၁၃၁၃ ခုနှစ်၊ ရှင်သာရိပုတ္တရာ နှင့် ရှင်မဟာမောဂ္ဂလာန် အဂရှင်မြတ်တို့၏ ဓာတ်တော်များ ပင့်ဆောင်သည့် အဖွဲ့နှင့်အတူ မြင်းခြံမြို.သို့ အီလာလျှံ ဘုန်းတော်ကြီး ဦးလောကနာထ ကြွရောက်လာ၍ ကျေးဇူးရှင် စွန်းလွန်းဂူကျောင်းဆရာတော်ဘုရားကြီးထံ စုံစမ်းသည့် အနေဖြင့် ဝင်ရောက်ဖူးမျှော်လေသည်။

ဆရတော်ဘုရားကြီးအား ဖူးမျှော်ရသည့် ခဏ ဦးလောကနာထ တွင် အလွန်ကြည်ညိုစိတ်ဖြစ်ပေါ်လာ သည်နှင့် ထိခြင်း ငါးပါးတို့ဖြင် ရှိခိုး ကန်တော့လေသည်။

ထိုနောက် ဆရာတော်ဘုရားကြီးအား ဘုရားအစစ်-တရားအစစ်-သံဃာအစစ် ကို သိလိုကြောင်း လျှောက်ထားသည်နှင့် ဟောကြားတော်မူသည်မှာ---
-ဘုန်းကြီးတို့ မြတ်စွာဘုရားဟာ မဇ္စျိမဒေက ဖြစ်တယ်။ သိဒ္ဓတ္ထကုမာရ မင်းသားဟာ ဘုရားအဖြစ်ကို လိုချင်လို့ မိဘ-သားမယား-ဆွေမျိုးအားလုံးကို စွန့်ပြီး တောထွက်သွားတယ်။

-အဲဒီလို တောထွက်သွားပြီးနောက် ၊ ဗောဓိပင် နှင့် ရွှေပလ္လင်ပေါ်ကျတော့ နှာသီးဝ ကာယတံခါးကို လေတိုးထိ၊ ထိတော့သိ၊ သိတဲ့အပေါ် သတိထားပြီး ကိုယ့်ကိုယ်ကို သုံးသပ်လိုက်တာ ပဌမ အလင်းရတယ်၊ အလင်းရပြီး ဖြစ်မှုပျက်မှုကို မြင်တယ်၊ နောက်တော့ တံခါးဆုံက တံခါးပွင့်သွားတယ်။

-အဲဒီတံခါးဆုံက ဘယ်မှာရှိသလဲလို့ မေးတယ်ဆိုပါတော့။ ဘုန်းကြီးတို့ကတော့ ဦးခေါင်းထဲမှာ ရှိတယ်လို့ ပြောမှာဘဲ၊

-ဘယ်တံခါး ပွင့်သလဲဆိုရင် မျက်စိ-နား-နှာခေါင်း-ပါးစပ်-ကာယ-မန။

-အဲဒီ တံခါး ခြောက်ပေါက်ပွင့်သွားတယ်။

***အဲဒီ ပွင့်ခြင်းကို “ဗုဒ္ဓ” လို့ခေါ်တယ်။ ဘုရားလို့လဲခေါ်တယ် ပွင့်ခြင်းလို့လဲခေါ်တယ်။

အဲဒီတံခါးပွင့်သွားတော့ သစ္စာလေးပါးကို လေးကြိမ်မြင်ရတယ်၊

***အဲဒီသစ္စာလေးပါးကို တရား လို့ခေါ်တယ်။

*** မဂ်က လေးပါး ၊ ဖိုလ်က လေးပါး အပေါင်းကို သံဃာ လို့ခေါ်တယ်။

အဲဒါ ဘုရားစစ်-တရားစစ်-သံဃာစစ် ဘဲဟု ဟောတော်မူပြီး ဓမ္မစကြာ တရားကို ဆက်လက် ဟောတော်မူသည်။

ဓမ္မစကြာတရားကို နာကြားရပြီးသောအခါ ဦးလောကနာထ သည် အလွန်သဒ္ဓါထက်သည်ဖြစ်၍ ဆရာတော်ဘုရား နှင့် တွေ့ရတာ အမိအဘ အစ်ကို အစ်မများတို့ နှင့် တွေ့ရသလိုပါဘဲ ဘုရား၊ ဆရာတော်ဘုရားနှင့် နောက်တော့ တွေ့ရအုံးမှာလား ဘုရားဟု လျှောက်ထားပြန်ရာာ၊
မတွေ့ရတော့ဘူးဟု အမိန့်ရှိသည်နှင့် ဘာပြုလို့ မတွေ့ရတော့မှာလဲ ဘုရားဟု လျှောက်ထား လေ၏။

ထိုအခါ ဆရာတော်ဘုရားကြီးက ကိုယ်တော်က ဘုရားဆုပန် ဆိုတော့ လူစွမ်းကောင်းကြီးပေါ့ ၊ တပည့်တော်တို့က ကိုယ်တော်တို့လို သတ္တိမကောင်းဘူး။ ဒါကြောင့် မတွေ့ရတော့ဘူးဟု ပြန်လည် အမိန့်ရှိလေသည်။

ထို့နောက် ဦးလောကနာထသည် ဆရာတော်ဘုရားကြီးအား တိဝီဝရိတ်သင်္ကန်းနှင့် လှူဘွယ်ဝတ္တု အမျိုးမျိုးတို့ကို လှူဒါန်း၍ လျှောက်ထားပြန်သည်မှာ တပည့်တော်၏ မိဘများဟာ မိစ္ဆာအယူနှင့် ဘဝတပါး ပြောင်းရွှေ.သွားကြရပါတယ်။ ယခုလှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် သမ္မာအယူ ရနိုင်ကြပါ့မလားဘုရား၊
ထိုအခါ ဆရာတော်ဘုရားက အမျှပေးဝေလို့ သာဓုခေါ်နိုင်ရင် သမ္မာအယူ ဖြစ်နိုင်ပါတယ်လို့ အမိန့်ရှိသည်နှင့် အမျှပေးဝေလေ၏။

၎င်းနောက် အီတာလျှံ ဘုန်းတော်ကြီး ဦးလောကနာထသည် ဆရာတော်ဘုရားကြီးအား ကန်တော့ပြီးလျှင် ပြန်ကြွသွားလေ၏။

အီလာလျှ ဘုန်းတော်ကြီး ဦးလောကနာထ ဟောကြားချက်များမှ ကောက်နုတ်ချက်

မြန်မာပြည်တွင် ရဟန္တာ အပါး ၅၀-ခန့်ရှိသည်ဟု ကြားသိရသဖြင့် ဖူးမျှော်လို၍ လိုက်လံ ရှာဖွေခဲ့ရာတွင် မြင်းခြံမြို.စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး၏ တရားဒေသနာ ဟောကြား ဆုံးမပုံ၊ အမျိုးမျိုးသော လျှောက်ထားချက်များကို ဖြေကြားပုံ၊ အနေအထိုင် အသွားအလာမှစ၍ အလုံးစုံတို့သည် ကြည်ညိုဖွယ်ရာ ဂုဏ်တို့ဖြင့် ပြည့်စုံသည်ဖြစ်၍ အများသမုတ်ကြသည့်အတိုင်း ရဟန္တာ အစစ်ဖြစ်သည်ဟု လှိုက် လှိုက် လှဲလှဲ စိတ်ချယုံကြည်ပါသည်။

ဤကဲ့သို့ မြန်မာပြည်တွင် ရဟန္တာအစစ်ပေါ်ထွန်းသည့် အတွက် ကမ္ဘာတွင် မြန်မာက ဂုဏ်ယူဘွယ် ဖြစ်သဖြင့် ဘုန်းကြီးလဲ မြန်မာပြည်နှင့်တကွ ရောက်လေရာ နိုင်ငံရပ်ခြားတိုင်းပြည်များတွင် ကျေးဇူးရှင် စွန်းလွနးဆရာတော်ဘုရားကြီး၏ ဂုဏ်သတင်းကို ထင်လင်းပျံ.နှံ့အောင် ဟောကြားသွားမည် ဟု မြင်းခြံမြို. ကိုးဆောင်ကျောင်းတိုက်တွင် ဟောကြားသွားလေသည်။

(မြင်းခြံမြို. ကျေးဇူးရှင် စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျယ်၊ တရားတော်များ စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)