••••••••••••••••••••••••••••••••••••••••••
ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ်
ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဟောတယ်။
ပစလာယနသုတ် လို့ခေါ်တယ်။ ပစလာယန ဆိုတာ
အိပ်ငိုက်ခြင်း ဆိုတဲ့အဓိပ္ပါယ်။
ခေါင်းတဆက်ဆက်နဲ့ ငိုက်တယ်။
ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ်
ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကိုစွန့်။တခြားနည်းပြောင်း
အားထုတ်ရတယ် ဒီလိုပြောတယ်။ အိပ်ငိုက်တဲ့
အမှတ်သညာမျိုးကို ဖယ်ရှားပစ်ရမယ်တဲ့။
❖နံပါတ် (၁) က တရားကို နှလုံးသွင်းလို့
အိပ်ငိုက်တယ် ဆိုလို့ ရှိရင် အဲဒီ အိပ်ငိုက်စေတက်တဲ့
အမှတ်သညာတရားမျိုးကို ရပ်ထားလိုက်ပါတဲ့။
အာရုံတစ်မျိုးပြောင်းပြီး ရှုပါတဲ့။

❖နံပါတ်(၂)။အဲဒီလိုရှုလို့မှ အိပ်ငိုက်မပြေသေးဘူး ဆိုရင်
နောက်ထပ်တစ်ခု ပြောင်းလုပ်ရမယ်။ ဘာလဲ ဆိုတော့
ကိုယ်အာဂုံဆောင်ထားတဲ့ တရားဓမ္မတွေ၊ သင်ထားတဲ့
တရားဓမ္မတွေကို စိတ်ထဲကနေတွေးပါတဲ့။
ဥပမာ- ပရိတ်ကြီးရရင် ပရိတ်ကြီးပေါ့။နှုတ်ကထုတ်ရွတ်
ဆိုတာ မဟုတ်ဘူး။ စိတ်နဲ့ ကြံတွေးပြီး ရွတ်ဆိုကြည့်တာ။
အဲဒီလိုဆိုလို့ ရှိရင် အိပ်ငိုက်မှုဟာ ပျောက်သွားနိုင်တယ်တဲ့။

❖နံပါတ်(၃)။ရတဲ့စာတွေ တွေးနေတာမှ အိပ်ငိုက်မှုက
မပျောက်သေးဘူး။အိပ်ချင်တုန်းပဲဆိုရင် ကိုယ်နှုတ်တက်
အာဂုံဆောင်ထားတဲ့စာတွေကို ရွတ်ဖတ် သရဇ္ဈာယ်
လိုက်ပါတဲ့။ “ဣတိပိသော”ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ်
ရွတ်ဖတ်သရဇ္ဈာယ်လိုက်။အသံထုတ်ပြီး အဲဒီလို
ရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင် အိပ်ငိုက်မှုဟာ
ပျောက်သွားနိုင်တယ်တဲ့။

❖နံပါတ်(၄)။မပျောက်ဘူးဆိုရင် ဘာဆက်လုပ်ဖို့
လိုတုန်းဆိုတော့ ကိုယ့်နားရွက်ကို ပူသွားအောင်ဆွဲတဲ့။
ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သပ်တဲ့။
အညောင်း အညာတွေဖြေ။ နားရွက်ဆွဲ တစ်ကိုယ်လုံးပွတ်သပ်
အဲဒီလို လုပ်လိုက်လို့ ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့
အိပ်ချင်ပြေသွားနိုင်တယ်ပေါ့။

❖နံပါတ်(၅)။အဲဒီလိုလုပ်လို့မှ မပြေဘူးဆိုလို့ ရှိရင်
ဘာလုပ်ရမလဲ။ မျက်နှာသစ်၊ မျက်လုံးကို
ရေဆွတ်တဲ့။ မျက်လုံးကို ရေဆွတ်ပြီး ကမ္မဋ္ဌာန်း
ကျောင်းထဲကထွက် ကောင်းကင်ကိုကြည့်၊
နက္ခတ်တွေ့ရှိရင် နက္ခတ်ကြည့်၊ လရှိရင် လကြည့်ပေါ့။
ကောင်းကင်ကို မော့ကြည့် ဟိုကြည့် ဒီကြည့်။
အရပ်မျက်နှာတွေကို ကြည့်။ လေကောင်း လေသန့်တွေကို
ရှူ။ အရပ်မျက်နှာတွေကို မော့ကြည့်လိုက်တဲ့အခါ
အိပ်ချင်ပြေသွားနိုင်တယ်ပေါ့။

❖နံပါတ်(၆)။အဲဒီလိုမှ မရဘူး။ဆက်ပြီး အိပ်ချင်နေသေးတယ်
ဆိုလို့ရှိရင် အာလောကသညာ အလင်းကို နှလုံးသွင်းရမယ်တဲ့။
အမှောင်ထဲမှာ မနေနဲ့။အလင်းထဲမှာ နေ။
အာလောကသညာကို နှလုံးသွင်း။
ညကို နေ့လို့စိတ်ထဲမှာထား။အလင်းရောင်ကြီးထဲမှာနေ။
မှောင်နေတယ်ဆိုတာကို မေ့ထားလိုက်။
လင်းနေတယ် ဆိုတာကို နှလုံးသွင်း။ အဲဒီလို နှလုံးသွင်း
အားထုတ် လိုက်မယ် ဆိုလို့ရှိရင် အိပ်ချင်တာတွေ၊
ငိုက်မြည်းတာတွေ ပျောက်သွားနိုင်ပါတယ်တဲ့။

❖နံပါတ်(၇)။အဲဒီလိုမှ မပျောက်သေးဘူး ဆိုလို့ ရှိရင်
စင်္ကြံလမ်းလေးကို သတ်မှတ်ပြီး သဒ္ဓါတို့၊ဝီရိယတို့၊
သတိတို့၊သမာဓိတို့၊ပညာတို့ ဆိုတဲ့ ဣန္ဒြေစွမ်းအားတွေကို
ထိန်းချုပ်ထားပြီး စင်္ကြံလျှောက်လိုက်ပါတဲ့။ အဲဒီလို
စင်္ကြံလျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူး
ဆိုရင်တော့ ဘာလုပ်ရမတုန်း။အိပ်လိုက်တော့တဲ့။
နောက်ဆုံးကျတော့ အိပ်ချင်မပြေရင် အိပ်ရတယ်။
မြတ်စွာဘုရားက အငိုက်ဖျောက်ပုံ နည်းလမ်း ခုနစ်သွယ်ကို
ပေးထားတာ။ မရဘူးဆိုရင် အိပ်တဲ့။

အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်။
ဘယ်လို စနစ်တကျ အိပ်ရမတုန်းဆိုရင်
လက်ယာဘက်ကို စောင်းအိပ်။
ခြေထောက်နှစ်ခု ခြေမျက်စိချင်းမထိစေနဲ့ တဲ့။
ထိရင် အရိုးချင်းထိသည့် အတွက်ကြောင့် နာကျင်မှု
ဖြစ်လာတတ်တယ်။ ဒါကြောင့်မို့လို့ ခပ်လွှဲလွှဲလေးထား။
ကြည့်နော် “ပါဒေ ပါဒံ အစ္စာဓာယ” အိပ်ပုံအိပ်နည်းကို
မြတ်စွာဘုရား လမ်းညွှန်ပေးတာ။

ပဲခူးရောက်လို့ရှိရင် ရွှေသာလျောင်းဘုရားကို သွားပြီးဖူးကြည့်။
ခြေဖဝါးနှစ်ခုဟာ တညီတည်းထားလို့ရှိရင် စာနဲ့မညီဘူး။
ခြေဖဝါးနှစ်ခုက တစ်ဖက်က အတို၊တစ်ဖက်က အရှည်ထားပြီး
ခြေမျက်စိချင်းမထိအောင် ထားရမှာ။ ရွှေသာလျောင်း
ဘုရားတွေမှာ စနစ်တကျ ထုရင် အောက်ခြေထောက်ပေါ်
အထက်ခြေထောက်က ဒူးကွေးထား။ခြေမျက်စိချင်း မထိဘူး။
ဒါ စာနဲ့အညီ လက်ယာခြေပေါ်မှာ လက်ဝဲခြေထောက်ကလေး
တင်ပြီး“ဥဋ္ဌာနသညံ မနသိကတွာ”တဲ့။ဘယ်အချိန်
ထမယ်ဆိုတာ အမှတ်သညာလေးထားပြီး အိပ်ပါတဲ့။
မြတ်စွာဘုရားက စနစ်တကျ အိပ်ခိုင်းတယ်။

ဒီနေရာမှာ ဘာသွားသတိရတုန်းဆိုရင် America မှာ
နေတုန်းကာ Stop ဆိုတဲ့စာအုပ်ကို ကားမောင်း သင်တန်း
တက်မယ့်ပုဂ္ဂိုလ်တိုင်း ကြေအောင် ဖတ်ရတယ်။
ဖတ်ပြီးရင် မေးခွန်းတွေ ဖြေရတယ်ပေါ့။
အဲဒီထဲမှာ မေးခွန်းရဲ့အဖြေတွေ ပေးထားတာရှိတယ်။
အဖြေအမျိုးမျိုး ပေးထားတယ်။

ကားမောင်းရင်း အိပ်ချင်ရင် ဘာလုပ်ရမလဲ?
အဖြေတစ်ခုက ကားမောင်းရင်းအိပ်ချင်လာရင်
ကော်ဖီသောက် ဆက်မောင်း။
သီချင်း နားထောင်ပြီးတော့ ဆက်မောင်းတဲ့။
အဲဒီလို အဖြေမျိုး ပေးထားပြီး နောက်ဆုံးအဖြေက
ဘာတုန်းဆိုရင် အိပ်စက် အပန်းဖြေပြီးမှ ဆက်မောင်းတဲ့။
အဲဒီ အဖြေတွေထဲက ကော်ဖီ သောက်ပြီး ဆက်မောင်း
ဆိုတဲ့အဖြေက အမှန်မဟုတ်ဘူး၊ မှားတယ်။
သီချင်းဖွင့်ဆက်မောင်း ဆိုတာကလည်း မှားတယ်။
ဘာလုပ်ရမှာတုန်း။အိပ်ချင်လို့ရှိရင် အိပ်လိုက်တဲ့။
အိပ်ပြီးမှ ဆက်မောင်းတဲ့။ အဲဒီဟာကမှ အဖြေမှန်။
ကားမောင်းတယ်ဆိုတာ အလွန်အန္တရာယ် များတာကို၊
အိပ်ချင်နေတဲ့အချိန်မှာ အိပ်ချင်စိတ် မပျောက်ဘဲနဲ့
ဆက်မောင်းရင် ဒုက္ခရောက်သွားနိုင်တယ်။
ဒါကြောင့်မို့ အိပ်ချင်လို့ ရှိရင် အိပ်ပြီးမှမောင်းလို့ ပြောတာ။

မြတ်စွာဘုရားကလည်း တရားအားထုတ်လို့ ခုနက
နည်းလမ်းတွေနဲ့ ဖြေပျောက်လို့မရဘူး။အိပ်ချင်ပြီ
ဆိုလို့ရှိရင် အိပ်လိုက်ပါတဲ့။ အိပ်တဲ့အခါမှာ လက်ယာ
စောင်းပြီးတော့အိပ်။လက်ယာခြေပေါ်မှာ
လက်ဝဲခြေကလေးကို လွှဲပြီးတော့ တင်ထား။
ဘယ်အချိန်ထမယ်ဆိုတဲ့ အမှတ်သညာလေး
ထားပြီးတော့ အိပ်ပါတဲ့။

နိုးလာတာနဲ့ တပြိုင်နက် ချက်ချင်းထတဲ့။ဇိမ်ခံ မနေနဲ့။
လူတွေက အိပ်ပြီးလို့ရှိရင် နိုးလာပေမယ့် တော်ရုံနဲ့
မထသေးဘူး။မှေးနေသေးတယ်။ဇိမ်ခံတာခေါ်တယ်။
“သေယျသုခ” အိပ်ခြင်းကြောင့်ဖြစ်တဲ့ ချမ်းသာ။
“ပဿသုခ” ဟိုဘက်စောင်းလိုက်၊ဒီဘက် စောင်းလိုက်
(ကလေးတွေဆို နိုးလည်း တော်ရုံမထဘူး။ ဇိမ်ခံနေတာ)။
အဲဒီအိပ်ရတဲ့ ဇိမ်ကတစ်မျိုး၊ အိပ်ရာထဲ မှေးနေရတဲ့ဇိမ်က
တစ်မျိုးနဲ့ တူတယ်။အားလုံး ဒီဇိမ်တော့ရဖူးကြမှာပါ။
အဲဒါကို သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခတဲ့။
အဲဒီလိုဇိမ်ခံမနေနဲ့တဲ့။ ချက်ချင်း ထတဲ့။
ဖျက်ကနဲ နိုးလိုက်တာနဲ့ လူးလဲထ၊ ထပြီးတော့
တရားအားထုတ်ပါတဲ့။

အရှင်မောဂ္ဂလ္လာန်ကို မြတ်စွာဘုရားက နည်းလမ်းတွေ
ပေးတာ။ဒါ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီ
ဆိုရင် ဒီနည်းစနစ်ကို လိုက်နာကျင့်သုံးရမှာပါ။
အဂုင်္တ္တရနိကာယ် ပစလာယနသုတ္တန် ဆိုတာ ရှိတယ်။
ခုနစ်ချက်ပေးထားတာ ဖြစ်သောကြောင့် (သတ္တကနိပါတ်)
အချက် ခုနစ်မျိုးပါတဲ့ အပိုင်းကဏ္ဍမှာ ဒါကိုဖော်ပြထားတယ်။။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】