ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ အလှူရေစက်လက်နှင့်မကွာ
လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ််ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။
ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ) ရှိနေသောကြောင့်ဖြစ်ပေသည်။

ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း) အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ” များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။

၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း၊၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ဝဋ္ဋတိ ၊ မာတရမ္ပိ၀ိညာပေတုံ နဝဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေဝ ဝဋ္ဋတိ၊)

၂။ ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။

၃။ လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )

၄။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။

၅။ အလှူခံသော ရဟန်းသည်လည်း ပုရိမဝါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။)

၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။

ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး

၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )
၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုုရာ သွားလျှင် အာပါတ်သင့်၏ )
၃။ လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)
၄။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။
၅။ သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။ လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။

၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။

၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။

၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ဝမ်းမီးနှင့် ပြည့်စုံသည် )။

၄။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။

၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။

ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ
ရွှေအဆင်းကဲ့သိုု့ ၀ါဝင်းသော အသား အရေရှိခြင်း၊
ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊
ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊
ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း၊
ညိုရွှေဖြူနီစသော ခေတ်ပေါ် အဝတ်အထည် အမျိုးမျိူးကို ဆင်မြန်းခွင့် ဝတ်ဆင်ခွင့်ရခြင်း၊
ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့်
အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း
ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း

သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး
( သူဌေးကတော်ပုညလက္ခဏဒေဝီ) ဆောက်လုုပ်လှူဒါန်းအပ်သော
ဇေတဝန် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။

ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အဝတ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓုတင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။

ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။
၀ါကားကျွတ်လေပြီ၊ သိုု့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍ ပဝါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။

ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ဝဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က
“ရဟန်းတို့ အသို့နည်း၊ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက
“ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊ ၀ါကျွတ်၍ ပဝါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။

ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှွ့ံထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍

“ အနုဇာနာမိ ဘိက္ခဝေ ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏ ”

ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။

၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊
မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။
၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ
သီလ၊ မတည်ကြလျှင်၊ ဘဝတွက်တာ လူဖြစ်နာ၏။
၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး
ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။
၄။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်
လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။
၅။ လက်ရှိဘဝ၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။

အရှင်ကိတ္တိဇယ(ညောင်ကန်အေး)