ဗုဒ္ဓဆိုတာ ဘုရားပဲ ၊ ဘုန်းကြီးတို့ ဗုဒ္ဓဆိုတဲ့ နာမည်ဟာ ဘရားရှင် ကိုယ်တော်မြတ်ရဲ. ထူးခြားတဲ့ နာမည်တစ်မျိုး၊ ဘွဲ့တော်တစ်မျိုး ၊ ဘရားရှင် ကိုယ်တော်မြတ်ရဲ. ဂုဏ်တော်ကို ဖော်ပေးနေတဲ့ နာမည်လို့လဲ ဆိုနိုင်တာပေါ့ ၊
ဗုဒ္ဓဆိုတာ သစ္စာလေးပါး မြတ်တရားကို ဆရာမရှိ ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်ကြီးလို့ ဆိုလိုတယ်။

ဗုဒ္ဓလေးမျိုး

လောကမှာ ဗုဒ္ဓဆိုတာ ဘုရားမှာသာရှိသလား ၊ ဒီလိုတော့လဲ မဟုတ်ဘူး၊
နာမည်ဆိုတာကတော့ သူမှည့် ကိုယ်မှည့် ဆိုရင်ရှိကြတာပဲ၊
သို့သော် တကယ့် ဗုဒ္ဓအမည်က ဘုန်းကြီးတို့ ဘုရားမှာသာရှိတယ်၊

ဗုဒ္ဓလေးမျိုးတဲ့။

(၁) သုတဗုဒ္ဓ
(၂) အနုဗုဒ္ဓ
(၃) ပစ္စေကဗုဒ္ဓ
(၄) သမ္မာသမ္ဗုဒ္ဓ
-----------
သုတဗုဒ္ဓ

သုတဗုဒ္ဓဆိုတာ ဘုန်းကြီးတို့ သာသနာတော်မှာ ကျမ်းဂန်စာပေတွေ သင်ကြား ပို့ချပြီးတော့ စာပေ ဗဟုသုတ ရှိကြတဲ့ ဘုရားဟော တရားတော်တွေကို အားလုံး ရှင်လူအများသိအောင် သင်ကြား ဖော်ထုတ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ ၊ ရဟန်းတော်တွေကို သုတဗုဒ္ဓ ၊ အဲဒီ သုတဗုဒ္ဓကို ဘုရားရှင်ကိုယ်တော်မြတ်က အင်မတန် ကျေးဇူးများလို့ မိမိအရာမှာ ထားပြီးတော့ ချီးကျူးမြှောက်စားတာချည်းပဲ၊ ဒါကြောင့်မို့လို သုတဗုဒ္ဓဆိုတဟာလဲ အဲ-သူကလဲ သာမညမဟုတ်ဘူး၊ ဘုရားရှင်ကိုယ်တော်မြတ်က မိမိအရာမှာထားပြီး မြှောက်စားချီးကျူးခဲ့တဲ့ ဘုရားတစ်ဆူ၊ အဲဒါက သာသကတွေနဲ့ ဆိုင်တဲ့ ဘုရားတပည့်တွေ။

အနုဗုဒ္ဓ

အနုဗုဒ္ဓဆိုတာက ဘုရားရှင် ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာလေးပါး တရားကို ဘုရားရှင်ကိုယ်တော်မြတ် နည်းပေးသောအားဖြင့် သိမြင်ဖောက်ထွင်း ၊ သိမြင်နားလည်လို့ မဂ်ဆိုက် ဖိုလ်ဆိုက်ကြတဲ့ အရိယာ သာဝကတွေ ၊ အရိယာ သာဝကတွေကို အနုဗုဒ္ဓ ၊ ဘုရားရှင်ကိုယ်တော်မြတ် သိသလို လိုက်သိကြတဲ့ အနုဗုဒ္ဓ။

ပစ္စေကဗုဒ္ဓ

ပစ္စေကဗုဒ္ဓဆိုတာကတော့ ဘုရားရှင် ကိုယ်တော်မြတ်များ မပွင့်သေးသည့်အခါ သာသနာပမှာ ဆရာမရှိ ၊ ရှေးက မိမိတို့ ပြုခဲ့တဲ့ ပါရမီကြောင့် သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိကြတဲ့ ဘုရားငယ်လို့ ခေါ်ကြတဲ့ ပစ္စေကဗုဒ္ဓပဲ ၊ ဘုရားငယ်တွေ ။

ပစ္စေကဗုဒ္ဓဆိုတာလဲ အမှန်အားဖြင့် သစ္စာလေးပါး တရားကို ကိုယ်တိုင်သိကြတာပဲ ၊ ဆရာမရှိဘဲ ကိုယ်တိုင် သိကြတာပဲ။ သို့သော်လဲပဲ သူများကို ဟောဖော်ပြသဖြင်းငှာ မတတ်နိုင်ဘူး၊ ဘာကြောင့်တုံး၊ ဝေါဟာရ ပရိယာယ်ကြွယ်ဖို့ ၊ ဝေါဟာရတွေ ထူးထူးခြားခြား နားလည်ဖို့ဆိုတာ သာဝကတို့ရဲ. အရာ မဟုတ်ဘူး၊ ဘုရားရှင် ကိုယ်တော်မြတ်တို့ရဲ. အရာ။

သမ္မာသမ္ဗုဒ္ဓ

စိတ်ထဲမှာ မိမိတို့ ဉာဏ်ထဲမှာ သိနေတဲ့ သစ္စာလေးပါးတို့ ၊ ပဋိစသမုပ္ပါဒ်တို့ ၊ သစ္စာလေးပါးတို့ ၊ ပဋ္ဌာန်းတို့ ဆိုတာ အဲဒီတရားတွေကို ဒီလို အမည်အမျိုးမျိုးတပ်ပြီးတော့ ၊ အမည် အမျိုးမျိုးထွင်ပြီးတော့ အဲဟောဖို့ဆိုတာက သာမန်ပုဂ္ဂိုလတွေ အရာမဟုတ်ဘူး၊ တကယ့် အတုမရှိ၊ အဲ-သဗ္ဗညုတ ဉာဏ်တော်ကြီးရှိတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ. အရာသာ။

ဒါကြောင့် အဲသလိုဟောနိုင်ဖို့ရာ ပစ္စေကဗုဒ္ဓါတို့မှာ မတတ်နိုင်ဘူး ၊ ဘုရားရှင်ကိုယ်တော်မြတ်သာ တတ်နိုင်တယ်၊ သဗ္ဗညုတဉာဏ်တော်ကြီးရှိလို့ အားလုံးတရားတွေကို အမည်အမျိုးမျိုးတပ်ပြီးတော့ ၊ အဓိပ္ပါယ် အမျိုးမျိုးဖွင့်ပြီးတော့ ၊ နည်းအမျိုးမျိုး ခြယ်လှယ်ပြီးတော့ ဒီနည်းနဲ့မသိ ဟိုနည်းနဲ့ ၊ ဟိုနည်းနဲ့မသိ နောက်တစ်နည်း နည်းပေါင်းများစွာ ၊ အဲ-ထွင်ပြီးတော့ ဟောကြားပြသတော်မူတယ်၊
အဲဒါကြောင့်မို့လို့ သူမတူအောင် ထူးခြားတဲ့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သမ္မာသမ္ဗုဒ္ဓလို့ခေါ်တယ်။

(အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ ကျမ်းပြုအကျော် သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၊ သပြေကန်တရားပေါင်းချုပ်၊ အမှတ် (၁)၊ စာ ၂၄၄-၂၄၆)