အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။ ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။ ဒီနေရာမှာ စဉ်းစားရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီးအပါယ်ကလွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။ ဆိုပါစို့…ဒါနကောင်းမှုလုပ်တယ်၊ သီလစောင့်တည်တယ်၊ ကမဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်။သို့သော် သောတာပန်ဆိုတဲ့ အဆင့်မရောက်ဘူး။ အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလားလို့ပြောရင်လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။ သို့သော် အာမခံချက်တော့ မရှိဘူး။“အပဋ္ဌာန်ပါဋ္ဌိတော်” မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ ဘုရားတစ်ဆူကို “ပန်းပွင့်လေး တစ်ပွင့်” လှူ လိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့နောက် ဆုံးကျတော့ အဲဒီပန်းလှူ တဲ့ ကုသိုလ်ကို အကြောင်းပြု ပြီး “ရဟန္တာ” ဖြစ်ပြီးတော့ ပရိနိဗ္ဗာန် စံသွားတယ်။ ဒါက အာမခံချက် ရှိလားဆိုတော့အာမခံချက် ရှိလို့ပြောတာ မဟုတ်ဘူး။ အပါယ်တံခါးတော့ ပွင့်နေတယ်။ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား။အေး တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။ကုသိုလ်ကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာသာမာန်ကုသိုလ်တွေနဲ့ အပါယ်တံခါး ပိတ်တယ်လို့ ပြောလို့မရဘူး။ အာမခံချက် မရှိဘူး။သို့သော် အပါယ်ကိုကျ မှာလားလို့ မေးရင်ကျ ချင်မှကျမယ်ပေါ့။ ဘယ်သူက ဆွဲတင်တုန်းဆိုရင်“ကုသိုလ်ကံတွေ” က ဆွဲတင်ပေးနေမှာ။ဒါလည်း အင်မတန် အခြေအနေကောင်းနေမှ။အခြေအနေ မကောင်းရင် မရဘူး။ကဲ ခုနက ပန်းလေးတစ်ပွင့် လှူ တာနဲ့(၉၁)ကမ္ဘာ အပါယ်မလားဘူးဆိုတာ ဒီပန်းလေးတစ်ပွင့်ဆိုတဲ့ ကုသိုလ်ကောင်းမှုက နေပြီးတော့ ကယ်သွားတာလားဆိုတော့ဒီလိုတွက်လို့မရဘူး။ ဘယ်လိုယူရမတုန်းဆိုရင် ဘုရားကိုရည်စူးပြီးတော့ “ပန်းလေးတစ်ပွင့်” လှူ တာကို အကြောင်း ပြု ပြီးတော့“ကောင်းတဲ့ဘုံဘဝ” ရောက်သွားတယ်။ကောင်းတဲ့ဘုံဘဝ ရောက်တဲ့ခါ ကုသိုလ်တွေ ဆက်လုပ်တယ်။နောက်ဘဝလည်း “ကုသိုလ်တွေ” ဆက်ဆက်လုပ်တယ်။“ကုသိုလ်တွေ” ဆက်ဆက်လုပ်သွားလို့ အပါယ်မကျတာ။ဒီဘဝမှာ ပန်းလေးတစ်ပွင့် လှူ ထားတယ်။ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။မေ့မေ့လျော့လျော့ နေပြီးတော့ “အကုသိုလ်တွေ”လုပ်မယ်ဆိုရင် ငရဲကျ မှာပဲလေ။ပန်းလေးတစ်ပွင့် လှူ တာနဲ့ ဒီကုသိုလ်ကနေကယ်သွားတယ်ဆိုတာကဒီကုသိုလ်ရဲ့ “စွမ်းရည်သတ္တိ”ကို ဖော်ပြတဲ့အနေနဲ့ ဟောတာနော်။တကယ် အဓိပ္ပါယ်ယူရမှာက ပန်းလေးတစ်ပွင့် လှူ လိုက်လို့ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။လုပ်သည့်အတွက်ကြောင့် ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကို ရောက်ပြီးတော့ နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ “ရဟန္တာ”ဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပဲ။ ဟောဒီလို အဓိပ္ပါယ်မျိုးကို ဆိုလိုတယ်။ဒါကြောင့်မို့ ကုသိုလ်ကံတွေဆိုတာ အားကိုးထိုက်ပါတယ်။အားမကိုးထိုက်ဘူး မဟုတ်ဘူး။သို့သော် အပါယ်တံခါး ပိတ်သလားလို့မေးရင်တော့အပါယ်တံခါး ပိတ်တယ်ဆိုတာ…“နိဗ္ဗာန် တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်”လို့ ဒီလိုမှတ်ရမယ်။ ကဲ ဒါဖြင့် နိဗ္ဗာန် တံခါးကို ဘာနဲ့ ဖွင့်မလဲ။နိဗ္ဗာန်တံခါး ဖွင့်ချင်တယ် ဆိုလိုရှိရင်တော့။ ဝိပဿနာနဲ့ပဲ ဖွင့်လို့ရတယ်။ နိဗ္ဗာန်တံခါးဟာ ဝိပဿနာနဲ့ပဲ သွားရမယ်။“ဝိပဿ နာကျင့်စဉ် မကျင့်ဘဲ” နဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာလောကမှာ မရှိဘူးတဲ့။