ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းသည် မင်းပြု၏။
ဗာရာဏသီပြည်၌ မုဆိုးတစ်ယောက်သည် ဆင်ကိုသတ်၍ အသက်မွေးမြူ၏။
တောတစ်တော၌ ဆင်ပေါင်းများစွာကျက်စား၏။

ဆင်ကို သတ်ရာ၌ အန္တရာယ်ကြီးလှသည်။ ဆင်တစ်ကောင်ကို ရရန်အတွက် အလွန်ပင် ခဲယဉ်း၏။ ချေင်းရ မြောင်းရသည်မှာလည်း သက်စွန့်စံဖျားပင်ဖြစ်၏။

သို့ရာတွင် တစ်နေ့သ၌ ကံအားလျော်စွာ ဆင်အုပ်ကြီးကို တွေ့ရ၏။ ပစ္စေကဗုဒ္ဓများကိုလည်း တွေ့ရ၏။

ဆင်အုပ်ကြီးသည် ပစ္စေကဗုဒ္ဓများကို ပုဆစ်ဒူးတို့ဖြင့် တုပ်ဝပ်ရှိခိုးပြီးမှ မိမိတို့စားကျက်ရှိရာသို့ သွားသည် ကိုလည်းတွေ့ရ၏။

ထိုအခါ ဆင်သတ်မုဆိုးသည် ဆင်များကို အလွယ်တကူသတ်နိုင်သော နည်းပရိယာယ်ကို ရရှိသွားလေ၏။

တစ်နေ့တွင် ပစ္စေကဗုဒ္ဓတစ်ဆူ ဇာတဿရအိုင်သို့ သက်ဆင်းရန် ရေးချိုးစဉ် ကမ်းနား၌ ထားသော သင်္ကန်းကို ခိုးယူလိုက်၏။

ထို့နောက် မုဆိုးသည် သင်္ကန်းကို ဝတ်ရုံ၍ ပစ္စေကဗုဒ္ဓယောင်ဆောင်လိုက်၏။

ဆင်တို့သွားရာလမ်း၌ ပစ္စေကဗုဒ္ဓအနေဖြင့် နေပြီး လှံကို ဝှက်၍ ထား၏။

ဆင်များသည် အယောင်ဆောင် ပစ္စေကဗုဒ္ဓကို တွေ့လျှင် ပစ္စေကဗုဒ္ဓအစစ် ထင်မှတ်ပြီး ပုဆစ်ဒူး တို့ဖြင့် တုပ်ဝပ် ရှိခိုးပြီးမှ စားကျက်သို့ သွားကြ၏။

ထိုအခါ မုဆိုးသည် နောက်ဆုံးဆင်ကို လှံဖြင့် အလွယ်တကူ သတ်နိုင်၏။

ဤနည်းအားဖြင့် ဆင်သတ်မုဆိုးသည် အသက်မွေးရလွယ်ကူတော့၏။

မိမိအသက်အန္တရာယ်လည်း မစိုးရိမ်တော့။

သင်္ကန်းတန်ခိုး

ဘုရားလောင်းသည် ဆင်မျိုး၌ ဖြစ်လာပြီးထိုဆင်အုပ်၏မင်း ဖြစ်လာ၏။
ထိုခါ၌လည်း မုဆိုးသည် ရှေးနည်းအတူ ပစ္စေကဗုဒ္ဓယောင်ဆောင်၍ နောက်ဆုံးဆင်ကို သတ်၏။

ဘုရားလောင်းဆင်မင်းသည် မိမိ၏ ဆင်အုပ် တစ်နေ့ထက်တစ်နေ့ အရေအတွက် နည်းပါးလာသော အခါ မိမိတို့၌ အန္တရာယ်ရှိလာသည်ကို သိ၏။

အယောင်ဆောင် ပစ္စေကဗုဒ္ဓါ အပေါ်၌ သံသယဝင်လာ၏။

တစ်နေ့တွင် ဆင်မင်းသည် မိမိ၏ ဆင်အုပ်ကို ရှေ.ကသွားစေပြီး မိမိမူကား နောက်ဆုံး မလှမ်းမကမ်းမှ သတိကြီး စွာဖြင့် လိုက်၏။

ရှေးရှေးဆင်တို့သည် ပစ္စေကဗုဒါ အယောက်ဆောင် မုဆိုးကို ရှိခိုးပြီးသွားကြ လေသောအခါ မုဆိုးသည် နောက်ဆုံး မှလာသော ဘုရားလောင်းဆင်မင်း ကိုမြင်လျှင် သင်္ကန်းကို ဖယ်၍ လှံကိုလွှတ်လေ၏။

ဘုရားလောင်းဆင်မင်းကာ သတိဖြင့်လာသူဖြစ်၍ လှံကိုရှောင်ပြီး လျှင် မုဆိုးကို သတ်ရန် ပြေးဝင်လာ၏။

မုဆိုးသည် သစ်ပင်ကို ကွယ်၍ ပုန်းလေသည်။ ဘုရားလောင်းဆင်မင်းသည် သစ်ပင်နှင့်တကွ မုဆိုးကို နှာမောင်းဖြင့် ရစ်ပတ်၍ နုတ်ယူကာ မြေ၌ ကိုက်ရိုက်ရန် အားထုတ်သောအခါ မုဆိုးသည် သင်္ကန်းကို ပြ၍ တောင်းပန်၏။

ဘုရားလောင်းဆင်မင်းသည် သင်္ကန်းကို မြင်လျှင် သတိဖြင့် ဒေါသကို ချုပ်ထိန်း၍ သည်းခံလိုက်၏။

ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများကို အရှက်ခွဲရာ ရောက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

ထို့နောက် ဘုရားလောင်းဆင်မင်းက “သင်သည် ယခုလို ဘုရား၊ ပစ္စေကဗုဒ္ဓါယောင်ဆောင်ပြီး ဆင်တို့ကို သတ်ခဲ့သည်မဟုတ်လော” စုမြေးမြန်းသောအခါ၊ မုဆိုးကလည်း မှန်ကြောင်းဝန်ခံ၏။

ထိုအခါ ဘုရားလောင်းဆင်မင်းက

“ မုဆိုး-သင်သည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့နှင့်သာ ထိုက်တန်သော သင်္ကန်းကို ဝတ်ရုံလျက် ဤသို့ ဝန်လေးသော အမှုကို ပြုဘိ၏” ဟု ဆုံးမကာ ချမ်းသာပေးလိုက်၏။

မြတ်စွာဘုရားသည် ရှင်ဒေဝဒတ်၏ အတိတ်ဝတ္တုကိုဆောင်၍ အောက်ပါဂါထာကို ဟော်တော်မူ၏။

-အညစ်အကြေး တည်းဟူသော ကိလေသာလည်း မစင်ကြယ်၊ ဣန္ဒြေကို ချုပ်တည်းခြင်းလည်း မရှိ၊ ဖြောင့်မှန်ခြင်းလည်း မရှိ ၊ ထိုသူမျိုးသည် သင်္ကန်းဝတ်ခြင်းငှာ မထိုက်။

--အညစ်အကြေး တည်းဟူသော ကိလေသာမှ စင်ကြယ်၏။ ဣန္ဒြေကို စောင့်ဆည်း၏။ သီလ သမာဓိ နှင့် ပြည့်စုံ၏။ ဖြောင့်မှန်ခြင်းရှိ။ ထိုသူမျိုးသည် သင်္ကန်းဝတ် ဝတ်ထိုက်၏။

“အသိတခြား အကျင့်တခြား”

ဤလောက၌ လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ အသိနှင့် အကျင့်ကို တစ်သားတည်းဖြစ်အောင်၊ အချင်းချင်း ခွဲ၍မရအောင ဆောင်ရွက်ဖို့လို၏။

အသိကတခြား ၊ အကျင့်ကတခြား ဖြစ်နေသေးလျှင် ရခဲသော လူ့ဘဝကို ရသော်လည်း ထိုလူ့ဘဝကို မှန်ကန်စွာ အသုံးချရာမရောက်၊ ရခဲ့သော ရဟန်းဘဝကိုလည်း ထိုရဟန်းဘဝကို မှန်ကန်စွာ အသုံးချရာ မရောက်၊

အသိ နှင့် အကျင့်ကို တစ်သားတည်း ဖြစ်အောင် ဆောင်ရွက်မှာသာ လူဖြစ်လျှင်လည်း လူဖြစ်ရကျိုး နပ်၏။ ရဟန်းဖြစ်လျှင်း လူဖြစ်ရကျိုး နှင့် ရဟန်းဖြစ်ရကျိုး၊ အကျိုး (၂) မျိုးစလုံး နပ်၏။

“လိုရာခရီး”

အသိကို မျက်စိနှင့် တူသည်ဟူ၍လည်းကောင်း၊ အကျင့်ကို ခြေနှင့်တူသည်ဟူ၍လည်းကောင်း၊ နှိုင်းခိုင်း၍ ဆိုကြပါ၏။

ခြေမပါဘဲ မျက်စိချည်းသာ ရှိနေလျှင်လည်း မိမိလိုရာခရီးကို ရောက်အောင် မသွားနိုင်။ မျက်စီမပါဘဲ ခြေချည်းသာ ရှိနေလျှင်လည်း မိမိလိုရာခရီးကို ရောက်အောင် မသွားနိုင်ရုံသာမက ချောက်ကမ်းပါးထဲ သို့ ကျဖို့က များလေသည်။

လိုရာခရီးဟူသည်မှာ အမြင့်ဆုံးအားဖြင့် သံသရာဝကဋ်ရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ရေက်ရေးပင်ဖြစ်၏။
အနိမ့်ဆုံးအားဖြင့် လောကကို မိမိနှင့် တစ်သားတည်းထား၍ ချစ်တတ်ငဲ့ညှာတတ်၊ မြတ်နိုးတတ်၊ ခွင့်လွှတ်တတ် သော စိတ်ဖြင့် ဆက်ဆံဆောင်ရွက်ရေးပင်ဖြစ်။

“တိရ စ္ဆာန်လိုနေသူ”

လူသည် တရိစ္ဆာန်လိုလည်း နေ၍ရ၏။ ဗြဟ္မာလိုလည်း နေ၍ရ၏။ ဗြဟ္မာယောင်ဆောင်၍ တိရစ္ဆာန်လိုလည်း နေ၍ရ၏။

တိရ စ္ဆာန်လိုနေလျှင် မိမိကိုယ်ကျိုး တစ်ခုတည်းကိုသာ ကြည့်တတ်သဖြင့် အကုသိုလ်ပွား၏။

ဗြဟ္မာလိုနေလျှင် ဗြဟ္မာစိုရ်အမြင်ဖြင့် လောက၏အကျိုးကို သယ်ပိုးတတ်သောကြောင့် ကုသိုလ်ပွား၏။

ဗြဟ္မာယောင်ဆောင်၍ တိရ စ္ဆာန်လိုနေလျှင်ကား ဒေဝဒတ်လောင်း ဆင်သတ်မုဆိုးနှယ် ဝန်လေးသောအမှု ကို ပြုရာရောက်၏။

တိရ စ္ဆာန်လိုနေသူ နှင့် ဗြဟ္မာလိုနေသူ တို့ကား ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဖြောင့်မတ်သူများ ဖြစ်၍ သိသာသဖြင့် ရှောင်ရလွယ်၏။ ပေါင်းရလွယ်၏။

ဗြဟ္မာယောင်ဆောင်၍ တိရ စ္ဆာန်လိုနေသူကာ မဖြောင့်မတ်သူများဖြစ်၍ မသိသာသဖြင့် လောကအတွက် အန္တရာယ်များ၏။

အပြောကတစ်မျိုး၊ အလုပ်ကတစ်မျိုး၊ သို့မဟုတ် အသွင်သဏ္ဍာန်ကတစ်မျိုး၊ အကျင့်စရိုက်က တစ်မျိုး၊ လုပ်တတ်သူများသည် ဗြဟ္မာယောင်ဆောင်၍ တိရိစ္ဆာန်လို နေသူများ စာရင်း၌ ပါဝင်၏။

ဗြဟ္မစိုရ်တရား

ဗြဟ္မစိုရ်တရားကို အခြခံ၍ ကုသိုလ်တရား ပွားများအောင် ကျင့်ကြံနေသူများသာ ကိလေသာ စင်ကြယ်အောင် ကျင့်နိုင်၏။ ဣန္ဒြေကိုစောင့်စည်းနိုင်၏။ သီလ သမာဓိ ပညာ နှင့် ပြည့်စုံအောင် အားထုတ်နိုင်၏။ ဖြောင့်မတ် မှန်ကန်သော သစ္စာတရားနှင့် ပြည့်စုံနိုင်၏။

ထိုပုဂ္ဂိုလ်မျိုးသား လူဖြစ်လျှင်လည်း လူ့အသိ၊ လူ့အကျင့်နှင့် ညီညွတ်ရကား ခဲယဉ်းသော လူအဖြစ်၊ လူ့အသွင် လူ့အမည်ကို ခံယူထိုက်၏။

ရဟန်းဖြစ်လျှင်လည်း ရဟန်းအဖြစ် ရဟန်းအကျင့်နှင့် ညီညွတ်ရကား ပို၍ ခဲ့ယဉ်းသော ရဟန်းအဖြစ်၊ ရဟန်းအသွင် ရဟန်းအမည်ကို ခံယူထိုက်၏။

ထို့ကြောင့် ဗြဟ္မာယောင်ဆောင်၍ တိရစ္ဆာန်လို့ နေတတ်သော အယောင်ဆောင်အသိ နှင့် အယောင်ဆောင်သော အကျင့်မျိုးရှိသူများ မဖြစ်ကြစေရန် မြတ်စွာဘုရားက ဤဂါထာများကို ဟောကြားတော်မူခြင်း ဖြစ်ပါ၏။

သဏန်ဌာန်လုပ်လျှင် သရုပ်နှင့် တူရမည်သာတည်း။

(ဆရာကြီး ဦးရွှေအောင် ရေးသားသည့် “ဓမ္မပဒ-ယမကဝဂ် နှင့် ထေရဝါဒ အုတ်မြစ်” မှ ကောက်နုတ် ပူဇော်ပါသည်။)