¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
တရားအားထုတ်တော့မယ်ဆိုရင်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

တရားအားထုတ်စဉ် အရေးကြီးသောအချက်များ..

၁ ။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့..
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊ လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ..

၂ ။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ..

၃ ။ ဖြစ်အောင်လုပ်ရင် လောဘ ၊ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ..

၄ ။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ,သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ..

၅ ။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ပြန်စစ်ဆေးကြည့်ရမယ် ..

၆ ။ ကောင်းတာလည်း ရှုရမှာပဲ ၊ဆိုးတာလည်း ရှုရမှာပဲ ..

၇ ။ ကောင်းတာမှ လိုချင်တယ်မကောင်းတာဆို နည်းနည်းမှမလိုချင်ဘူးဆိုရင် တရားပါ့မလား ..

၈ ။ မျှော်လင့်ချက် မပါစေနဲ့လိုချင်တာ မပါစေနဲ့ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင်တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ..

၉ ။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ..

၁၀ ။ စိတ်က ပင်ပန်း ဆင်းရဲနေရင်တရားအားထုတ်တာ တခုခုလိုနေပြီ ..

၁၁ ။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ..

၁၂ ။ စိတ်နဲ့ကိုယ်ပင်ပန်းဆင်းရဲလာရင်တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ..

၁၃ ။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ
စဉ်းစားနေတာ, ဆင်ခြင်နေတာ,ဝေဖန်နေတာ မဟုတ်ဖူး ..

၁၄ ။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ..
၁၅ ။ တရားအားထုတ်တဲ့စိတ်ကအေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ..

၁၆ ။ စိတ်ရော ကိုယ်ရောသက်တောင့်သက်သာရှိရမယ်..

၁၇ ။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှတရားအားထုတ်လို့ ရတယ် ..

၁၈ ။ တရားအားထုတ်တယ်ဆိုတာကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ..

၁၉ ။ စိတ်က ဘာလုပ်နေလဲတွေးနေသလား, သိနေသလား ..

၂၀ ။ စိတ်က ဘယ်ရောက်နေလဲအတွင်းမှာလား, အပြင်မှာလား ..

၂၁ ။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်ကသေချာသိလား, အပေါ်ယံသိလား ..

၂၂ ။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ..

၂၃ ။ အတွေးကို ပြဿနာ မရှာနဲ့မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ..

၂၄ ။ အာရုံကို ပယ်ရမှာ မဟုတ် ၊အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကိုသိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ..

၂၅ ။ သဒ္ဓါရှိမှ ဝီရိယ ရှိမယ်၊ဝီရိယ ရှိမှ သတိမြဲမယ်၊သတိမြဲမှ သမာဓိ တည်မယ်၊
သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ..

၂၆ ။ ပစ္စုပ္ပန်တည့်တည့်ကိုသာသတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊အနာဂတ်ကိုလည်း မကြံနဲ့ ..

၂၇ ။ အာရုံက အရေးမကြီးဘူး ၊အနောက်က အလုပ်လုပ်နေတဲ့
စိတ်က ပိုအရေးကြီးတယ် ၊ရှုမှတ်စိတ်သာ သဘောထားမှန်ရင်
အာရုံအမှန်ရမှာပဲ ...

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ဘုရားကြီး