¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ရှင်အရဟံ အလိုတော်ပြည့် ဂါထာတော်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

ဒီဂါထာကို အလိုတော်ပြည့်ဆရာတော်ဘုရားကြီးမှ ချီးမြှင့်၍ အဓိဌာန်ဝင်စေခဲ့ခြင်း ဖြစ်ပါတယ်။

ပုတီးစိပ်တယ်ဆိုတာ စိတ်ကို သမာဓိအားကောင်းအောင် ပြုလုပ်တာပါ။
စိတ်စွမ်းအား ကြီးမားအောင် ပြုလုပ်တာပါ။ စိတ်စွမ်းအား ကြီးမားရင် ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို မြန်မြန်ဆန်ဆန် အရောက်သွားနိုင်ပါတယ်။

ဒီနေရာမှာ တစ်ချို ့ တစ်ယူသန် သမားတွေ ပြောကြပါလိမ့်မယ်။
ဗုဒ္ဓသာသနာနဲ့ ကြုံခိုက် ဝိပဿနာပဲ အားထုတ်မယ်၊ ဘာမဟုတ်တဲ့ ပုတီးစိပ်တာတွေ မလုပ်ဘူး ဆိုပြီးတော့ပါ။
အမှန်တကယ်က အဲဒီအယူအဆဟာ ၁၀၀% မမှန်ကန်ပါဘူး။
ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ဝိပဿနာနဲ့ သမထ နှစ်မျိုးစလုံးကို ဟောကြားခဲ့ပါတယ်။ (မလိုအပ်ဖူးဆိုရင်း လုံးဝ ဟောခဲ့မှာ မဟုတ်ပါဘူး။)
သမထမှာ ကမ္မဌာန်း (၄၀) ပါဝင်ပါတယ်။ ပုတီးစိပ်တယ်ဆိုတာ အဲဒီ ကမ္မဌာန်း (၄၀) ထဲက ဗုဒ္ဓါနုဿတိကို ကျင့်တာပါ။

ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တုန်းကလည်း သမထတရားတွေကိုသာ ကျင့်ခဲ့တာပါ။
ဘုရားဖြစ်ဖို့ ဗောဓိညောင်ပင်ခြေရင်းမှာ ကျင့်တော့လည်း သမထနဲ့သာ စခဲ့တာပါ။
သမထ အခြေခံကောင်းရင် သမာဓိအားကောင်း ပါတယ်။
သမာဓိအားကောင်းရင် ဝိပဿနာကျင့်တဲ့အခါ အရမ်း လွယ်ကူပါတယ်။
နိုင်ငံခြားသားအများအပြား တရားလာထိုင်တဲ့ ဖားအောက်တောရ ကျောင်းတိုက်မှာဆိုရင်လည်း သမထနဲ့သာ အခြေခံ စရပါတယ်။
သမာဓိအား ကောင်းလာတော့မှသာ ဝိပဿနာကို ကူးပါတယ်။

အောက်မှာ ဂါထာနဲ့ အဓိဌာန်ဝင်ပုံကို ဖော်ပြပေး လိုက်ပါတယ်။
ရှင်အရဟံ ပုတီးစိပ်နည်း ဂါထာထဲက နောက်ဆုံး အပိုဒ်ပါ။

¤¤¤¤
ဂါထာ
¤¤¤¤

အနန္တံ ဗလဝံ ဗုဒ္ဓံ

အနန္တံ ဂေါစရံ ဓမ္မံ

အနန္တံ အရိယံ သံဃံ

အနန္တံ ဗောဓိ မုတ္တမံ

¤¤¤¤¤¤¤¤¤
အနက်အဓိပ္ပါယ်
¤¤¤¤¤¤¤¤¤¤

ဗလဝံ - အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော၊

ဗုဒ္ဓံ - မြတ်စွာဘုရားသည်၊

အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏။

ဂေါစရံ - မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကိုရောက်စေသော၊

ဓမ္မံ - တရားတော်မြတ်သည်၊

အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏။

အရိယံ - အရိယာဖြစ်သော သံဃာတော်မြတ်တို့သည်၊

အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏။

ဗောဓိမုတ္တမံ - ဗောဓိဉာဏ်၏ အကြောင်းဖြစ်သော ၃၇ ပါးသော ဗောဓိပက္ခိယ တရားတော်မြတ်သည်၊

အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏။

အဓိဌာန် မဝင်ခင် ဂါထာ၏ အနက်အဓိပ္ပါယ်ကို သေချာ နားလည် သဘောပေါက်ထားဖို့ လိုပါတယ်။ လူအများစုက ဂါထာတွေရွတ်တဲ့အခါ ကြက်တူရွေး နှုတ်တိုက်လိုပုံစံမျိုးနှင့်သာ ရွတ်ကြပါတယ်။
ဂါထာ၏ အနက်အဓိပ္ပါယ်ကို ဂဃနဏ သိအောင်လုပ်ပြီးမှသာလျှင် ပွားများတဲ့အချိန်မှာ အနက်အဓိပ္ပါယ်အပေါ်မှာ ကြည်ညိုသဒ္ဓါပွားနိုင်မှာ ဖြစ်ပါတယ်။

¤¤¤¤¤¤¤¤¤¤¤
အဓိဌာန် ပြုလုပ်ပုံ
¤¤¤¤¤¤¤¤¤¤¤

မိမိအိမ်ရှိ ဘုရားကျောင်းဆောင်ရှေ ့ (သို့) ဘုရားစေတီတစ်ဆူတွင် နေ့စဉ် အဓိဌာန် ဝင်ရပါမည်။ အဓိကအချက်မှာ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ဖြစ်ဖို့ လိုအပ်ပါတယ်။
ဘုရားစေတီသို့ သွားရန် အခက်အခဲရှိပါက မိမိအိမ်တွင်ပင် တိတ်ဆိတ်သော မနက်စောစော (သို့) ည (၁၁) နာရီ စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။

အဓိဌာန် မဝင်ခင် ကိုယ်လက် သန့်ရှင်းအောင် မျက်နှာသစ်၊ သွားတိုက်၊ ခြေထောက်ဆေး ပြုလုပ်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်သန့်ရှင်းသည့်အခါ စိတ်ပါ ကြည်လင်လာပါတယ်။ စိတ်ကြည်လင်တော့ သမာဓိအား ပိုကောင်းပါတယ်။

ဦးစွာပထမ ဘုရားရှိခိုး သရဏဂုံတည်၍ (၅) ပါး သီလ ဆောက်တည်ပါ။
ထိုနောက် “ဤဂါထာကို ပုတီး (၇) ပါတ်ပြည့်အောင် ရွတ်ပွားပူဇော်ပါမည်… ဤအဓိဌာန်အောင်မြင်ပါက…” ဟုဆိုကာ လိုချင်သော ဆုတစ်ခုကို “ဆုပန်” ပါ။

(ဆုတောင်းသည်ဟု မခေါ်ဘဲ ဆုပန်သည်ဟုခေါ်ပါ သည်။ အကြောင်းအရင်းကို အောက်တွင် ရှင်းပြထားပါသည်။)

ထိုနောက် ဂါထာတစ်ခေါက်ဆုံးလျှင် ပုတီးတစ်လုံးချဖြင့် ပုတီး (၇) ပါတ်ပြည့်အောင် ပွားများပါ။ (အနက်အဓိပ္ပါယ်ကို ပွားများရန် မလိုပါ။ သို့သော် စိတ်ထဲမှ အဓိပ္ပါယ်ကို ကြည်ညိုမှုပြုနိုင်လျှင် ပိုကောင်းပါတယ်။)
ပုတီး (၇) ပါတ်ပြည့်လျှင် သစ္စာဆိုပါ။

သစ္စာဆိုပုံမှာ ---

“တပည့်တော်သည် ဤဂါထာဖြင့် ပုတီး (၇) ပါတ်ပြည့်အောင် ပွားများခဲ့ပါသည်။
ဤမှန်ကန်သော သစ္စာစကားကြောင့်” ဟုဆိုကာ လိုချင်သော ဆုကို “ဆုပန်” ပါ။
ထို့နောက် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းကို အမျှပေးဝေပါ။

ပွားများနေစဉ်အတွင်း သက်ရှိထင်ရှား မြတ်စွာဘုရားကို စိတ်ထဲမှ ပုံဖော်ကြည့်ပါ။
ပုံဖော်ပုံမှာ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်တွင် နတ်၊ ဗြဟ္မာပရိသတ်ကို တရားဟောကြားနေပုံကို စိတ်ကူးထဲတွင် ပုံဖော်၍ ကြည်ညိုပါတယ်။

အစမှ အဆုံး စုစုပေါင်း နာရီဝက်ကျော် မိနစ် (၄၀) လောက် ကြာနိုင်ပါတယ်။
(၉) ရက်၊ (၄၅) ရက်၊ (၉၀) ရက်၊ (၁၀၈) ရက် အစရှိသည်ဖြင့် ကိုယ်အခြေအနေပေးသလို အဓိဌာန်ဝင်နိုင်ပါတယ်။

ဆုတောင်းတဲ့အစား “ဆုပန်” ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြပါမယ်။

■ လောကမှာ ဘယ်အရာမှ အလကား မရပါဘူး။ အလှူအိမ်မှာ ထမင်း အလကားသွားစားရင်တောင်မှ ကိုယ်ရဲ ့ အချိန်တွေကို ပေးလိုက်ရပါတယ်။

■ ဒါပေမယ့် လူတော်တော်များများဟာ အလကားရဖို့ (သို့) အချောင်ရဖို့ကိုသာ စိတ်ဝင်စားကြပါတယ်။

ဥပမာ-
လူတစ်ယောက် ဘုရားကို ငှက်ပျောသီးလေး တစ်လုံးကပ်ပြီး သိန်း (၁၅၀၀) ဆုကြီး ပေါက်ပါစေလို့ ဆုတောင်းသလိုမျိုးပါ။
အချောင်ရလိုစိတ်ကြောင့်သာ အဲဒီလိုဆုတောင်းတာပါ။

ဆုပန်ခြင်းရဲ ့ ရည်ရွယ်ချက်ဟာ အဲဒီဆုကို မဖြစ် ဖြစ်အောင် မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်ပြီး အရယူမယ်လို့ ကတိပြုတာပါ။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက်က ဒီပင်္ကရာမြတ်စွာဘုရား ရှေ ့မှောက်မှာ ဘုရားဆုပန်တယ်ဆိုတာ ဘုရားဖြစ်အောင် မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်ပါမယ်လို့ ဝန်ခံ ကတိပြုခဲ့တာပါ။ အဲဒီလိုပဲ ကိုယ်ဖြစ်ချင်တာတွေကို ဆုပန်ပြီး မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်ပါမယ်လို့ ဝန်ခံ ကတိပြုခြင်းသာလျှင် အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

နောက်တစ်ခုပြောချင်တာကတော့ ဘဝမှာ အောင်မြင်ဖို့အတွက် ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးစလုံး လိုအပ်ပါတယ်။
ဂုဏ်တော်ပွားများတယ်ဆိုတာ ကံကောင်းလာအောင် လုပ်ယူတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ ကံကောင်းအောင်လည်း ကြိုးစားမယ်၊ ဉာဏ်နဲ့ ဝီရိယလည်း စိုက်ထုတ်မယ်ဆိုရင် ထိုသူအတွက် အောင်မြင်မှုပန်းတိုင်ကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် ရောက်ရှိမှာ ဖြစ်ပါတယ်။

တစ်ခြား မသိသေးသောသူများလည်း သိအောင် ဒီပို့စ်ကို ဓမ္မဒါနအဖြစ် လွတ်လပ်စွာ ရှယ်နိုင်ပါတယ်။

ချစ်မိတ်ဆွေအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ ရပ်ရွာ၊ နိုင်ငံကို ကောင်းကျိုးပြုတဲ့ လူသားတစ်ယောက် ဖြစ်နိုင်ပါစေ။