မြတ်စွာဘုရားမှာ နေ့စဉ်ပြုလုပ်ဆောင်ရွက်တော်မူမြဲဖြစ်တဲ့ “ဗုဒ္ဓကိစ္စငါးပါး“ ဆိုတာရှိပါတယ်၊ မြတ်စွာဘုရားမှာ အားလပ်တဲ့အချိန်ရယ်လို့ မရှိပါဘူး၊ ဗုဒ္ဓကိစ္စငါးပါးကို နေ့စဉ်မပြတ် ဆောင်ရွက်တော်မူနေရပါတယ် အဲဒါတွေကတော့-

(၁) နံနက်ပိုင်း ဆွမ်းကိစ္စပြီးသည့်တိုင်အောင် ပြုရတဲ့ ပုရေဘတ္တကိစ္စက တစ်ပါး၊
(၂) ဆွမ်းကိစ္စပြီးသည့်နောက် နေ့ခင်းပိုင်းမှာပြုရတဲ့ ပစ္ဆာဘတ္တကိစ္စက တစ်ပါး ၊
(၃) ညနေချမ်းနှင့် ညဉ့်ဦးယာမ်မှာပြုရတဲ့ ပုရိမယာမကိစ္စ တစ်ပါး၊
(၄) ညဉ့်အလယ်ပိုင်းမှာ ပြုရတဲ့ မဇ္စျိမယာမကိစ္စ တစ်ပါး ၊
(၅) ညဉ့်၏ နောက်ဆုံးပိုင်း မိုးသောက်ယာမ်မှာ ပြုရတဲ့ ပစ္ဆိမယာမက တစ်ပါး ၊

(၁) ပုရေဘတ္တကိစ္စ

ပုရေဘတ္တကိစ္စ ဆိုတာက နံနက်ပိုင်း ဆွမ်းကိစ္စပြီးသည့်တိုင်အောင် နေ့စဉ် ဆောင်ရွက်တော်မူရတဲ့ ကိစ္စပါပဲ၊
ဆောင်ရွက်တော်မူပုံကတော့--

-မြတ်စွာဘုရားဟာ နံနက်စောစောပိုင်းမှာ အလုပ်အကျွေးပုဂ္ဂိုလ်က ဆက်ကပ်တဲ့ မျက်နှာသစ်ရေ ဒန်ပူတို့ကို ခံယူပြီး မျက်နှာသစ်တော်မူတယ်၊

-အဲဒီကနောက် ဆွမ်းခံချိန်တိုင်အောင် ဆိတ်ငြိမ်ရာ အရပ်မှာ သီတင်းသုံးနေတော်မူတယ်၊

-ဆွမ်းခံချိန်ကျတော့ သင်္ကန်းများကို သပ္ပါယ်စွာပြုပြင်ဝတ်ရုံပြီးတော့ တစ်ရံတစ်ခါ တစ်ပါးတည်း၊ တစ်ရံတစ်ခါ သံဃာတော်များနှင့်တကွ မြို.ရွာနိဂုံးများသို့ ဆွမ်းခံကြွတော်မူတယ်၊

- တစ်ရံတစ်ခါ တန်ခိုးမပြဘဲ ရိုးရိုးကြွတော်မူတယ်၊ တစ်ရံတစ်ခါမှာတော့ တန်ခိုးပြာဋိဟတွေပြပြီး ကြွတော်မူတယ်။

တန်ခိုးပြာဋိဟာပြပုံ

ဘယ်လို တန်ခိုးပြာဋိဟာတွေလည်းဆိုယင် မြတ်စွာဘုရား ကြွတော်မူမည့်လမ်းကို နူးညံ့သိမ်မွေ့တဲ့ လေတွေက တိုက်ခိုက်ပြီး သုတ်သင်ရှင်းလင်းတယ်၊ မိုးတိမ်တွေက မိုးရေပေါက်များ ရွာချပြီး ဆွတ်ဖျန်းပေးတယ်၊

မိုးရေဆွတ်ဖျန်းပြီး မြူမှုန်တွေကို ငြိမ်သက်စေသည့်ပြင် မြတ်စွာဘုရား၏ အထက်မှ ပြတာန်မျက်နှာကြက် သဖွယ် ဖြစ်ပြီးတော့လဲ လိုက်ပါနေတယ်၊
အခြားလေတွေက ပန်းတွေကို တိုက်ခတ်ဆောင်ယူလာပြီးတော့ လမ်းတလျှောက်မှာ ဖြန့်ကြဲပြီး ခင်းကြတယ်၊
မြေပြင်မှာ မြင့်မောက်တဲ့ နေရာတွေက နိမ့်ပြီး၊ ချိုင့်တဲ့နေရာတွေကလဲ မြင့်တက်လာပြီး ညီညွတ်နေတယ်၊
ဆူးငြောင့်ခလုတ် ကျင်းချိုင့်တွေမရှိဘဲ လမ်းဟာ တပြင်တည်းချောပြီး ညီညာနေတယ်၊

ညီညာရုံတွင်တောင် မဟုတ်သေးဘူး ၊ ခြေတော်နင်းချလိုက်တဲ့အခါ နူးညံ့ချောညက်တဲ့ ကြာပန်း စသည်က ခံလျက်ခံလျက် ဖြစ်နေတယ်။

ရောင်ခြည်တော် ၆ သွယ်

ရွာတံခါး မြို.တံခါးပေါက် ဝင်မိသည်နှင့် တပြိုင်နက် ညိုသောရောင်ခြည်တော် ၀ါရွှေသောရောင်ခြည်တော် နီမြန်းသောရောင်ခြည်တော် ဖြူသောရောင်ခြည်တော် အနီနုပန်းရောင်ရှိတဲ့ မောင်းသောရောင်ခြည်တော် ပြိုးပြီးပြက်ပြက် တလက်လက်တောက်ပသော ရောင်ခြည်တော်ဆိုတဲ့ ဒီရောင်ခြည်တော် ၆ သွယ်က ကိုယ်တော်မှ ထွက်ပေါ်လာကြပြီး ထိုထိုအရပ်ရပ်သို့ ပြေးသွားကြတယ်၊ ယခုကာလ မီးရောင်အမျိုးမျိုးနဲ့ ဆလိုက်ထိုးတာလိုနေမှာပေါ့ ။

ဆင် မြင်း ငှက် စသည်တို့ကလဲ သူတို့နေရာမှ နေရင်း သာယာတဲ့အသံနဲ့ မြည်နေကြတယ်၊ စောင်း တယော ဗုံအစရှိတဲ့ တူရိယာတွေကလဲ မတီးမမှုတ်ရဘဲ သူ့အလိုလိုမြည်နေကြတယ်။

တန်ခိုးပြာဋိဟာပြရခြင်းအကြောင်း

ဒီလို တန်ခိုးပြာဋိဟာပြရတာကလဲ အခြားအကြောင့် မဟုတ်ပါဘူး၊ ဒီလို တန်ခိုးပြာဋိဟာကို တွေ့ရမှ မြတ်စွာဘုရားပေါ်မှာ ကြည်ညိုသဒ္ဓါတရားဖြစ်ပြီး ကျွတ်တမ်းဝင်နိုင်မည့် ပုဂ္ဂိုလ်တွေအား အကျွတ်တရား ရစေလိုတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

သတ္တဝါတွေက အမျိုးမျိုးရှိနေကြတယ်၊ အချို.က ရိုးရိုးတရားဟောတာလောက်ပဲကြိုတက်တယ်၊ တချို.ကတော့ ထူးထူးဆန်းဆန်း တန်ခိုးပြတာကိုကြိုက်တယ်၊

အဲဒီလို စိတ်ဓာတ်ကွဲနေကြရာမှာ အထူးအဆန်းတွေ့ရမှ ကြည်ညိုနိုင်မည့် ပုဂ္ဂိုလ်တွေအတွက် တစ်ရံတစ်ခါ တန်ခိုးပြာကျဋိဟာတွေနဲ့ ဆွမ်းခံကြွတော်မူပါတယ်။

အဲဒီလို တန်ခိုးပြာဋိဟာတွေနဲ့ ဆွမ်းခံကြွတာကတော့ အလွန်နည်းဟန်လက္ခဏာရှိပါတယ်။

ရပ်ကွက်တွင်းမှဆွမ်းလှူ

မြတ်စွာဘုရားဆွမ်းခံကြွလာသည်ကို သိသော ရပ်ကွပ်တွင်းမှ ပြည်သူများသည် အဝတ်အစားများကို ကောင်းမွန်သပ်ရပ်စွာ ဝတ်ရုံပြီး ပန်းနံ့သာများနှင့်တကွ လမ်းထွက်ပြီး မြတ်စွာဘုရားကို ပူဇော်ရှိခိုးကြသည်။ မိမိတို့ တတ်နိုင်သမျှ သံဃာ ၁၀-ပါး ၊ ၂၀ ၊ ၅၀ ၊ ၁၀၀ စသည်ဖြင့် ပင့်ပြီးဆွမ်းလှူကြသည်။
ဆွမ်းဘုဉ်းပေးပြီးသည့်အခါ မြတ်စွာဘုရားသည် တရားနာမည့် ပုဂ္ဂိုလ်တို့၏ အလိုအကြိုက်ကိုကြည့်ပြီး သင့်လျော်သည့် တရားကိုဟော်တော်မူသည်။ တရားနာကြားရသည့်အခါ အချို.သည် သရဏဂုံတည်ကြ၏၊ အချို.သည် ငါးပါးသီလ၌ တည်ကြ၏၊ အချို.သည် သောတာပန် သကဒါဂမ် အနာဂါမ် ဖြစ်ကြသည်၊ အချို.က ရဟန်းပြုပြီး ရဟန္တာဖြစ်ကြသည်။

ထိုကဲ့သို့ အနုမောဒနာတရားဟောပြီးသည့်အခါ ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ကျောင်းတော်ရောက် သည့်အခါ စည်းဝေးဆောင်အတွင်းရှိ ဘုရားနေရာပလ္လင်တွင် ဆွမ်းကိစ္စမပြီးသေးသည့် ရဟန်းများ ပြန်မရောက် လာသေးသည့်အတွက် ရဟန်းများကိုစောင့်ယင်း သီတင်းသုံးနေတော်မူသည်။

အကုန်လုံး ဆွမ်းကိစ္စပြီးစီးကြောင်းကို အလုပ်အကျွေးရဟန်းတော်က လျှောက်ထားသည့်အခါတွင် မြတ်စွာဘုရား သည် ဂန္ဓကုဋီကျောင်းတော်သို့ ဝင်တော်မူသည်။

အထက် ဖော်ပြပါများအားလုံးသည် နံနက်ပိုင်း ပုရေဘတ္တကိစ္စ ဆောင်ရွက်တော်မူပုံများဖြစ်သည်။

(၂) ပစ္ဆာဘတ္တကိစ္စ

ပစ္ဆာဘတ္တကိစ္စ နေ့စဉ်ဆောင်ရွက်ပုံက ဂန္ဓကုဋီကျောင်းတော်သို့ ဝင်တဲ့အခါ ခြေတော်များကိုဆေးပြီး ရပ်တော်မူလျက် ရဟန်းတို့အား အောက်ပါ ဒုလ္လဘငါးပါးနဲ့သြဝါဒကို ပေးလေ့ရှိပါတယ်။

၁။ ဘိက္ခဝေ ၊ ရဟန်းတို့ ။ အပ္ပမာဒေန ၊ မမေ့မလျော့သော သတိတရားဖြင့် ။ သမ္ပာဒေထ ၊ သီလ သမာဓိ ပညာကိစ္စကို ပြီးစေကြကုန်လော့ ၊ ပြီးပြည့်စုံအောင် အားထုတ်ကြကုန်လော့ ၊ လောကသ္မိ ံ ၊ လောက၌။ ဗုဒ္ဓပါဒေါ ၊ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းရာကာလကို ။ ဒုလ္လဘော ၊ ရခဲ၏။
(မြတ်စွာဘုရား ပွင့်တော်မူပြီးတော့ ဘုရားအဆုံးအမ သာသနာတော် တည်ရှိနေတဲ့အခါကာလ ကို ရခဲတယ်ကြုံခဲတယ် ၊ ဒါကြောင့် ရခဲတဲ့ အခွင့်ကောင်းကြီးကို ရနေတဲ့အခါမှာ မမေ့ကြနဲ့ ကြိုးစား အားထုတ်ကြလို့ ဆိုလိုပါတယ်။)

၂။ မနုဿတ္တပဋိလာဘော၊ လူ့အဖြစ် လူ့ဘဝကို ရခြင်းကို။ ဒုလ္လဘော ၊ ရခဲကြုံခဲ၏။

၃။ သမ္ပတ္တိ ၊ ပြည့်စုံခြင်းကို ။ ဒုလ္လဘော ၊ ရခဲကြုံခဲ၏။
(ပြည့်စုံခြင်းဆိုတာ မဂ်ဖိုလ်တရားထူးကို ရရေးအတွက် သင့်လျော်သော အရပ်၌ နေရခြင်း၊ မျက်စိ နား စသော ရုပ်ရေအင်္ဂါ ဣနေန္ဒြတို့နှင့် ပြည့်စုံခြင်း၊ ဘုရားစစ် တရားစစ် သံဃာစစ် ဆိုတဲ့ ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရား နှင့် ပြည့်စုံခြင်း ၊ ခေတ်ကာလကောင်းခြင်း၊ စားသုံးဖွယ်တို့နှင့် ပြည့်စုံခြင်း ၊ ကျန်းမာခြင်း၊ တရားအားထုတ် နိုင်လောက်အောင် သန်စွမ်းခြင်း၊ ထိုကဲ့သို့ ရခဲသည့် ပြည့်စုံခြင်းများကို ရနေသည့် အချိန်တွင် ကြိုးစားအားထုတ်ကြရမည်ဟု ဆိုလိုခြင်းဖြစ်သည်။)

၄။ ပဗ္ဗဇ္ဇာ ၊ ရှင်ရဟန်းအဖြစ်ကို။ ဒုလ္လဘော ၊ ရခဲ၏။

၅။ သဒ္ဓမ္မသဝနံ၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း သူတော်ကောင်းတရား၊ ကြားနာရခြင်းကို။ ဒုလ္လဘံ ၊ ရခဲ၏
ထိုရခဲသည်များကို ရနေသည့်အချိန်တွင် မေ့မနေကြဘဲ အရဟတ္တမဂ်ဖိုလ် ရောက်သည်တိုင်အောင် ကြိုးစား အားထုတ်ကြလို့ ဆိုလိုခြင်းဖြစ်သည်။

ကမ္မဋ္ဌာန်းတရားပေးခြင်း

ဒုလ္လဘငါးပါးနဲ့ သြဝါဒ ပေးပြီးတဲ့အခါမှာ တစ်ချို.ရဟန်းတော်တွေက မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်း တောင်းကြတယ်။

မြတ်စွာဘုရားက သူတို့၏စရိုက်ကိုကြည့်ပြီး သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကို ပေးတော်မူတယ်။

ကမ္မဋ္ဌာန်းပေးပြီးတဲ့အခါ အားလုံးသော ရဟန်းတော်တွေဟာ တောအရပ် သစ်ပင်အောက် အစရှိတဲ့ သင့်လျော်ရာဌာနကို သွားပြီး နှလုံးသွင်း အားထုတ်ကြပါတယ်။

ဗုဒ္ဓစက္ခု - ဘုရားမျက်စိဖြင့် ကြည့်ရူတော်မူခြင်း

ထိုနောက် မြတ်စွာဘုရားသည် ဂန္ဓကုဋီ ကျောင်းတော်ကို ဝင်ကာ အလိုရှိခဲ့ပါလျင် လကျ်ာနံတောင်းဖြင့် ခေတ္တခဏ လဲလျောင်းပြီး အနားယူတော်မူပါတယ်၊

ကိုယ်၏ညောင်းညာပင်ပန်းမှု သက်သာရာ ရတဲ့အခါ လဲလျောင်းရာမှ ထတော်မူပြီး ဒုတိယပိုင်း အချိန်မှာ လောကကို ဖြန့်ပြီး ကြည့်ရှုတော်မူပါတယ်။

သတ္တဝါတို့၏ သဒ္ဓါ အစရှိသော ဣန္ဒြေ အနုအရင့်ကို သိနိုင်တဲ့ ဣန္ဒြိယ ပရောပရိယတ္တဉာဏ်တော်ရယ် ၊ သတ္တဝါတို့၏ အလိုအကြိုက် စရိုက် စိတ်နေသဘောထား တို့ကို သိနိုင်တဲ့ အာသယာနုသယ ဉာဏ်တော်ရယ် ၊ ဒီ ဉာဏ်တော်ကြီး ၂-ပါးကို ဗုဒ္ဓစက္ခု - ဘုရားမျက်စိလို့ ခေါ်ပါတယ်။

ထို ဗုဒ္ဓစက္ခု ဖြင့် ကျွတ်သင့် ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တဝါတွေကို ကြည့်ရူတော်မူပါတယ်၊
ကျွတ်ထိုက်တဲ့သူဟာ မိမိအထံသို့ ရောက်လာမည်ဆိုလျှင် အသင့်စောင့်နေတော်မူပါတယ်၊ အဝေးမှာ နေလျှင်လဲ ကိုယ်တော်တိုင် တန်ခိုးဖြင့် ကြွတော်မူပြီး ဟောကြားဆုံးမတော်မူပါတယ်။
တရားဟောကြားတော်မူခြင်း

အဲဒီလို ကြည့်ရူတော်မူပြီးတဲ့နောက် တတိယပိုင်း အချိန်မှာ မြတ်စွာဘုရား သီတင်းသုံးရာ ဆွမ်းခံရာ ဖြစ်တဲ့ မြို.ရွာနိဂုံးက လူတွေဟာ ကောင်းစွာဝတ်ရုံပြီး ပန်းနံ့သာများကိုလဲယူကာ တရားနာရန် ဘုရားထံလာကြတယ်၊
ရာဇဂြိုလ်မှာဆိုရင် ဝေဠုဝန်ကျော်းတော်သို့ လာကြတယ်၊

ဝေသာလီမှာဆိုယင် မဟာဝုန်တောက ကျောင်းတော်ကြီးသို့ လာကြတယ်၊

သာဝတ္ထိမှာဆိုယင် တရံတခါ ၀ိသာခါ၏ ကောင်းမှုဖြစ်တဲ့ ပုဗ္ဗာရုံကျောင်းသို့လာကြတယ်၊

ယခု ဘာရသုတ်ကို ဟောစဉ်က မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေခိုက် ဖြစ်သည့် အတွက် ဇေတဝန်ကျောင်းသို့ လာကြပါတယ်။ ဇေတဝန်ကျောင်းတော်သည် သာဝတ္ထိမြို.၏ အနောက်တောင် ဘက်အရပ်တွင်တည်ရှိပါသည်။

တရားနာ ပရိဿတ် စုံလောက်တဲ့အခါ မြတ်စွာဘုရားက ဓမ္မာရုံကြီးသို့ ကြွရောက်ပြီး ရဟန်း ပရိဿတ်၊ ရဟန်း မိန်းမ ပရိဿတ်၊ အမျိုးသား ဥပါသကာ ပရိဿတ်၊ အမျိုးသမီး ဥပါသိကာမ ပရိဿတ်၊ အစုံအညီ ပါဝင်သော ပရိဿတ်(၄)ပါး အား သင့်လျော်တဲ့တရားကို ဟောကြားတော်မူပါတယ်။

တရားဟောကြားပြီးသောအခါ ပရိဿတ်ကို ပြန်ကြဘို့ အခွင့်ပေးတော်မူပါတယ်၊ လူ ပရိဿတ်များက မြတ်စွာဘုရားကို ရှိခိုးကန်တော့ပြီး ပြန်သွားကြပါတယ်။

အထက်ဖော်ပြပါများသည် ဆွမ်းကိစ္စပြီးနောက် နေ့ခင်းပိုင်း ပစ္ဆာဘတ္တကိစ္စ ဆောင်ရွက်တော်မူပုံများ ဖြစ်ပါတယ်။

(၃) ပုရိမယာမကိစ္စ

မြတ်စွာဘုရားဟာ နေ့ခင်းကိစ္စဆောင်ရွက်ပြီးတဲ့နောက် ညနေချမ်းအချိန်မှာ အလိုရှိတော်မူလျင် ရေသုံးသပ် (ရေချိုး) တော်မူပါတယ်။

ရေချိုးပြီးတဲ့နောက် ဂန္ဓကုဋီပရိဝုဏ် အတွင်းက တရားပလ္လင်မှာ တစ်ပါးတည်း ထိုင်နေတော်မူပါတယ်။

အဲဒီအခါမှာ ထိုထိုအရပ်မှ ရဟန်းတော်များက လာရောက်ပြီး ခစားနေကြပါတယ်၊ တစ်ချို.က ပြဿနာမေးလျှောက်ကြတယ်၊ တစ်ချို.က ကမ္မဋ္ဌာန်းတောင်းကြတယ်၊ တစ်ချို.က တရားဟောဘို့ လျှောက်ကြ တယ်၊

မြတ်စွာဘုရားက သူတို့၏ အလိုအားပြည့်စုံအောင် ဖြေရှင်းဟောကြားတော်မူပါတယ်။

ထိုကိစ္စများကို ညနေချမ်း ညဉ့်ဦးယာမ်ခေါ်တဲ့ ပုရိမယာမ်မှာ ဆောင်ရွက်တော်မူပုံဖြစ်ပါတယ်။

(၄) မဇ္စျိမယာမကိစ္စ

မြတ်စွာဘုရားသည် ထိုကဲ့သို့ ညဉ့် ၁၀ နာရီခန့်အထိ ညဉ့်ဦးယာမ်ကိစ္စကို ဆောင်ရွက်ပြီးတဲ့နောက် ရဟန််းများ ပြန်သွားကြတဲ့အခါ စကြဝဠာပေါင်း တိုက်တစ်သောင်းက နတ်ဗြဟ္မာတွေက မြတ်စွာဘုရားထံ လာရောက်ပြီး အမျိုးမျိုးသော မေးခွန်းပြဿနာများကို မေးမြန်းကြပါတယ်။

သဂါထာဝဂ် သံယုတ်မှာ ထိုမေးခွန်းများ များစွာရှိပါတယ်။ မင်္ဂလာမေးခွန်းမျိုးများ ဖြစ်ကြပါတယ်။

ထိုမေးခွန်းများကို ဖြေကြားယင်း ညဉ့် သန်းကောင်ယာမ်ကုန်သွားတယ်။ သန်းကောင်ကျော် ၂-ချက်တီး အချိန်လောက် ရောက်သွားတယ်။

ထိုကိစ္စများသည် ညဉ့်အလယ်ပိုင်းမှာ မဇ္စျိမယာမကိစ္စကို ဆောင်ရွက်တော်မူပုံများ ဖြစ်ကြပါတယ်။

(၅) ပစ္ဆိမယာမကိစ္စ

ပစ္ဆိမယာမကိစ္စကို ဆောင်ရွက်တော်မူပုံမှာ ထို ၂-ချက်တီးအချိန်မှ နောက် မိုးလင်းချိန်အထိ ၃-နာရီ ခန့်ကို ၃-ပိုင်းပိုင်းပြီး ပဌမပိုင်းအချိန်မှာ ကိုယ်ကာယ မျှတအောင် စင်္ကြ ံကြွတော်မူပါတယ်၊ ဒုတိယပိုင်းအချိန်မှာ ကျိန်းစက်တော်မူပါတယ်၊ တတိယပိုင်းအချိန်မှာ ကျိန်းစက်ရာမှထပြီး လောကကြီးကို ကြည့်တော်မူပါတယ်၊
ပစ္ဆာဘတ္တကိစ္စတွင် ဖော်ပြခဲ့သည့် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတွေကို ကြည့်ရူတော်မူခြင်း ဖြစ်ပါတယ်။

အဲဒီလို ဗုဒ္ဓကိစ္စ ငါးပါးကို နေ့စဉ်မပြတ် မြတ်စွာဘုရားမှာ ဆောင်ရွက်တော်မူနေရပါတယ်၊ အားလပ်တဲ့အချိန် ရယ်လို့ မရှိပါဘူး။

(ရည်ညွှန်း။ မဟာစည်ဆရာတော်ဘုရားကြီးဟောကြားသည့် ဘာရသုတ္တန် တရားတော်ကြီး။)

===============================