【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm