အရှင်ဘုရား

ရဟန္တာ ပုဂ္ဂိုလ်များရဲ့ အရိုးတွေဟာ တစ်ခုနဲ့တစ်ခု 'ကွင်းဆက်' ဆက်နေကြတယ်ဆိုတာ မှန်ပါသလား ဘုရား ။

မောင်ဇော်လင်းအောင်၊ ကျောက်မြောင်း ။

<><><><><><><><><><><><><><><><><><><>

ဒကာလေး တစ်ယောက်က ဦးဇင်းကို လျှောက်ဖူးပါတယ်။
'' ဆရာတော်တစ်ပါး ရဟန္တာလို့ နာမည်ကြီး လာရင် ဆေး ရုံ ပင့်သွားပြီး ဓာတ်မှန်ရိုက်ကြည့်မယ်။ အရိုးကွင်းဆက် ဆိုရင် ရဟန္တာ ၊ အရိုးကွင်းဆက် မဟုတ်ရင် ရဟန္တာ မဟုတ် ဘူးပေါ့၊ ရှင်းနေတာပဲ၊ ဘာမှ အငြင်းပွားစရာ မလို တော့ဘူး''...တဲ့။

ရဟန္တာ မှန်ရင် အရိုးကွင်းဆက် ဆိုတဲ့ ကြားဖူးနားဝ တစ် ဆင့် စကားတွေကို အမှန်လို့ ထင်မြင်ယူဆပြီး လျှောက် ထားလိုက်တာပါပဲ။ ဓာတ်မှန်ရိုက်ကြည့်လို့ အရိုးကွင်း ဆက် မဟုတ်ရင် ရဟန္တာ မဟုတ်ဘူးလို့ သူသတ်မှတ်မှာ သေချာပါတယ်။ တကယ်လို့များ ဓာတ်မှန်ရှင်က ရဟန္တာ ဖြစ်နေခဲ့ရင် ရဟန္တာကို ပြစ်မှားတဲ့ အကုသိုလ် ကံကြီး ထိုက်တော့မှာ မလွဲပါဘူး။

လူသားတွေရဲ့ အရိုး တစ်ခုနဲ့တစ်ခု ဆက်ပုံက ''ကွင်း ဆက် ၊ ချိတ်ဆက်၊ တေ့ဆက် '' လို့ သုံးမျိုး ရှိပါတယ်။ အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက 'ကွင်းဆက် 'ဖြစ် ပြီး အလယ်အလတ် မြင့်မြတ်သူတွေရဲ့ အရိုးက 'ချိတ် ဆက် ' ဖြစ်ပါတယ်။ သာမာန် မြင့်မြတ်သူတွေနဲ့ ရိုးရိုး လူသားတွေရဲ့ အရိုးကတော့ 'တေ့ဆက်' တွေချည်းပါပဲ။

အမြင့်မြတ်ဆုံး လူသားတွေဆိုတာ သစ္စာလေးပါး အမှန် တရားကို ကိုယ်တိုင် လည်းသိ, ကျွတ်ထိုက်သမျှ ဝေနေယျ တွေကိုလည်း သိအောင် ဟောပြော ညွှန်ပြတော်မူနိုင်တဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တွေပါပဲ။

သမ္မာသမ္ဗုဒ္ဓဘုရားရှင် အားလုံးရဲ့အရိုးတော်တွေဟာ တစ်ခု နဲ့တစ်ခု ကွင်းဆက် ဆက်နေကြပါတယ်။ သံကွင်း တစ်ကွင်းနဲ့တစ်ကွင်းကို ဂဟေဆော်ပြီး တွဲဆက်ထား သလို တစ်လုံးတစ်ခဲတည်း, တစ်ဆက် တစ်စပ်တည်း ဆက် နေကြပါတယ်။

အလယ်အလတ် မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာ လေးပါး အမှန်တရားကို ကိုယ်တိုင်သာ သိမြင်ပြီး သတ္တဝါ ဝေနေယျတွေကို သိအောင် ဟောပြတော် မမူနိုင်တဲ့ ပစ္စေကဗုဒ္ဓါ ဘုရားရှင် တွေပါပဲ။
ပစ္စေကဗုဒ္ဓါဘုရားရှင်အားလုံးရဲ့အရိုးတော်တွေဟာတစ်ခုနဲ့တစ်ခု ချိတ်ဆက် ဆက်နေကြပါတယ်။ ချွန်းချိတ်တွေ အချင်းချင်း ငြိကပ်နေသလိုမျိုး အရိုးကွေးကွေး တစ်ခုပေါ် အရိုးကောက်ကောက် တစ်ခုက ချိတ်တွယ်ငြိကပ် ဆက် စပ် နေကြပါတယ်။

သာမာန် မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရား ကို ကိုယ်တိုင် မသိမြင်နိုင်ဘဲ ဘုရား ဟောတဲ့ တရားကို ဘုရား ထံက တိုက်ရိုက် ဖြစ်စေ,သာဝက( ဘုရား တပည့်) ထံက ထပ်ဆင့်ဖြစ်စေ နာယူရမှ သိမြင်နိုင်တဲ့ သောတာပန် ,သကဒါဂါမ် ,အနာဂါမ် ,ရဟန္တာ ,အရိယာ ပုဂ္ဂိုလ်ကြီးတွေပါပဲ။

ရိုးရိုး လူသားတွေ ဆိုတာကတော့ ကံ,ကံရဲ့ အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်ပြီး ရုပ်နာမ် ဖြစ်ပျက်ကို မြင်နိုင် စွမ်းတဲ့ ကလျာဏပုထုဇဉ် ( ပုထုဇဉ် အကောင်း ) ပုဂ္ဂိုလ် တွေနဲ့ ကံ,ကံရဲ့ အကျိုးကို မယုံကြည်ဘဲ ဗေဒင် ,ယတြာ ,ဓာတ်ရိုက်ဓာတ်ဆင် စတဲ့ လောကီမင်္ဂလာတွေကို ယုံ ကြည်တဲ့ ရုပ်နာမ် ဖြစ်ပျက်ကို မမြင်ဘဲ ပုဂ္ဂိုလ် သတ္တဝါ ပညတ်တွေမှာ အစွဲအလမ်းကြီးနေတဲ့ အန္ဓပုထုဇဉ် ( ပုထု ဇဉ် အကန်း) ပုဂ္ဂိုလ် တွေပါပဲ။

ရဟန္တာ ပုဂ္ဂိုလ်ကြီးများ အပါအဝင် သာမာန် မြင့်မြတ်သူ တွေနဲ့ ရိုးရိုး လူသားတွေ အားလုံးရဲ့ အရိုးတွေဟာ တစ်ခု နဲ့တစ်ခု တေ့ဆက် ဆက်နေကြပါတယ်။ အရိုး တစ်ခု ရဲ့ထိပ်နဲ့ တခြား အရိုးတစ်ခုရဲ့ထိပ်, ထိပ်ထိပ်ချင်း ထိစပ် ပြီး တေ့တွဲတွဲ ပူးကပ်ဆက်စပ် နေကြပါတယ်။

အရိုးစု ကမ္မဋ္ဌာန်း ရှုပွားကြတဲ့ တချို့တရားရိပ်သာတွေမှာ ဦးခေါင်းခွံနှင့်တကွ တစ်ကိုယ်လုံးက အရိုးစုတွေကို သံကြိုးလေးတွေနဲ့ တွဲသီပြထားတာ တွေ့နိုင်ပါတယ်။ ဆေးကုခန်းတွေက နံရံတွေမှာ ကပ်ပြထားတတ်တဲ့ အရိုးစု ပိုစတာတွေမှာလည်း လူ့အရိုးတွေ တစ်ခုနဲ့တစ်ခု ဘယ်လိုတွဲဆက်နေကြတယ်ဆိုတာ လေ့လာနိုင်ပါတယ်။

ဦးဇင်းတို့ မြတ်စွာဘုရားရှင်ရဲ့ အရိုးတော်တွေဟာ အဆက် ကြီး တစ်ဆယ့်နှစ်ဆက် နဲ့ လက်ချောင်းတော် အဆစ်နေရာတွေက လွဲရင် တစ်ကိုယ်တော်လုံးက အရိုး ဆက်တွေ အားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက် နေကြပါတယ်။

အဆက်ကြီး တစ်ဆယ့်နှစ်ဆက် ဆိုတာက လက်ဝဲ, လက် ယာ လက်ကောက်ဝတ် နှစ်ခုနဲ့ လက်ဆက်တဲ့ အဆက် နှစ်ခု၊ လက်ကောက်ဝတ် ကနေ တံတောင်ဆစ် အထိ လက် နဲ့ လက်မောင်းဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲ, လက်ယာ) ၊ လက်မောင်း နဲ့ လက်ပြင်ရိုး ( ညှပ်ရိုး) ဆက် တဲ့ အဆက်နှစ်ခု ( ဝဲ,ယာ )၊ ခြေဖမိုးတော်နဲ့ ခြေသလုံး တော် ဆက်တဲ့ အဆက်နှစ်ခု ( ဝဲ,ယာ )၊ ခြေသလုံးရိုးနဲ့ ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ,ယာ )၊ ပေါင်ရိုးနဲ့ တင်ပါး ဆုံရိုး ဆက်တဲ့ အဆက်နှစ်ခု ( ဝဲ,ယာ ) တို့ပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ လည်ပင်းအရိုးတော်တွေဟာ သံကွင်း ဆက်တွေ ဂဟေဆော်ထားသလို တစ်လုံးတစ်ခဲတည်း တွဲဆက် နေတဲ့အတွက် တစ်နေရာရာကို နောက်ပြန်လှည့် ကြည့်တော့မယ်ဆိုရင် လည်ပင်းတော်ချည်းသက်သက် လှည့်ကြည့်လို့ မရပါဘူး။ တစ်ကိုယ်တော်လုံး လှည့်ကြည့် မှ ရပါတယ်။

ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ ပါရမီ ဘုန်းကံ တန်ခိုး ကြောင့် ကိုယ်ကိုယ်တိုင် တမင် နောက်ပြန်လှည့်နေစရာ မလိုပါဘူး။ တစ်နေရာကို နောက်ပြန် လှည့်ကြည့်မယ်လို့ စိတ်တော်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် မဟာပထဝီ မြေ ကြီးက ''အရှင်ဘုရား ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ တွေဟာ ကိုယ် တိုင် နောက်ပြန်လှည့်ရမယ့် ပါရမီမျိုးတွေ မဟုတ်ပါဘူး'' လို့ မပြောသော်လည်း ပြောသကဲ့သို့ဖြစ်ပြီး အိုးထိန်းစက် လို ပတ်ချာလည်သွားလိုက်တာ မြတ်စွာဘုရား ကြည့် တော် မူလိုရာ အရပ်ကို မျက်နှာမူမိပြီဆိုမှ ရပ်သွားပါ တော့ တယ်။ ကြည့်ပြီးပြီးဆိုမှ သွားတော်မူလိုရာ အရပ်ကို မျက်နှာ ပြန်မူမိအောင် မဟာပထဝီမြေကြီးက ပြန်လှည့် ပေးပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ အဲ့ဒီလို ကြည့်ခြင်းမျိုးကို ဆင်ပြောင် ကြီးရဲ့လှည့်ကြည့်ခြင်း ( နာဂါပလောကိတ) လို့ ခေါ်ပါ တယ်။ ဆင်ပြောင်ကြီးတွေ နောက်ပြန် လှည့်ကြည့်မယ် ဆိုရင် လည်ပင်းသက်သက် လှည့်ကြည့်လို့ မရဘဲ တစ်ကိုယ်လုံး လှည့်ပြီးကြည့်မှ ရလို့ပါပဲ။

အရိုးကွင်းဆက် ဆိုတာ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တွေနဲ့သာ သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူး တစ်ခု ဖြစ်သလို အရိုး ချိတ်ဆက်ဆိုတာလည်း ပစ္စေကဗုဒ္ဓါ ဘုရားရှင် တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြား ဝိသေသတစ်ခု ဖြစ်ပါတယ်။

ရဟန္တာ ဆိုတာ ဘုရား, ပစ္စေကဗုဒ္ဓါ တို့နဲ့ နှိုင်းယှဉ်ရင် ပါရမီ ချင်းရော, အသိဉာဏ်ချင်းရော အဆင့်အတန်း အများကြီးနိမ့်တာမို့ ဘုရားနဲ့ ပြိုင်ပြီး အရိုးကွင်းဆက် လို့ မယူဆသင့်သလို ပစ္စေကဗုဒ္ဓါ နဲ့ပြိုင်ပြီးလည်း အရိုး ချိတ်ဆက်လို့ မသတ်မှတ်သင့်ပါဘူး။ သာမာန်လူတွေလို အရိုးတေ့ဆက်လို့ပဲ ပိဋကတ်တော်နဲ့ အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်။

တကယ်တော့ ဘုရားသားတော် ရဟန်းတော်တွေကို ရဟန္တာ ဟုတ်,မဟုတ် စိစစ်ဝေဖန်တဲ့ အလုပ်ဟာ လူဝတ် ကြောင် ဒကာ၊ဒကာမ တွေရဲ့ အလုပ် မဟုတ်ပါဘူး။ သူပြောတဲ့စကား, သူဟောတဲ့တရားက ကိုယ့်ရဲ့ စိတ် ဓာတ် နဲ့ ကိုယ့်ရဲ့ ဘဝကို ကောင်းရာ၊ မြတ်ရာ၊ ငြိမ်းချမ်း ရာဘက် တိုးတက် ပြောင်းလဲစေနိုင်တယ်ဆိုရင် ရဟန်းတာတာ-မတာတာ ယုံကြည်လေးမြတ်စွာ ဆည်း ကပ်ကိုးကွယ်ရုံပါပဲ။ ( ဘုရားဟော ထေရဝါဒ ပိဋကတ်နဲ့ ကိုက်ညီတဲ့ အဆုံးအမတွေ ဖြစ်ဖို့တော့ အထူး အရေး ကြီးပါတယ်။)

ရဟန္တာဆီ တပည့်ခံ အားထုတ်မှ ရဟန္တာ ဖြစ်မှာ မဟုတ် ပါဘူး။ ပုထုဇဉ်ဆီ တပည့်ခံ အားထုတ်ရင်လည်း ဘုရား ဟော ကျင့်စဉ်နဲ့ ကိုက်ညီရင် ရဟန္တာ ဖြစ်နိုင်ပါတယ်။

ရဟန္တာလို့ နာမည်ကြီး ပေမယ့် သူညွှန်ကြားတဲ့ ကျင့်စဉ် တွေက ဘုရားဟော ထေရဝါဒ ကျင့်စဉ်တွေနဲ့ ဆန့်ကျင် နေမယ်ဆိုရင်တော့ ''ဆရာမှားရင် တစ်သံသရာ လုံး မှောက်'' ဆိုတဲ့ စကားအတိုင်း အကြီးအကျယ် ကိုယ်ကျိုး နည်း ကြပါလိမ့်မယ်...။ ။

အသိရှင်း၍ အမြင်လင်းကြပါစေ။ ။
အညွှန်း။ ။ သုတ်မဟာဝါအဋ္ဌကထာ၊ စာ-၁၅၄-၁၅၅။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ )
နို့နှစ်လုံးဖိုးလုံးကျေပါတယ်