¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
အရေအတွက် အခေါက်ရေနှင့် ပုတီးစိပ်သူများ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို သတိရဖို့ ဒီနေ့ခေတ်တော့
ဂုဏ်တော်ပွားတယ်ဆိုတဲ့အခါမှာ ပုတီးစိပ်ပြီးတော့ ဂုဏ်တော်ပွားကြတာလည်း
ရှိတယ်ပေါ့။ပုတီးစိပ်တဲ့အခါမှာ ဘုရားရဲ့ဂုဏ်တော်ကို စိတ်ကရောက်ရာ အင်မတန်မှ အရေးကြီးတယ်ပေါ့။အဲ့ဒီလိုမှ မဟုတ်ပဲ ပုတီးလုံးနဲ့
ပုတီးအရေအတွက်ဘက်ကို စိတ်ရောက်နေတယ်ဆိုရင် ဂုဏ်တော်နဲ့ဝေးကွာနေကြသေးတယ်ပေါ့။ဂဏန်းဘက် စိတ်ရောက်နေတာ။
အရေအတွက်ပဲ။ကိုယ်ကိုယ်တိုင်တော့ မမြင်ဖူးဘူး ကြားပဲကြားဖူးတာ။မန္တလေး
ဘုရားကြီးထဲမှာ ၈၄၀၀၀ ပုတီးစိပ်တဲ့သူတွေရှိတယ်လို့ ပြောတယ်။
အဲ့ဒီတိုင်း ပုတီးစိပ်ရင် သတိထားပေါ့။သူက ပုတီးကို လက်ညှိုးပတ်ပြီးတော့ ရမ်းနေတာလို့ပြောတယ်။ပုတီးကို လက်ညှိုးပတ်ပြီး ရမ်းလိုက်တာ
အနားနားက လူတွေ မှန်လိုက်ရင်တော့ မသက်သာဘူး။
ပုတီးကိုလက်ညှိုးပတ်ပြီးတော့ ရမ်းနေတာဆိုရင် ၈၄၀၀၀ က ခဏရသွားမှာပဲ။အဲ့လိုစိပ်တဲ့သူလည်း ရှိတယ်လို့ပြောတယ်။
တစ်ချို့လည်း ဗျင်းဗျင်းနဲ့ ဆွဲချပြီးတော့ စိပ်တဲ့သူလည်းရှိတယ်။ကိန်းဂဏန်းကိုပဲ ရှေ့တန်းတင်ပြီးတော့ ပုတီးစိပ်ကြတယ်ပေါ့။

အဲ့ဒီပုတီးစိပ်တာကိုပဲ သမထ အလုပ်ဆိုပြီးတော့ လုပ်ကြတဲ့ပုဂ္ဂိုလ် တွေလည်းရှိတာပဲ။ဘာပဲဖြစ်ဖြစ် လုပ်တယ်ဆိုလို့ရှိရင်
မှန်မှန်ကန်ကန်လုပ်ဖို့တော့ လိုအပ်တာပေါ့။မမှန် မကန်လုပ်ရပ်တွေဟာ ကောင်းကျိုးချမ်းသာပေးတော့လည်း မှန်မှန်ကန်ကန် ကောင်ကျိုးတွေ
ရမှာမဟုတ်ဘူး။ဘယ်ဟာပဲဖြစ်ဖြစ် နည်းလမ်းကျကျ စနစ်တကျ systematically လို့ခေါ်တယ်။သဘာဝကျကျ လုပ်တတ်ဖို့ လိုအပ်တယ်ပေါ့။
အဲ့ဒီလို သဘာဝမကျတဲ့ ပုတီးအပတ်ရေ ကြည့်ပြီးတော့ ဗုဒ္ဓံနုဿတိ
လုပ်လို့ကတော့ သိပ်ပြီးတော့အကျိုးတရားတွေ လုံလောက်အောင်ရမှာ မဟုတ်ဘူး။ဒါတွေက အရေအတွက်ဂဏန်းတွေပေါ်မှာ မူတည်ပြီး လာလို့။တစ်ချို့ကျတော့ ပုတီးတောင်မကိုင်တော့ဘူး Tally ဂဏန်းပေါင်းစက်ကလေးနဲ့။

ဂဏန်းစက်ကလေးနဲ့ ဆွဲပြီးတော့ လုပ်နေတာ။ဘယ်နှစ်ပတ်ရပြီ ဘယ်နှစ်ခုရပြီနဲ့ ဂဏန်းပဲ အာရုံပြုပြီးတော့ စိပ်နေတာ။ဘယ်နှစ်ခါ ရရဘာမှ လုပ်စရာမလိုဘူး။တစ်ထောင်ရမှ နှစ်ထောင်ရမှ သုံးထောင်ရမှ မှတ်စရာမှမလိုတာ။ဘုရားကို အာရုံပြုတယ်ဆိုတာ အာရုံပြုနေရင်ပြီးတာပဲ။
ဘုရားကို အာရုံမရောက်ဘဲနဲ့ ဘယ်အာရုံရောက်နေလဲဆိုတော့ အရေအတွက် ဘယ်နှစ်ပတ်ရှိသွားပြီလဲ? ဥပမာ တစ်နေ့ကို ဂုဏ်တော်ပုတီး
၅၀၀၀ ပြည့်အောင် စိပ်မယ်ဆိုပြီး အခု ဘယ်နှစ်ပတ်ရှိသွားပြီလဲ ဒါပဲကြည့်နေတာ။

ပြည့်သွားရင် ကိစ္စအေးသွားမယ်လို့ သူကဒီလိုထင်တာ။
အဓိက ကတော့ ကိုယ့်ရဲ့စိတ်ဟာ ဘုရားဂုဏ်တော်ပေါ်မှာ သတိတရားဟာ
စွဲစွဲ မြဲမြဲရှိနေဖို့ဟာ ပိုအရေးကြီးတယ်။
ဆိုလိုတာက ဘာလုပ်လုပ် မှန်ကန်ဖို့လိုတယ်လို့ ဆိုတာ။
ပြောတာကြားဖူးတယ် စစ်ကိုင်းတောင်ရိုးမှာ ထွဋ်ခေါင်ချောင်ဆိုတာ
ထွဋ်ခေါင်ဆရာတော်ကြီး မင်းတုန်းမင်းကြီးလက်ထက်က နာမည်ကြီးတဲ့
ထွဋ်ခေါင်ဆရာတော်ကြီး။ထွဋ်ခေါင်ချောင်ကနေ ကောင်းမှုတော်စေတီတော်ကို
သွားဖူးတဲ့အခါမှာ ဆရာတော်ကြီးနောက်က တပည့်တွေ
ယောဂီတွေ သီလရှင်တွေ သံဃာတွေ ပါမှာပေါ့ သွားတဲ့အခါ။အဲ့ဒီလို သွားတဲ့အခါ ဆရာတော်ကြီးက မေးတဲ့အခါ တပည့်တော်က ပုတီး ဘယ်နှစ်ပတ်ရတယ်ဘုရား။တစ်ချို့ကလည်း တပည့်တော် ဂုဏ်တော်ပုတီး ၁၀၀၀ ရတယ် ၂၀၀၀ ရတယ် ၁၀၀၀၀ ရတယ်နဲ့လျှောက်ကြတာ။
ထွဋ်ခေါင်ဆရာတော်ကြီးက “အေးဗျာ ခင်များတို့တော့ တော်လိုက်ကြတာ။ကျုပ်ဖြင့် တစ်လုံးကိုတောင် မနည်းရအောင် စိပ်ရတယ်” လို့ပြောတယ်။

ဟုတ်တယ်လေ တကယ့်ဘုရားဂုဏ်တော်ကို စိတ်ရောက်မှ အဲ့ဒီလိုမှ မဟုတ်ရင် “နင်ပြီး နင်ဆင်းပဲ သွားမှာပဲလေ”။
ပုတီးလုံးလေးတွေ ဆွဲဆွဲပြီးတော့ ချနေတာ။နင်ပြီး နင်ဆင်း၊
“ နင်” ပြီး “ နင်” ဆင်းပဲ။နောက်ဆုံးမှာ ကိုယ်ပါ ဆင်းရမယ့် ပုံစံမျိုးဖြစ်လာမယ်။
အဲ့ဒီလို အရေအတွက်ဘက် လိုက်လာတဲ့ သဘောတွေဟာ မှန်ကန်တဲ့ဟာမဟုတ်ဘူး။ဘုရားဂုဏ်ကို အာရုံပြုနိုင်ဖို့က အရေးကြီးတယ်။
နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ဘုန်းကြီးတို့ နိပေါ
ရောက်တဲ့အခါ သွားသတိထားမိတယ်။အဲ့ဒီမှာ ဘီးလုံးကြီးတွေ
လုပ်ထားတာ ရှိတယ်။ သူတို့မှာလည်း မန္တာန်ရွတ်တာတွေ မန္တာန်ကို
ဘယ်နှစ်ခေါက် ရွတ်ရမယ်ဆိုတာတွေ ရှိတယ်။
မန္တာန်ကို ဘယ်နှခေါက်ရွတ်ဆိုပြီးတော့ ။ အဲ့ဒီကနေ ကူးဆက်လာတာ။
မန္တရ တန္တရ ဂိုဏ်းတွေရဲ့အယူအဆတွေက ဒီထဲမှာ ဝင်ရောလာတာ။
ဒါကြောင့် ဂုဏ်တော်စိပ်ရင် ပုတီးဘယ်နှစ်ပတ်ပြည့်အောင် စိပ်ရမယ်လို့ဆိုတဲ့
အယူအဆတွေ ဝင်လာတာ။မန္တာန်နဲ့ဆက်စပ်ပြီးတော့ ဝင်လာတဲ့သဘောတွေပေါ့။

ဂုဏ်တော်ကို အာရုံရောက်အောင် လုပ်နိုင်ရင်တော့ အကျိုးမရှိဘူးလို့ မဆိုလိုပါဘူး။
သို့သော် စနစ်တကျ သတိတရားဟာ ကိုယ့်သန္တာန်မှာ
တန်ဖိုးရှိတဲ့ မြတ်စွာဘုရား ဂုဏ်ပေါ်မှာ လွမ်းခြုံထားတဲ့ သတိရှိဖို့ လိုအပ်တယ်။ဂဏန်းပေါ်မှာ အာရုံရောက်နေရင်တော့ ဂုဏ်ပေါ်ရောက်တာ မဟုတ်ဘူး။အဲ့ဒီတော့ နိပေါသွားတော့ သူတို့က ဘယ်နှစ်ခေါက်ဆိုတာ ရွတ်ရမယ်ဆိုတဲ့ တန္တရ မန္တရ တွေရဲ့ အယူအဆအရ ဘီးလုံးကြီးမှာဘာတွေ
ရေးထားလဲ ဆိုတော့ “ ဥုံ မဏိ ပဒ္မေ ဟုံ”ဆိုတဲ့ မန္တာန်ကိုရေးထားတယ်။
အဲ့ဒီ မန္တာန်ကြီးကိုရေးထားတာ ပါးစပ်က မရွတ်တတ်တဲ့
ပုဂ္ဂိုလ်တွေတို့ မရွတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေတို့ အဲ့ဒီဘီးလုံးကြီးကို သွားလှည့်နေကြတယ်။တစ်ပတ်ပြည့်ရင် တစ်ခေါက်ပေါ့ နှစ်ပတ်ပြည့်ရင်
နှစ်ခေါက်ပေါ့။ဘီးလုံးဆိုတာ လှည့်ရင်လည်တာပဲပေါ့။အဲ့ဒါကို ကုသိုလ်ရတယ်ထင်ပြီး လှည့်နေကြတာပဲ။ အဲ့ဒီမှာ ဘုရားဖူးတွေ တွေ့ခဲ့တာ။
ရမ်းသန်းမှန်းသန်း ယောင်တောင်ပေါင်တောင်လုပ်ပြီးတော့ မြန်မာပြည်ကတောင်
“ဥုံ မဏိ ပဒ္မေ ဟုံ” တွေ လုပ်နေသေးတယ်။

တန်ခိုးရှိတယ်ထင်ပြီးတော့ လျှောက်လုပ်ကြတာ။
အဓိပ္ပာယ်ကို နားလည်ဖို့လိုတယ်ပေါ့။ ဥုံ-ဆိုတဲ့ စကားလုံးသည်ပင်လျှင် ဘာအဓိပ္ပာယ်ဆောင်တာလဲလို့ စဉ်းစားဖို့ လိုအပ်တယ်ပေါ့။
ဥုံ-ဆိုတဲ့ စကားလုံးက “အ , အု, မ” ဆိုတဲ့ အက္ခရာ သုံးလုံးကို
တစ်သံထဲ ထွက်အောင် ရွက်တဲ့သဘော။ကိုယ်ဟာနဲ့ကိုယ်
အိမ်ပြန်တဲ့အခါ ရွတ်ကြည့်ပေါ့။“အ, အု ,မ ” အဲ့ဒီ သုံးလုံးကို
တစ်ပြိုင်တည်း ထွက်အောင် ရွတ်ကြည့်။တစ်ပြိုင်တည်း မြန်မြန်ထွက်အောင်
ရွတ်ကြည့်။“ အ ,အု, မ” လို့မဆိုနဲ့ “ အ , အောင်” ဒီလိုထွက် အဲ့ဒါကို
“ အောင်း ” လို့ အသံကြားတဲ့အခါ ကြားတယ်။
“ ဥုံ” လို့ အသံကြားတဲ့အခါ ကြားတယ်။တကယ်တော့ အဲ့ဒီ အက္ခရာ သုံးလုံးကိုပေါင်းထားတာ။ဒါက ဟိန္ဒူဘာသာဝင်တွေ သုံးတဲ့စကားလုံး။
အဓိပ္ပာယ်က , အ-ဆိုတာ ဗြဟ္မာကို ရည်ညွှန်းတာ။အု-ဆိုတာ ဗိသျှနိုး၊မ-ဆိုတာ သျှီးဗား(သိဝ) ဆိုတဲ့ နတ်ကြီးကို ရည်ညွှန်းတာ။
သူတို့အခေါ်နဲ့ဆို Brahma, Vishnu , Shiva အဲ့ဒါကြောင့် နောက်ဆုံး
အက္ခရာလေးတွေ ယူပြီးတော့
Brahma မှာ -အ၊ Vishnu မှာ- အု၊
Shiva မှာ- မ။အဲ့ဒီ သုံးလုံးကို ပေါင်းပြီးတော့ ရွတ်တာ။
“အောင်း” ဆိုတဲ့စကားလုံးက။
သူတို့ ကိုးကွယ်တဲ့ ဗြဟ္မာဆိုတဲ့- Creator ၊
ဗိသျှနု-ဆိုတဲ့ Protector ၊ သျှီဝ-ဆိုတဲ့ Destroyer ။
ဖန်ဆင်းတာကတစ်ယောက် စောင့်ရှာက်တာကတစ်ယောက်
ဖျက်စီးတာကတစ်ယောက် သုံးယောက်။
အဲ့ဒီနတ်ဘုရား သုံးဆူကိုတမ်းတပြီးတော့ တစ်ပြိုင်တည်း
တမ်းတရှိခိုးတဲ့ မန္တာန်။အဲ့ဒါဟာ “ ဥုံ ” လို့ရွတ်ဖတ်တာ။
ဗုဒ္ဓဘာသာ နဲ့မဆိုင်ဘူး။ဗုဒ္ဓဘာသာတွေ ရွတ်ချင်ရင်တော့ ဣတိပိတော ရွတ်၊
“ ဥုံ” ခံစရာမလိုဘူး။
ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ဒီလိုရွတ်
ဝေဿဝဏ် နတ်မင်းကြီးက
“အာဋာနာဋိယ”သုတ်ကို မြတ်စွာဘုရားကို လာပြီးတော့
လျှောက်ထားတဲ့အခါမှာ ကြည့် ။သူ့ရဲ့ပရိတ်သတ် တပည့်တွေ
ဘီလူးတွေ မြတ်စွာဘုရားကို ကြည်ညိုတာ ရှိတယ်။မကြည်ညိုတာရှိတယ်။
မကြည် ညိုတာတွေက များတယ်။ဘာဖြစ်လို့ များလဲဆိုတော့ ဘုရားက
သူ့အသက် သတ်ခြင်းမှ ရှောင်ရမယ်။

သူ့ဥစ္စာခိုးခြင်းမှ ရှောင်ရမယ်။ဆိုတော့
ဒီကောင်တွေက သူ့အသက် သတ်ချင်တဲ့ ကောင်တွေ
ခိုးချင်တဲ့ကောင်တွေ မဟုတ်တာလုပ်ချင်တဲ့ ကောင်တွေ
ဆိုတော့ ဘုရားကို မတည့်ဘူးသူတို့က။
မကြည်ညိုတဲ့ ကောင်တွေကများနေတာ။
ဒါ့ကြောင့်မို့ မကြည်ညိုလို့ ဘုရားကို ကိုးကွယ်တဲ့သူတွေကို
နှောက်ယှက်မှာစိုးလို့ ဘုရားကိုလာပြီးတော့ လျှောက်တာ။
လာလျှောက်တဲ့အခါမှာ အဲ့ဒီလိုလုပ်ရင် နှောက်ယှက်ချင်လို့ အနီးကပ်တယ်။အခွင့်ချောင်းတယ်ဆိုရင် ဒီကောင်ကိုဖမ်း
နယ်နှင်ဒဏ်ပေး။နောက်ဆုံးမှာ ဘီလူးအစည်းအဝေး မဝင်ရဆိုတာတွေ ကန့်သတ်ချက်တွေနဲ့လုုပ်။ဒီလိုတွေ လုပ်ပြီးတော့
ပြစ်ဒဏ်တွေ ချမှတ်တယ်။ အဲ့ဒါ အာဋာနာဋိယ သုတ်ဆိုတာ အဲ့ဒီဟာပါတယ်ပေါ့။

အဲ့ဒီတော့ ဒီလိုအန္တရာယ်တွေက ရှိနေတာကိုး။အဲ့လို ရှိနေတဲ့
အန္တရာယ်တွေက ကာကွယ်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းကို အသုံးချရမယ်။
ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ နေလိုက်တယ်ဆိုတာ ကိုရတဲ့
“ဣတိပိတော”ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အကုန်ရတယ်။
ဘုရား ဂုဏ်ကိုအာရုံပြုပြီးတော့ ကြည့်ရမယ်။အရဟံ-ဆိုတာ
ဘုရားမှာ လောဘ ဒေါသ မောဟ ကိလေသာတွေ မရှိဘူး
ဆိုတာကို အာရုံပြုလို့လည်း ရတယ်။တစ်နည်းအားဖြင့် လောကလူသားတွေဟာ ဆိတ်ကွယ်ရာရောက်ရင် မကောင်းတာလုပ်တတ်ကြတယ်။

လူကြီးသူကောင်းလို့ပြောတဲ့သူတွေတောင် ကွယ်ရာကျမဟုတ်တာ လုပ်တတ်ကြတယ်။မြတ်စွာဘုရားမှာ ကွယ်ရာမှာတောင် မဟုတ်တာမလုပ်ဘူး။
မကောင်းတဲ့ အကုသိုလ်ဆို ကွယ်ရမှာတောင် မလုပ်ဘူးဒါ့ကြောင့်မို့
“အရဟံ”ဆိုတဲ့ ဂုဏ်တော်နဲ့ ပြည့်စုံတယ် လို့တွေးပြီးတော့ စိတ်ထဲမှာ
ကြည်ညိုလာအောင် နှလုံးသွင်းရမယ်။သတိရတယ်ဆိုတာ အဲ့ဒါပြောတာ။
ဘုရားရဲ့ အရဟံ ဂုဏ်။လောဘ ဒေါသ မောဟတွေကို အကြွင်း
ကျန်မရှိအောင် ဖယ်ရှားနိုင်တယ်။သမ္မာသမ္ဗုဒ္ဓ-မှန်ကန်တဲ့တရားတွေကို ကိုယ်တိုင်သိတယ်။ဝိဇ္ဇာစရဏ-ပညာနဲ့အကျင့်တရားတွေနဲ့ လုံးဝ
ပြည့်စုံတယ်။သုဂတ-ကျင့်ကြံ ကြိုးကုတ်လို့ အောင်မြင်ပေါက်ရောက်ပြီးသာ
ပုဂ္ဂိုလ်ဖြစ်တယ်။(ဝါ)မှန်ကန်တဲ့စကားကိုပြောဆိုတယ်။
လောကဝိဒူ-လောကအကြောင်း ကောင်းကောင်းသိတယ်။ဒီလို
ဂုဏ်တော်တွေ တစ်ခုစီ တစ်ခုစီ စိတ်ထဲမှာ အာရုံပြုပြီးတော့
စိတ်နဲ့ဂုဏ်တော်တွေနဲ့ ထုံမွှမ်းတာပြောတာ။
အဲ့ဒီလို ထုံမွှမ်းထားရမယ်တဲ့ နေ့အခါမှာပဲ ဖြစ်ဖြစ် ညအခါမှာပဲဖြစ်ဖြစ်
ဘုရားဂုဏ်တော်တွေကို မိမိရဲ့နှလုံးသားထဲမှာ ပွားထုံထားပြီးဆိုရင်
ဘုရားဂုဏ်တော် ပွားထုံထားတဲ့အချိန်မှာ
ဘာအန္တရာယ်တွေ ကင်းလဲဆိုတော့အဲ့ဒီအချိန်မှာ လောဘဆိုတာ မဖြစ်ဘူး ဒေါသဆိုတာ မဖြစ်ဘူး မောဟဆိုတာလည်း မဖြစ်ဘူး။ဘုရားဂုဏ်တော်ပေါ်မှာ စိတ်ဟာဖြောင့်ဖြောင့်မှတ်မှတ်
ဘုရားဂုဏ်တော်ပေါ်မှာတွေးပြီးတော့ အာရုံပြုနေတာ။

ဘုရားဂုဏ်တော်ကို အမှတ်သတိရနေတယ် ဒီအပေါ်မှာပဲစိတ်ဟာ
တစ်ဖြောင့်တည်း ဖြစ်ပြီးတော့ စိတ်တွေဟာကြည်နူးမှုတွေ ပီတိတွေဖြစ်လာတယ်။ပီတိတွေဖြစ်တော့ ခန္ဓာကိုယ်တွေ ငြိမ်းချမ်းလာတယ်။
ငြိမ်းချမ်းလာတော့ သုခဖြစ်လာတယ်။သုခဖြစ်လာတဲ့အခါ စိတ်တည်ငြိမ်လာတယ်။ဘုရားဂုဏ်တော်ပေါ်မှာ
စိတ်ဟာ ငြိမ်ကျသွားတယ်။အဲ့ဒီလိုဖြစ်အောင် ပွားပါ။
ဂုဏ်တော် တစ်ထောင်ရအောင်တို့ နှစ်ထောင်ရအောင်တို့ ၈၄၀၀၀
ပြည့်အောင်တို့ နင်ပြီး နင်ဆင်းတွေ လုပ်မနေပါနဲ့။ဒီလိုဆိုလိုတာပေါ့နော်။
အဲ့ဒါမှ ဘုရားဂုဏ်တော်ပွားရခြင်းအကျိုးဟာ တကယ့်စစ်မှန်တဲ့အကျိုးတရားကို ရရှိမှာ ဖြစ်ပါတယ်။ဘုရားဂုဏ်တော်ပွားရင်း ပွားရင်း စိတ်ထဲမှာ
ကြည်နူးလာအောင် ဘုရားကို အာရုံပြုပြီးတော့ ပွားရတယ်။အဲ့ဒီလိုပွားတယ်ဆိုတဲ့အခါမှာ အတွင်းအန္တရာယ်တွေ ကင်းသွားတာသေချာတယ်။

လောဘ ဒေါသ မောဟ အန္တရာယ်မရှိဘူး။အပြင်အန္တရာယ်တော့ ရှိကောင်းရှိမယ်။အတွင်းအန္တရာယ်ကင်းတယ်ဆိုကတည်းက အပြင်အန္တရာယ်လည်းပဲ ကင်းသွားပြီ။အတွင်းနဲ့အပြင်ဆိုတာ အတွင်းကပို အားကောင်းတယ်။အပြင်က ဒီလောက်အားကောင်းတာ မဟုတ်ဘူး။ဒါ့ကြောင့်မို့ အတွင်းအန္တရာယ်ကင်းဖို့ရန် ပိုအရေးကြိုးတယ်။အတွင်းအန္တရာယ်ကင်းသွားတော့ အပြင်အန္တရာယ်ကလည်း ကိုယ့်ကို အနှောက်အယှက်မပေး
နိုင်တော့ဘူး ဒီလိုပြောတာနော်။အဲ့ဒီတော့ အရေအတွက်က အဓိကမဟုတ်ဘူး။

မြတ်စွာဘုရားက ဝိသာခကျောင်းအမကြီးကိုဟောတယ်။ဘုရားကိုအာရုံပြုတဲ့သတိ ကိုယ့်သန္တာန်မှာဖြစ်နေအောင်လုပ် သတိဖြစ်နေအောင်လုပ်။
ဘုရားကို သတိရနေတာ။အကြိမ်ကြိမ် သတိရအောင်လုပ်။ဘယ်အချိန်မှာ လုပ်ရမလဲဆိုတော့ အလုပ်လုပ်နေရင်းလည်းလုပ်တဲ့။
သွားနေရင်းလည်းလုပ်။ထိုင်နေရင်းလည်း လုပ်။နောက်ဆုံး သားသမီးတွေနဲ့ အတူနေတဲ့အချိန်မှာတောင် ဒီကမ္မဋ္ဌာန်းဘာဝနာပွားတဲ့။
လုပ်ငန်းကိုင်ငန်းတွေ လုပ်နေတဲ့အခါမှာလည်း ဘုရားကို ကိုယ့်သန္တာန်မှာ တည်အောင်လုပ် ဒီလိုပြောတာ။ဘယ်အချိန်ရယ်လို့ မဟုတ်ဘူး။
အချိန်မရွေး ဖြစ်နေအောင်ကြိုးစား။ဒီလိုပြောတာ။
တနေ့ဂုဏ်တော်ပုတီး ဘယ်နှစ်ပတ် စိပ်တယ်ဆိုတာ အဓိကမဟုတ်ဘူး။လွဲမှားစွာ မမှတ်သားသင့်ဘူး။တန္တရ မန္တရတွေရဲ့ အရေအတွက်တွေဟာ အဲ့ဒီဘက်ကို စိတ်ရောက်သွားလို့ ရှိရင် တကယ့်ဂုဏ်တော်ပေါ်မှာ အာရုံရောက်မှု လွှဲချော်သွားနိုင်တယ်။ဒီလိုပြောတာနော်။

{ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး}

(အစွမ်းထက်သော ကာကွယ်မှုတရားတော်မှ ကောက်နှုတ်ချက်)