¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
“အကျိုးများရန် ဒုလ္လဘရဟန်းခံ”
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

ယခုခေတ်အခါ၌ ရှေးခေတ်အခါများကထက်
ဒုလ္လဘရဟန်းခံပွဲများ မြန်မာပြည်တွင် ပို၍
များပြားလာပါသည်။ ဒုလ္လဘဟူသော အမည်နှင့်
လျော်ညီစွာ ကျင့်သုံးနေထိုင်ပါက ဒုလ္လဘ
ရဟန်းခံပြုသူများလည်း မဂ်ဖိုလ်နိဗ္ဗာန် ရောက်သည်
အထိ အကျိုးများကြမည် ဖြစ်ပေသည်။
သာသနာတော်ကြီးလည်း မိမိတို့ကို အကြောင်းပြု၍
တိုးတက်ကြီးပွား အကျိုးများမည် ဖြစ်ပေသည်။

ဒုလ္လဘဟူသောအမည်နှင့် လျော်ညီစွာ ကျင့်သုံး
နေထိုင်ခြင်း မရှိပါက မိမိတို့လည်း အပါယ်ငရဲသို့
ကျရောက်သွားသည်အထိ ဆုတ်ယုတ်သွားမည်
ဖြစ်ပေသည်။ သာသနာတော်ကြီးလည်း
မိမိတို့ကို အကြောင်းပြု၍ ဆုတ်ယုတ်သွားမည်
ဖြစ်ပေသည်။ သို့ဖြစ်၍ မိမိအတွက်၊
သာသနာတော်ကြီးအတွက် အကျိုးရှိသော
ဒုလ္လဘရဟန်းတော်များဖြစ်အောင် ကျင့်ကြံ
အားထုတ်သင့်လှပေသည်။

“ဒုလ္လဘ” ဟူသောအမည်ကို လူအများစုက သိရှိနားလည်
သဘောပေါက်နေကြသည်မှာ သာသနာ့ဘောင်သို့
ခေတ္တခဏ ဝင်ရောက်၍ လူပြန်ထွက်ကြမည့်
ရဟန်းတော်များ ဖြစ်ကြသည်ဟူ၍ နားလည်
သဘောပေါက်နေကြပေသည်။

အမှန်စင်စစ် ဒုလ္လဘဟူသောအမည်သည်
နားလည်သဘော ပေါက်ကြသည့်အတိုင်း
ခေတ္တခဏ သာသနာ့ဘောင်သို့ ဝင်ရောက်၍
လူပြန်ထွက်ကြမည့် ရဟန်းတော်များဟူ၍
အဓိပ္ပါယ်မရရှိပေ။ “ရခဲသည်ကို ရအောင်ယူသူများ”
ဟူ၍ အဓိပ္ပါယ်ရရှိပေသည်။

ဒုလ္လဘ၌ ဒု-က တစ်ပုဒ်၊
လဘ-က တစ်ပုဒ် ဖြစ်ပေသည်။

■ ဒု-ရနိုင်ခဲသည်ကို၊

■ လဘ-ရသည် (ဝါ) ရအောင်ယူသည်။

“ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ကို
ရအောင် ယူထားသူ” ဟူ၍ အဓိပ္ပါယ် ရရှိပေသည်။
ဒုလဘဟု ပင်ကိုယ်ပုဒ်ရင်းပင် ဖြစ်ပါသော်လည်း
သဒ္ဒါ စည်းကမ်းများကြောင့် “ဒုလ္လဘ” ဟု
လနှစ်လုံးဆင့် “လ္လ” ဖြစ်နေပါသည်။

ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ဟူသည်
လူဝတ်ကြောင်များအနေဖြင့် မရနိုင်၊မယူနိုင်သည့်
(၂၂၇)သွယ်သော သီလသိက္ခာပုဒ်၊ အကျယ်အားဖြင့်
ကုဋေကိုးထောင်ကျော်သော သီလသိက္ခာတို့ကို
လိုက်နာကျင့်ကြံ၍ သီလကုသိုလ်များကို ရယူ
နိုင်သောကြောင့် ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ဟု ဆိုလိုပါသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ရဟန်းပြုသူ (၅)မျိုး”

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒုလ္လဘရဟန်းခံခြင်းနှင့်စပ်၍ သာသနာတော်၌
ရဟန်းပြုသူ (၅)မျိုး ရှိသည်ကို သိထားသင့်ပေသည်။
ဒုလ္လဘရဟန်းပြုသူနှင့်တကွ သာသနာတော်၌
ရဟန်းပြုသူ (၅)မျိုးရှိပါသည်။

(၁)။ သဒ္ဓါပဗ္ဗဇိတ = ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ၊
(၂)။ ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူ၊
(၃)။ ဘယာပဗ္ဗဇိတာ = အပြစ်ဘေးကြောင့် ရဟန်းပြုသူ၊
(၄)။ မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ အစဉ်အလာကြောင့်
ရဟန်းပြုသူ၊
(၅)။ ဒုလ္လဘပဗ္ဗဇိတာ = ရခဲသည့် ရဟန်းအဖြစ်ကို
ရလိုသောကြောင့် ရဟန်းပြုသူဟူ၍ (၅)မျိုးရှိပါသည်။

(၁)။ သဒ္ဓါပဗ္ဗဇိတာ = ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ
ဟူသည် - အကြင်သူသည် ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါးတို့၏ အကြောင်းကို နာကြားရ၍
ရတနာသုံးပါး၌ ယုံကြည်ခြင်း သဒ္ဓါ - တရားဖြစ်၏။
ထိုသဒ္ဓါတရားကို အကြောင်းပြု၍ ရဟန်းပြုသောသူသည်
သဒ္ဓါပဗ္ဗဇိတ =ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူမည်၏။

ထိုရဟန်းသည် ရတနာသုံးပါးကို ယုံကြည်လေးစား
သောကြောင့် သီလသိက္ခာပုဒ်များကိုလည်း မကျိုး
မပေါက်ရအောင် အလေးဂရုပြု၍ စောင့်ထိန်း၏။
ဆရာသမားများနှင့် အတူနေသူ သီတင်းသုံးဖော်
တို့ကိုလည်း အလေးပြု၍ နေထိုင်၏။
သံသရာမှ လွတ်မြောက်ကြောင်း
ကမ္မဋ္ဌာန်းတရားတို့ကိုလည်း ကြိုးစားအားထုတ်၍
နေတတ်၏။ ဤကဲ့သို့ နေထိုင်ကျင့်သုံးသဖြင့်
ကြည်ညိုဖွယ်ဂုဏ်များနှင့် ပြည့်စုံသောကြောင့်
သာသနာတော်၏ ဂုဏ်ကျက်သရေဆောင်
ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။

(၂)။ ပညာပဗ္ဗဇိတာ = ပညာကြောင့် ရဟန်းပြုသူ
ဟူသည် - အကြင်သူသည် ဗုဒ္ဓ၏ ပိဋကတ်စာပေ
ကျမ်းဂန်တို့ကို လေ့လာဖတ်ရှုရ၊ နာကြားရ၍
အသိအလိမ္မာ ဉာဏ်ပညာ တိုးတက်လာသောကြောင့်
ရဟန်းပြု၏။ အသိအလိမ္မာ ဉာဏ်ပညာကို
အကြောင်း ပြု၍ ရဟန်းပြုသောသူသည်
ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူမည်၏။

ထိုရဟန်းသည် ဗုဒ္ဓ၏ ပိဋကတ်စာပေကျမ်းဂန်တို့ကို
သင်ယူတတ်မြောက်ခြင်း၌သာ အလေးပြု၏။
အခြားသာသနာရေးကိစ္စများ၌ အလေးပြုခြင်းမရှိ။
အများနှင့် မဆန့်ကျင်ရုံမျှသာ နေထိုင်လေ့ရှိ၏။
သို့ပါသော်လည်း ပိဋကတ်စာပေကျမ်းဂန်များ
ပြည့်စုံစွာ သင်ကြားတတ်မြောက်ပြီးသောအခါ
သဒ္ဓါနှင့်ပညာ နှစ်ပါးစုံ ပြည့်စုံလာသဖြင့် သာသနာတော်၏
ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေသည်။

(၃)။ ဘယာပဗ္ဗဇိတာ = အပြစ်ဘေးကြောင့်
ရဟန်းပြုသူ ဟူသည် - အကြင်သူသည်
ရာဇဝတ်ဘေးစသော တစ်စုံတစ်ရာသော
အပြစ်ဘေးကြောင့်သော်လည်းကောင်း၊
စားဝတ်နေရေး မပြေလည်၍သော်လည်းကောင်း
ရဟန်းပြု၏။ ထိုအပြစ်ဘေး နှင့် မပြေလည်ခြင်းကို
အကြောင်းပြု၍ ရဟန်းပြုသောသူသည်
ဘယာပဗ္ဗဇိတ= အပြစ်ဘေးကြောင့်
ရဟန်းပြုသူမည်၏။

ထိုရဟန်းမျိုးသည် များသောအားဖြင့်
ဆရာသမားကောင်းများထံ၌ စနစ်တကျလည်းမနေလိုပေ။
ကြည်ညိုဖွယ်ကို ဆောင်နိုင်သော သီလသိက္ခာပုဒ်များ
ကိုလည်း စောင့်ထိန်းခြင်း မရှိပေ။ အရပ်လေးမျက်နှာ
လှည့်လည်တောင်းခံကာ သာသနာတော်၏
ဂုဏ်ကျက်သရေတို့ကို ဖျက်ဆီးနေသော ပုဂ္ဂိုလ်မျိုး
ဖြစ်ပေသည်။

(၄)။ မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ
အစဉ်အလာကြောင့် ရဟန်းပြုသူဟူသည် -
အကြင်သူသည် ငယ်စဉ်အခါကတည်းက
ရှင်သာမဏေပြုလုပ်၍ အသက်နှစ်ဆယ်ပြည့်လျှင်
မိရိုးဖလာ ထုံးစံအတိုင်းရဟန်းပြု၏။
ထိုမိရိုးဖလာ ထုံးတမ်းစဉ်လာကို အကြောင်းပြု၍
ရဟန်းပြုသောသူသည် မိရိုးဖလာပဗ္ဗဇိတ =
မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူမည်၏။

ထိုရဟန်းမျိုးကို ယခုခေတ်အခါ၌ “ငယ်ဖြူရဟန်း”ဟု
ခေါ်ဝေါ်ကြကုန်၏။ ထိုရဟန်းသည် ဆရာသမားကောင်း
များ၏ ဩဝါဒကို ခံယူ၍ ပညာသင်ကြားတတ်မြောက်ပါက
ယုံကြည်ခြင်း သဒ္ဓါတရားနှင့်လည်း ပြည့်စုံ
လာတတ်ပေသည်။ သဒ္ဓါနှင့်ပညာ ပြည့်စုံလာသောအခါ
သာသနာတော်၏ ဂုဏ်ကျက်သရေဆောင် သာသနာ့
အာဇာနည် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေသည်။

(၅)။ ဒုလ္လဘပဗ္ဗဇိတာ = ရခဲသည့်ရဟန်းအဖြစ်ကို
ရလိုသောကြောင့် ရဟန်းပြုသူဟူသည်-
သာသနာ့ဘောင်၌ အမြဲပင် မနေနိုင်ငြားသော်လည်း
ရခဲသော ရဟန်းအဖြစ်ကို ရယူမည်။
နောက် နောင်ဘဝများအတွက် အထုံပါရမီ
ကုသိုလ်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်း၍
ရဟန်းပြု၏။ ထိုရခဲသော ရဟန်းအဖြစ်ကို ရလိုခြင်းကို
အကြောင်းပြု၍ ရဟန်းပြုသောသူသည်
ဒုလ္လဘာပဗ္ဗဇိတ = ရခဲသည့် ရဟန်းအဖြစ်ကို
ရလိုသောကြောင့် ရဟန်းပြုသူမည်၏။

အကြင် ဒုလ္လဘရဟန်းတော်တို့သည် (၂၂၇)သွယ်သော
သီလ သိက္ခာပုဒ်တို့ကို စောင့်ထိန်းခြင်းလည်း မရှိ။
ဆရာသမားများ၏ ဆုံးမဩဝါဒတို့ကိုလည်း ရိုရိုသေသေ
လိုက်နာကျင့်ကြံခြင်းလည်း မရှိ။ သာသနာတော်၏
သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်း(၄)ပါးတို့ကို
စားကာ၊ သောက်ကာဖြင့် ပျော်ပျော်နေထိုင်ကြကုန်၏။
ထိုဒုလ္လဘ ရဟန်းတော်တို့သည် ဒုလ္လဘ ဟူသော
အမည်နှင့် မလျော်ညီ။အာပတ်ကြီးငယ်များလည်း
သင့်နေမည်ဖြစ်၍ “အပါယ်ငရဲ”သို့ ကျရောက်သွားသည်
အထိ ဆုတ်ယုတ်သွားကြမည် ဖြစ်ပေသည်။

အကြင် ဒုလ္လဘရဟန်းတော်တို့သည် ဒုလ္လဘ
ဟူသောအမည်နှင့် လျော်ညီစွာ လူ့ဘဝ၌ မရနိုင်၊
မစောင့်ထိန်းနိုင်သော (၂၂၇)သွယ်သော
သီလသိက္ခာပုဒ်တို့ကို လုံခြုံအောင် စောင့်ထိန်း၏။
ဆရာသမားကောင်းတို့၏ အဆုံးအမဩဝါဒများကို
ရိုရိုသေသေ လိုက်နာ၍ သီလ၊ သမာဓိ၊ ပညာ
သိက္ခာသုံးပါးနှင့် ပြည့်စုံအောင် နေထိုင်၏။
ထိုဒုလ္လဘ ရဟန်းတော်တို့သည် မိမိတို့၏ ပါရမီ
အားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြသည်
အထိ အကျိုးများကြမည် ဖြစ်ပေသည်။

ပါရမီနုသေး၍ မဂ်ဖိုလ်နိဗ္ဗာန်သို့ မရောက်သေး
ငြားသော်လည်း နောက်နောင်ဘဝ၊ နောက်နောင်သော
ဘုရားရှင်တို့၏ သာသနာတော်၌ သောတာပန်၊
သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ ဖြစ်ကြ၍ နိဗ္ဗာန်သို့
ရောက်သွားကြရမည် ဖြစ်ပေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သတ္တာဟပဗ္ဗဇိတမထေရ်”
▬▬▬▬▬
▬▬▬▬▬▬▬▬
ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါက
အမျိုးကောင်းသား တစ်ယောက်သည် ဆွေမျိုးဉာတိများ
ပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာများ ပျက်စီးခြင်းတို့ကြောင့်
ဝိပဿီမြတ်စွာဘုရား၏ သာသနာတော်၌
ရဟန်းပြုလေ၏။ ထိုအမျိုးကောင်းသားရဟန်းသည်
ရဟန်း တရားတို့ကို ကြိုးစား၍ အားထုတ်၏။
(၇)ရက်ပြည့်သည်ရှိသော် စိတ်ဆင်းရဲခြင်း၊
စိုးရိမ်ပူပန်ခြင်းတို့ ငြိမ်းအေးသွားလေ၏။
ထိုအခါ ရဟန်းဘဝမှထွက်၍ လူဝတ်လဲသွားလေ၏။

လူ့ဘဝမှာ နေထိုင်ပြီး သက်တမ်းကုန်၍ ကွယ်လွန်
စုတေသွားသောအခါ (၉၁)ကမ္ဘာပတ်လုံး အပါယ်(၄)ပါးသို့
မကျရောက်ပါဘဲ ဂေါတမမြတ်စွာဘုရားပွင့်တော်
မူသောအခါ ဝိပဿီမြတ်စွာဘုရား လက်ထက်တော်
အခါက (၇)ရက် ရဟန်းပြုခဲ့ဖူးသော အထုံပါရမီ
ကုသိုလ်တို့ကြောင့် ပဋိသမ္ဘိဒါ(၄)ပါး၊ အဘိညာဉ်(၆)ပါး
ရရှိသော ရဟန္တာပုဂ္ဂိုလ် ဖြစ်ရလေ၏။
“သတ္တာဟပဗ္ဗဇိတမထေရ်” ဟု ထင်ရှား လေ၏။

သို့ဖြစ်၍ ဒုလ္လဘရဟန်းတော်တို့သည် ရခဲသည့် ရဟန်း
အဖြစ်ကို ရအောင်ယူသူ (ဒုလ္လဘ)ဟူသော အမည်နှင့်
လျော်ညီစွာ နေထိုင်ပါက ရဟန္တာဖြစ်၍ နိဗ္ဗာန်သို့
ရောက်သွားရသည်အထိ အကျိုးများကြမည် ဖြစ်ပါသည်။။

Special Thanks to ↔

(၁) မဟာစည်နာယက၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
အရှင်ကုဏ္ဍလာဘိဝံသ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး