လောဘ ကိုအောင်နိုင်လျှင် လောကကို အောင်နိုင်သူဖြစ်၏

ဒါနဟူသည် ပြုလုပ်ရ လွယ်ကူသော်လည်း အသိဉာဏ် ယှဉ်သူများအတွက် ကြီးမားသော အကျိုးအာနိသင်ရှိ၏။

ဒါနသည် နှမြောခြင်း “မစ္ဆရိယ” ကိုကျော်လွန်ပြီး လိုချင်ခြင်း “လောဘ“ ကို ပယ်သတ်နိုင်မှသာ ပေးလှူနိုင်ခြင်းမျိုး ဖြစ်သဖြင့် ပါရမီ (၁၀) ပါးတွင် ပထမဦးဆုံးလာသော ပါရမီ ဖြစ်၏။

အမှန်အားဖြင့် လောဘ ကို အောင်နိုင်လျှင် လောကကို အောင်နိုင်သူဖြစ်၏။

သမုဒယသစ္စာဟူသည် လောဘပင်တည်း။

လောဘ ကိုအောင်ရန်လွယ်ကူသည်မဟုတ်။

ကိုယ်ကျင့်သိက္ခာ ကောင်းသူများသာ အောင်နိုင်ကြ၏။

ဒါနလည်းရှိပြီ ၊ သီလလည်းရှိပြီဆိုလျှင် ထိုပုဂ္ဂိုလ်အတွက် စည်းစိမ်ချမ်းသာဟူသည် ပြေးမလွတ်တော့ ။

ပစ္စုပ္ပန်၌လည်း ဒါနကြောင့် လောဘကင်းသဖြင့် ချမ်းသာ၏။

သီလကြောင့် ဒေါသကင်းသဖြင့်ချမ်းသာ၏။

တမလွန်၌လည်း နတ်ချမ်းသာ လူချမ်းသာကို မလွှဲမသွေရမည်သာဖြစ်၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသည့် “ဓမ္မပဒ-ယမကဝဂ် နှင့် ထေရဝါဒ အုတ်မြစ်” စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)