“ရှိခိုးခြင်း၏ တည်ရာ၊ မြတ်နိုးခြင်း၏ တည်ရာ၊ ပူဇော်ခြင်း၏ တည်ရာ၊ အရိုအသေပြုခြင်း၏ တည်ရာ”
( သြကာသ အဓိပ္ပါယ် )
+++++++++++++++++++++++++

သြကာသ သြကာသ သြကာသ
ကာယကံ ဝစီကံ မနောကံတည်းဟူသော သုံးပါးသောကံတို့တွင်
တစ်ပါးပါးသော ကံဖြင့် တရံတဆစ် ပြစ်မှားမိသည်ရှိသော်
ထို အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ
( တနည်း သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ )
ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမပ် သုံးကြိမ်မြောက်အောင်
ဘုရားရတနာ ၊ တရားရတနာ၊ သံဃာ ရတနာ တည်းဟူသော ရတနာမြတ်သုံးတို့ကို
အရိုအသေ အလေးအမြတ် လုက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြောက် မာန်လျှော့ ကန်တော့ပါ၏
အရှင်ဘုရား ။
------
ကန်တော့ရသော အကျိုးအားကြောင့်
(တနည်း ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့် )
အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ဗျသနတရား ငါးပါးတို့မှ
အခါခပ်သိမ်း ကင်းလွတ် ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို
လျှင်မြန်စောစွာ ရပါလို၏
အရှင်ဘုရား ။
--------
ဤသို့ ရတနာသုံးပါးကို ကန်တော့ရာ၌ စာပိုဒ်ဝါကျ နှစ်မျိုး ရှိလေသည်။ ပထမရှေ.စာပိုဒ်ဖြင့် ရတနာ သုံးပါးကို ရှိခိုးကန်တော့၍ နောက်စာပိုဒ် ၀ါကျဖြင့် အလိုရှိသော ဆုကို တောင်းခြင်း ဖြစ်သည်။ ထိုစာ ၂ ပိုဒ်တို့တွင် -
ပထမ စာပိုဒ် (ကန်တော့ခန်း) ၌ “ သြကာသ သြကာသ သြကာသ” ဤ သုံးပုဒ်ကား ရတနာ သုံးပါးကို ဦးတည် တိုင်တည်သော စကားဖြစ်သည်။
ဤ စာသုံးပုဒ်ဖြင့် ခွင့်တောင်းသည်ဟူ၍လည်း ဆရာတို့ ဆိုတော်မူကြသည်။

ရွှေဥဒေါင်း တွန်ကျူးသံ
+++++++++++++
ထိုသုံးပုဒ်ဖြင့် ရတနာသုံးပါးကို တိုင်တည်သည်ဆိုသော ဆရာတော်တို့၏ အဆိုအမိန့်အတိုင်း ရှင်းလင်းပြလိုသည်မှာ -
ဗုဒ္ဓဘာသာအနွှယ်ဝင် သူတော်စင်တို့သည် ရတနာသုံးပါးကို ဦးထိပ်ထားကြသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသဖြင့် ထိုထို ဘာသာရေး ယဉ်ကျေးမှု ကိစ္စတို့၌ လောက ဥပမာအားဖြင့် မိုးဦးကျ တခိုဝယ် တောင်အရပ်မှ မိုးချုန်းလိုက်သောအခါ ရွှေဥဒေါင်းတို့သည် တညီတညွတ်တည်း “ကေကာ ကေကာ” ဟူသော အသံကို ဝမ်းမြောက်စွာ တွန်မြည်ကြသကဲ့သို့ --
ဗုဒ္ဓဘာသာအနွှယ်ဝင် သူတော်စင်တို့သည်လည်း ထိုထို ဘာသာရေးကိစ္စအဝဝတို့၌ ပရိသတ်စုံညီလျှင် နိဗ္ဗာန်ဆော် ဓမ္မဃောသက ပုဂ္ဂိုလ်က “ရတနာသုံးပါးအား ကန်တော့ကြပါစို့ ခင်ဗျား” ဟု တရားမိုးချုန်းလိုက် သောအခါ --
ဗုဒ္ဓဘာသာအနွှယ်ဝင် သူတော်စင် ရွှေဥဒေါင်းတို့သည်လည်း “ရတနာသုံးပါးအား ကနေ်တော့ကြပါစို့ ခင်ဗျား” ဟူသော တရားမိုးချုန်းသံကို ကြားကြသည်နှင့် တပြိုင်နက် “ သြကာသ သြကာသ သြကာသ” ဟူသော ကေကာသံကို တညီတညွတ်တည်း တွန်ကျူးကြလေသည်။

ထိုသြကာသ ၃ ပုဒ်တို့တွင် ပထမသြကာသဖြင့် ဘုရားရတနာ ၊ ဒုတိယ သြကာသဖြင့် တရားရတနာ၊ တတိယ သြကာသဖြင့် သံဃာရတနာကို ပါဠိလို တိုင်တည်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ရှေးဆရာကြီးများသည် ဤ “ သြကာသ သြကာသ သြကာသ” ၃ ပုဒ်ကို ရှိခိုးခြင်း၏ တည်ရာ၊ မြတ်နိုးခြင်း၏ တည်ရာ၊ ပူဇော်ခြင်း၏ တည်ရာ၊ အရိုအသေပြုခြင်း၏ တည်ရာ ဖြစ်တော်မူသော အစိန္တေယျ သုံးလောက ထွတ်ထား သဗ္ဗညု မြတ်စွာဘုရားရတနာ၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ္တိဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်တည်းဟူသော တရားရတနာ ၊ မဂ်၌ တည်သော ပုဂ္ဂိုလ်လေးယောက်၊ ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက် ဟုဆိုအပ်သော ရှစ်ယောက်သော ပရမတ္ထ အရိယာ သံဃာတော်မြတ်အပေါင်းတည်းဟူသော သံဃရတနာ” ဟူ၍ အကျယ် ဆိုးရိုးပြု၍ ကန်တော့ကြသည် ကို အကျွနု်ပ်တို့ ကိုယ်တိုင် နားဆတ်ဆတ် ကြည်ညိုစွာ ကြားသိအပ်ပါသည်။

----------------

ထိုသြကာသ ၃ ပုဒ်၏ နောက်၌ ပါရှိသော စာပိုဒ် ၀ါကျဖြင့် ကန်တော့သော သူက မိမိမှာ ဘုရား တရား သံဃာ ရတနာသုံးပါး နှင့် ပတ်သက်၍ မတော်တဆ ပြုမှားမိသော ကာယကံအပြစ် ၊ ပြောမှားမိသော ဝစီကံအဖြစ်၊ ကြံမှားမိသော မနောကံအပြစ်၊ ဤအပြစ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အပြစ်ဘေး အညစ်အကြေး ရှိခဲ့သော် ထိုအပြစ်ဘေး အညစ်အကြေးတို့ ကင်းဝေး စင်ကြယ်စေရန် သီလပေးသော အရှင်မြတ်ကို သက်သေထား၍ ရှိခိုး ဝန်ချ တောင်းပန်ခြင်း ၊ ကန်တော့ခြင်း ဖြစ်လေသည်။
(ဥဒ္ဒိဿရုပ်ပွား ဘုရားစေတီရှေ.၌ ဤကန်တော့ခန်းစာပိုဒ်ကို ရွတ်ဆိုလျှင် ထိုဥဒ္ဒိဿရုပ်ပွား ဘုရားစေတီတော်ကို သက်သေထား၍ ရှိခိုး ဝန်ချတောင်းပန်ခြင်း ၊ ကန်တော့ခြင်း ဖြစ်လေသည်။)
----------------

သုံးကြိမ်တိုင်တိုင် ဆေးကြော စင်ကြယ်ပြီးဖြစ်စေခြင်း
++++++++++++++++++++++++++++++++++=

-ထိုစာပိုဒ်ကို ရွတ်ဆို၍ ရတနာသုံးပါးကို ရှိခိုးဝန်ချ တောင်းပန်ကန်တော့လိုက်သောအခါ အက္ခရာတစ်လုံး တစ်လုံးကို ရွတ်ဆိုစဉ်မှာပင် “လျှပ်တပြက်တွင် ၊ စိတ္တက္ခဏေ၊ အပေါင်းရေ ၊ ကုဋေတစ်သိန်း” ဟူသော အတိုင်း ရွတ်ဆို ဝန်ချ တောင်းပန်ကန်တော့သော ထိုသူ၏ သန္တာန်၌ ပဏာမ မဟာကုသိုလ်ဇောစိတ်အစဉ် ရေအလျဉ်ဖြင့် ထိုသူသည် မိမိ၏ ခန္ဓာအစဉ်ကို သုံးကြိမ်တိုင်တိုင် ဆေးကြောသုတ်သင် စင်ကြယ်စေပြီးသာ ဖြစ်လေတော့သည်။
ထို့ကြောင့် နောက်စာပိုဒ် ၀ါကျ (ကန်တော့ရသော အကျိုးအားကြောင့် စသော နောက်စာပိုဒ် ၀ါကျ) ဖြင့် ဆုတောင်းပတ္ထနာမှု ထိုသူသည် ပြုလုပ်ခြင်း ဖြစ်သည်။

ထိုစာပိုဒ်ကို ဖြန့်လိုက်လျှင် -

(၁) အပါယ်လေးပါးမှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။
(၂) ကပ်သုံးပါးမှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။
(၃) ရပ်ပြစ်ရှစ်ပါးတို့မှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။
(၄) ရန်သူမျိုးငါးပါးတို့မှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။
(၅) ၀ိပ္ပတ္တိတရား လေးပါးတို့မှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။
(၆) ဗျသနတရားငါးပါးတို့မှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။
(၇) ဤခြောက်မျိုးသော အနိဋ္ဌဘေးဒဏ် ရန်မာရ်တိုမှ ကင်းလွတ်ငြိမ်းကြပြီးလျှင် မဂ်တရားလေးပါး၊ ဖိုလ်တရား လေးပါး၊ နိဗ္ဗာန်တရား တည်းဟူသော လောကုတ္တရာတရား ကိုးပါးတို့ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

ဤကဲ့သို့ စာပိုဒ်ဝါကျ အကျယ် ခုနစ်ပိုဒ် ထွက်ရှိလာလေသည်။ ထို (၇)ပိုဒ်တို့တွင် -

အပါယ် (၄) ပါးမှာ --
+++++++++++
(၁) ငရဲဘုံ၊
(၂) တိရစ္တာန်ဘုံ ၊
(၃) ပြိတ္တာဘုံ ၊
(၄) အသူရကာယ်ဘုံ
တည်းဟူသော အပါယ်လေးဘုံသို့ နိဗ္ဗာန်မရမီအကြား မကျရောက်သည့်ကိုယ်ဖြစ်ရပါလို၏ ဆုတောင်းခြင်း ဖြစ်သည်။)

ကပ် (၃) ပါးမှာ--
+++++++++
(၁) ဒေါသအကုသိုလ် အလွန်ကြီးကြသဖြင့် တုတ် ဓား လက်နက်တို့ဖြင့် ရိုက်နှက် ပုတ်ခတ် ပစ်ခတ်ကြ၍ သတ္တဝါတို့ သေကြ ပျက်စီးကြခြင်းကို သတ္တန္တရကပ်ဟူ၍ခေါ်သည်။
(၂) မောဟ အကုသိုလ် အလွန်ကြီးကြသဖြင့် ကပ်ရောများများ နှိပ်စက်၍ သတ္တဝါတို့ သေကြေပျက်စီးကြခြင်းကို ရောဂန္တရကပ် ဟူ၍ခေါ်သည်။
(၃) လောဘ အကုသိလ် အလွန်ကြီးကြသဖြင့် ငတ်မွတ်မှု ခေါင်းပါး၍ သတ္တဝါတို့ သေကြေပျက်စီးကြခြင်းကို ဒုဗ္ဘိက္ခ န္တရ ကပ်ဟူ၍ခေါ်သည်။

ရပ်ပြစ် (၈) ပါးမှာ
++++++++++
(၁) ငရဲဘုံ၊
(၂) တိရစ္တာန်ဘုံ ၊
(၃) ပြိတ္တာဘုံ ၊
ဟူ၍ ရပ်ပြစ် (၃) ပါး မှတ်သားရာ၏။ ထိုဘုံတို့၌ ဖြစ်သောသူတို့မှာ ထိုဘဝ မဂ်ဖိုလ်နိဗ္ဗနာန် ကို မရနိုင်ကြပြီ။ ိ ထို့ကြောင့် ထိုဘုံသုံးမျိုးကို အပြစ်သင့်နေသော အရပ်သုံးပါး - အရပ်ပြစ်သုံးပါးဟူ၍ ခေါ်ဆိုသည်။
(ဤ၌ အသူရကာယ်ဘုံဘယ်မှာ ပျောက်နေသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား-အသူရကာယ်ဘုံကို ပြိတ္တာဘုံ၌ သွင်း၍ထားသည်။ (၀ါ) ပြိတ္တာဘုံဟူသော စကား၌ အသူရကာယ်ဘုံကိုပါ ငုံ၍ထားသည်။ အကြောင်းကား ပြိတ္တာဘုံသား သတ္တဝါများနှင့် အသူရကာယ်ဘုံသား သတ္တဝါတို့ ကူးလူးဆက်ဆံမှု ရှိကြသော ကြောင့်ဖြစ်သည်ဟု ဖြေဆိုရာ၏။)

(၄) အသညသတ် ဗြဟ္မာ့ဘုံ

(ထိုဘုံသည်လည်း ရပ်ပြစ်တစ်ပါးဖြစ်သည်။ မှန်၏။ ထို အသညသတ် ဗြဟ္မာ့ဘုံ ၌ ဖြစ်ကြသော သတ္တဝါတို့မှာ ဘုရားဖူးရန် မျက်စိ၊ တရားနာရန် နား(ပသာဒရုပ်) များ လုံးဝမရှိကြသဖြင့် ဘုရားကို ဖူးသောစိတ်၊ တရားကို နာသောစိတ် လုံးဝ မဖြစ်နိုင်။--- နမ်တရားမရှိသော ဘုံဖြစ်၍ အခြားစိတ်များလည်း မဖြစ်နိုင်ကြ-- ထိုသို့ တရားနာသောစိတ် လုံးဝမဖြစ်နိုင်သဖြင့် ပရတော ဃောသ - သူတပါးထံမှ တရားသံကို ကြားနာရခြင်းတည်း ဟူသော မဂ်ဖိုလ်ရကြောင်း ချို.တဲ့နေသောကြောင့် ထိုအသညသတ်ဘုံ၌ ဖြစ်ကြသော ဗြဟ္မာကြီးတို့မှာ ထိုဘဝ၌ ဘယ်နည်းနှင့်မျှ မဂ်ဖိုလ်ကို မရနိုင်ကြပြီ။ ထို့ကြောင့် ထို အသညသတ် ဗြဟ္မာ့ဘုံကိုလည်း အရပ်ပြစ်--မဂ်ဖိုလ်၏ အန္တရာယ်အပြစ်သင့်နေသောအရပ်ဟူ၍ ခေါ်ဆိုသည်။

(၅) လူ့ဘုံ၌ပင်သော်လည်း သာသနာ မထွန်းကားသော ပစ္စန္တရစ် အရပ်ကိုလည်းကောင်း၊

(၆) သာသနာထွန်းကားသောအရပ်၌ လူဖြစ်ရစေကာမူ မိမိက မိစ္ဆာဒိဋ္ဌိ အယူဖောက်ပြန် မှားယွင်းနေခြင်း

(၇) သာသနာထွန်းကားသော အရပ်၌ လူဖြစ်ရစေကာမူ မျက်စိ နား နှာ အင်္ဂါချို.တဲ့ နေခြင်း

(၈) လူ့ဘုံ့၌ပင် လူဖြစ်ရသော်လည်း သာသနာပြင်ပ အခါနှင့် ကြုံတွေ့နေရခြင်း
ဤလေးပါးတို့ကိုလည်း ရပ်ဖြစ်လေးပါး ဟူ၍ ခေါ်ဆိုရသည်။ မှန်၏ ထို ၄ ချက်နှင့် တိုက်ဆုံနေရသော လူသည် ထိုဘဝ ဘယ်နည်းနှင့်မျှ မဂ်ဖိုလ်ကို မရနိုင်ပြီ။ ထို့ကြောင့် ထိုလေးချက်ကိုလည်း အရပ်ပြစ်လေးပါးဟူ၍ ခေါ်ဆို ထိုက်ပေသည်။

ရှေ.လေးပါး နှင့် ပေါင်းသော် ရပ်ပြစ်ရှစ်ပါးဖြစ်၏။

ရန်သူမျိုးငါးပါး
+++++++++
(၁) ဖောက်ပြန်သောရေ ၊
(၂) ဖောက်ပြန်သောမီး
(၃) ဖောက်ပြန်သောမင်း
(၄) ဖောက်ပြန်သောအမွေခံ
(၅) သူခိုးဒမြ
ဤငါးမျိုးတို့သည် မိမိကို အန္တရာယ်ပြုတတ်သောကြောင့် ရန်သူတို့ မည်ကုန်၏။

၀ိပ္ပတ္တိတရား လေးပါး
++++++++++++

(၁) ကာလဝိပ္ပတ္တိ
ဒုတိယကမ္ဘာစစ် ဖြစ်ချိန်ကလို ကုသိုလ်ကောင်းမှုပြု၍ မဖြစ်နိုင်အောင် အခါကာပျက်စီးနေခြင်းကို ခေါ်သည်။
(၂) ဥပဓိ၀ိပ္ပတ္တိ။
မျက်စိ နား နှာ အင်္ဂါ ခြေလက် ချို.တဲ့ပျက်စီးနေဖြင်းကို ခေါ်သည
(၃) ပယောဂ ၀ိပ္ပတ္တိ
ကောင်းကျိုးရမည်မဟုတ်သော ဆိုးပြစ်ရမည့်အလုပ်ကို ပြုလုပ် အားထုတ် မိခြင်းကို ခေါ်သည်။
(၄) ဂတိ ၀ိပ္ပတ္တိ
အလောင်းတော်ကြီးများ မှတပါး အခြားသတ္တဝါများ ပါရမီကောင်းမှု ကုသိုလ်ဖြစ်နိုင်ရန် အခွင့်မရှိပဲ အမြဲ ဆင်းရဲနေရသည့် ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အပါယ်လေးဘုံကို ခေါ်၏။

သမ္ပတ္တိလေးပါး
+++++++++
(၁) ကာလ သမ္ပတ္တိ
(၂) ဥပဓိ သမ္ပတ္တိ
(၃) ပယောဂ သမ္ပတ္တိ
(၄) ဂတိ သမ္ပတ္တိ
သမ္ပတ္တိ လေးပါးကိုလည်း အမည်းမှ အဖြူကို ပြန်၍ သိရသကဲ့သို့ အထက် ၀ိပ္ပတ္တိ လေးပါးတို့မှ ပြန်၍ သိရသည်။

သတ္တာဝါတိုင်းမှာ --

(၁) မကောင်းကျိုးပေးနိုင်သည့် အပရာပရိယ အကုသိုလ်ကံတွေ
(၂) ကောင်းကျိုးကိုပေးနိုင်သည့် အပရာပရိယ ကုသိုလ်ကံတွေ
အပြည့်ရှိနေကြ၏။
(၁) ၀ိပ္ပတ္တိ လေးပါးတွင် တစ်ပါးပါးနှင့် တိုက်ဆုံလျှင် အပရာပရိယ အကုသိုလ်ကံတို့က မကောင်းကျိုးကို ပေးကြကုန်တော့၏။
(၂) သမ္ပတ္တိလေးပါးတွင် တစ်ပါးပါးနှင့် တိုက်ဆုံလျှင် အပရာပရိယ ကုသိုလ်ကံတို့က အကျိုးကို ပေးကြတော့၏။
ထို့ကြောင့် ၀ိပ္ပတ္တိမှ ကင်းလွန်၍ သမ္ပတ္တိနှင့် တိုက်ဆုံဖို့ ဆုတောင်းသော စာပိုဒ်ဖြစ်သည်။

ဗျသနတရား ငါးပါး
+++++++++++
(၁) ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း (ဆွေမျိုးများ ပျက်၍ တစ်ကောင်ကြွက်ဖြစ်နေခြင်း)
(၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာ ကုန်းကောက်စရာမျှ မရှိအောင် ပျက်စီးခြင်း၊
(၃) ရောဂဗျသန = အနာရောဂါ ကပ်ရောက်နှိပ်စက်ခံနေရခြင်း၊
(၄) သီလဗျသန = ကိုယ်ကျင့်သီလ ပျက်စီးနေခြင်း
(၅) ဒိဋ္ဌိဗျသန = အယူဖောက်ပြား မှားယွင်း ပျက်စီးနေခြင်း
ဤငါးပါးတို့ကိုခေါ်ဆိုသည်။

( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်တောင်၊ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ သီလပေးအကျယ်၊ ဗုဒ္ဓနေ့အကြောင်း နှင့် ဟောပြောချက်ဒေသနာများ ၊ စတု္ထအကြိမ်၊ စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)