အိမ်စောင့်နတ်နှင့် ပဋ္ဌာန်းရွတ်ခြင်း”
••••••••••••••••••••••••••••••••••••••
အရှင်ဘုရား . . . .
တပည့်တော်က ပဋ္ဌာန်းတရားတော်ကြီးကို သိပ်ကြည်ညိုတဲ့
အတွက် အိမ်မှာ နေ့စဉ် ရွတ်ဖတ်ပါတယ်ဘုရား။
ဒါပေမယ့် လူကြီးတချို့က “အိမ်မှာ ပဋ္ဌာန်းမရွတ်ကောင်းဘူး၊
ရွတ်ရင် အိမ်စောင့်နတ်မနေနိုင်ဘဲ ထွက်ပြေးတတ်တယ်။
ရွတ်တဲ့လူ ဒုက္ခရောက်တတ်တယ်”လို့ပြောကြပါတယ်ဘုရား။
အိမ်မှာပဋ္ဌာန်းရွတ်သင့်၊မရွတ်သင့်၊ ရွတ်ရင် ဒုက္ခရောက်၊
မရောက် ဖြေကြားပေးတော်မူပါဘုရား။
(မောင်ဇော်မျိုးအောင်၊ စမ်းချောင်းမြို့နယ်။)

(ဖြေ)။
ဒကာဇော်မျိုးအောင်ရဲ့မေးခွန်းကို ဖတ်ရတော့
ဦးပဥ္စင်းနဲ့ ခင်မင်ရင်းနှီးတဲ့ ဒကာတစ်ယောက်ကို
ချက်ချင်းသတိရလိုက်မိပါတယ်။လူငယ်တစ်ယောက်ပါပဲ။

အိမ်မှာပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ်ဆိုလို့
သူက “ရွှေတိဂုံဘုရား” ပေါ်တက်ပြီး ပဋ္ဌာန်းရွတ်တယ်တဲ့။
နေ့တိုင်းလည်း ဘုရား မတက်နိုင်တော့ တစ်ပတ်
တစ်ခါမွေးနေ့လောက်ပဲ တက်ပြီး၊ရွတ်ဖြစ်တယ်တဲ့။
တစ်ပတ်မှာတစ်ရက်ပဲ ဘုရားပေါ်တက်ဖြစ်တော့
တစ်ပတ်မှာ တစ်ကြိမ်ပဲ ပဋ္ဌာန်းရွတ်တဲ့ ကုသိုလ်ရတော့တာပေါ့။
ဘုရားပေါ်မှာမှ မဟုတ်ဘဲ အိမ်မှာလည်း ပဋ္ဌာန်းရွတ်မယ်ဆိုရင်
နေ့စဉ်နဲ့အမျှ ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်တိုးပွားနေမှာ အမှန်ပါပဲ။

အခုတော့ အယူအဆအမှားကို လက်ခံယုံကြည်ပြီး၊
လိုက်နာကျင့်သုံးမိတဲ့ အတွက် ရသင့်ရထိုက်တဲ့
ကုသိုလ်တရားတွေအများကြီး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။

✤တကယ်တော့ ပဋ္ဌာန်းတရားဟာ “နတ်ပရိသတ်တွေ”
အတွက် အဓိကထားပြီး၊မြတ်စွာဘုရားဟောကြားခဲ့တာပါ။
ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာ
နတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို
နတ်တွေက မနှစ်သက်ဘဲ ရှိပါ့မလား။
သူတော်ကောင်းနတ်မှန်ရင် ပဋ္ဌာန်းတရားကို
ဘယ်သူ၊ဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ်နိုးစွာ
လာရောက်နာယူမှာ သေချာပါတယ်။

✤ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ်
ဆိုတာ သဘာဝ မကျပါဘူး။တကယ်ဆို ကိုယ်ရွတ်ပေးလို့
သူနာရပေတယ် ဆိုပြီး၊ ကိုယ့်အိမ်ကတောင်
မခွာနိုင် ဖြစ်နေမှာပါ။ သူနာချင်တဲ့ ပဋ္ဌာန်းရွတ်ပေးတဲ့အတွက်
ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက်တောင်
ကူညီစောင့်ရှောက်ကြဦးမှာပါ။

တကယ်လို့ ... ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့
အိမ်စောင့်နတ်ရှိခဲ့တယ်ဆိုရင်လည်း အဲ့ဒီ
အိမ်စောင့်နတ်ဟာ ဘုန်းကံမရှိတဲ့နတ်၊
သူတော်ကောင်းစိတ်မရှိတဲ့နတ်၊
သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။
အဲဒီလိုနတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း
ကိုယ့်အတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး။
မနေနိုင်လို့ထွက်ပြေးသွားလည်း ဘာမှ လွမ်းနေစရာမလိုပါဘူး။
အဲ့ဒီလိုနတ်မျိုး “အိမ်ပြင်” မှာနေလည်း အလကား၊
“အိမ်တွင်း” မှာနေလည်းအလကားပါပဲ။

✤ပဋ္ဌာန်းတရားအပါအဝင် အဘိဓမ္မာတရားတော်တွေကို
တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား ဟောကြား
တော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ “အင်္ကုရ”
ဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။

“အင်္ကုရနတ်သား”ဟာ တရားပွဲကို အစောဆုံး
ရောက်လာပြီး ရှေ့ဆုံးက နေရာဦးထားတာပါ။
မြတ်စွာဘုရားရဲ့ လက်ဝဲဘက်နေရာမှာ အနားကပ်ပြီး၊
နေရာဦးထားပါတယ်။ ဒါပေမယ့် သူ့ထက်
ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ဗြဟ္မာတွေ ရောက်လာတိုင်း၊
ရောက်လာတိုင်း နောက်ဆုတ် နောက်ဆုတ်ပြီး၊
နေရာဖယ်ပေးရတဲ့အတွက် နောက်ဆုံးတော့
မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာဝေးတဲ့ နေရာကပဲ
တရားနာခွင့် ရပါတော့တယ်။
နတ်ကြီးလာတော့ နတ်ငယ် နေရာဖယ်ပေးရတာပေါ့။

လူ့လောကမှာလည်း ဒီလိုပါပဲ။
ပွဲလမ်းသဘင်တစ်ခု၊ အခမ်းအနားတစ်ခု ကျင်းပပြီဆိုရင်
ဂုဏ်ကြီးတဲ့လူ၊ မျက်နှာကြီးတဲ့လူတွေက ရှေ့ဆုံးက
နေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊ မျက်နှာငယ်တဲ့လူတွေက
နောက်ဆုံးကနေ နေရာယူရပါတယ်။
ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။

အိမ်မှာပဲ ဖြစ်ဖြစ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဋ္ဌာန
တစ်ခုခုမှာ ပုဂ္ဂိုလ်တစ်ယောက်ယောက်က
ပဋ္ဌာန်းတရားရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့
နတ်တွေ၊ ဗြဟ္မာတွေ တရားနာ ကြွရောက်လာကြပါတယ်။
အိမ်စောင့်နတ်အပါအဝင် နဂိုကရှိနှင့်ပြီးသား နတ်တွေက
ဘုန်းတန်ခိုးနည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့
နတ်ဗြဟ္မာတွေအတွက် (အင်္ကုရ နတ်သားလိုပဲ)
နေရာဖယ်နောက်ဆုတ်ပေးရတဲ့ အတွက်
အဝေးရောက်သွားနိုင်ပါတယ်။

“အင်္ကုရနတ်သား”ဟာ အဝေးရောက်သွားပေမယ့်၊
မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ၊ အဝေးကနေ
တရားနာယူသလို အဝေးရောက်သွားတဲ့ အိမ်စောင့်
နတ်ဟာလည်း ပဋ္ဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ၊
ကိုယ့်ကံကိုယ်နားလည်စွာနဲ့ အဝေးတစ်နေရာကနေ
ပဋ္ဌာန်းတရား နာကြားနေမှာပါ။

လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်တန်တဲ့နေရာကို
ကိုယ်ရစမြဲ မဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာ
ကိုယ်ကျေနပ်စွာ နေရမှာပဲလေ။

ပဋ္ဌာန်းတရားနာကြားပြီး ကိုယ့်ထက်ဘုန်းတန်ခိုးကြီးတဲ့
နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ်ပြန်သွားတဲ့အခါ
အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲအတိုင်း ပြန်နေခွင့်
ရသွားပြီပေါ့။ ပဋ္ဌာန်းတန်ခိုးကြောင့်သူ့ရဲ့ ဘုံဗိမာန်
စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက်
ကြီးကျယ်ခမ်းနားလာမှာ သေချာပါတယ်။

ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ
အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း
အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။
ဒုက္ခမပေးတဲ့အပြင် ကောင်းကျိုးချမ်းသာ အဖြာဖြာနဲ့
ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ့်ဦးမယ်။

တကယ်လို့ ကိုယ့်အိမ်ထဲမှာရှိတဲ့ အိမ်တွင်းနတ်တွေ၊
အိမ်ပြင်နတ်တွေက နတ်လို့ နာမည်ခံထားတဲ့
“မကောင်းဆိုးဝါးတွေ၊ အစိမ်းသရဲတွေ၊ ဖုတ် ပြိတ္တာတွေ၊
နတ်မိစ္ဆာတွေ” ဖြစ်နေခဲ့မယ် ဆိုရင်တော့ ပဋ္ဌာန်းတရားကို
နားခါးပြီး ထွက်ပြေးချင်ပြေးပါလိမ့်မယ်။
သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့
ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ့
“တရားမကြိုက် နတ်ငမိုက်” တွေ ကိုယ့်အိမ်မှာ
မရှိတော့တာ ပိုတောင် ကောင်းပါသေးတယ်။
ဝမ်းနည်းစရာမဟုတ်ပါဘူး၊ ဝမ်းသာစရာပါ။

❖ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေဆိုက်ရောက်
ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေ
“ရတနသုတ်” လှည့်လည်ရွတ်ဆိုကြတော့
ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေ တရား
လာနာကြတဲ့အတွက် မကောင်းဆိုးဝါးတွေ၊
နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေနိုင်တော့ဘဲ
အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။
ဝေသာလီပြည်လည်း ကပ်ဘေးကြီးတွေက
လွတ်မြောက်ပြီး ချမ်းသာရာရခဲ့ပါတယ်။

❖ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်ရွတ်၊
ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ နတ်မိစ္ဆာတွေ၊
တန်ခိုးနည်းတဲ့ နတ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မနေနိုင်ဘဲ
ထွက်ပြေးသွားစေချင်တဲ့ “ရည်ရွယ်ချက်ဆိုးမျိုး”မထားနဲ့ပေါ့။
❖အယုတ် ၊အလတ် ၊ အမြတ် မရွေး
ဘယ်သတ္တဝါမဆို တရားနာယူပြီး၊ ကောင်းကျိုး
ရစေချင်တဲ့ ရည်ရွယ်ချက်ကောင်းပဲထားပြီး ရွတ်ပါ။
ကိုယ့်ဘက်ကရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရား
ခေါင်းပါးနေရင်တော့ အဝေးထွက်ပြေးရတဲ့ နတ်တွေက
“နေနှင့်ဦးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့”
ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့
အခါမျိုးတွေမှာ တုံ့ပြန်ကလဲ့စားချေတတ်ပါတယ်။
ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။

❖အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊
တခြားတရားပဲဖြစ်ဖြစ်၊တရားတော် တခုခုရွတ်ဖတ်
ပူဇော်မှုပြုတော့မယ်ဆိုရင် ….
✿ပထမဦးဆုံး မေတ္တာဘာဝနာပွားများ၊
“မေတ္တာသုတ်”ရွတ်ဆိုပြီးမှ ပြုတာအကောင်းဆုံးပါပဲ။

✿မေတ္တာတရားပေးဝေမှုကို သတ္တဝါတိုင်းနှစ်သက်
လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ်
“မေတ္တာသုတ် ကို အရင်ရွတ်ပါ။
မေတ္တာဘာဝနာ အရင်ပွားပါ”
လို့ ဒကာဇော်မျိုးအောင်ကို မေတ္တာနဲ့ အကြံပေးလိုက်ပါတယ်။
ပဋ္ဌာန်းတရားကို အိမ်မှာလည်းရွတ်သင့်ပါတယ်။
ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင်၊ကောင်းကျိုးချမ်းသာ
ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ်လို့ . . .။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက၊
အင်တာဗျူးဂျာနယ်၊နိုဝင်ဘာ၊၁၅၊၂၀၀၀】
အပ္ပမာဒေန သမ္ပာဒေထ။
Posted by►
www.facebook.com/youngbuddhistassociation.mm
[ဆရာတော်အရှင်ဆန္ဒာဓိက၏
“အိမ်စောင့်နတ်နှင့် ပဋ္ဌာန်းရွတ်ခြင်း”မှ -
ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။]