မိထွေးတော်ဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
အမျိုးသမီ းများ ဘိက္ခုနီသာသနာတော်သို့ ဝင်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။
နောက်ဆုံ း ရဟန်းမဘဝတွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီးအကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြု အမျိုးသမီးများစွာပေါ်ထွန်းခဲ့သည်။သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦးပေါ်ပေါက်ခဲ့ရသည်။
ဤအရှင်မလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမြို့၌ စည်းစိမ်ကြွယ်ဝသော အမတ်ကြီးတစ်ဦး၏ သမီးဖြစ်ခဲ့သည်။တနေ့တွင် ပဒုမုတ္တရဘုရားရှင်ထံသို့ ဖခင်နှင့်အတူ တရားနာ လိုက်သွားရာ ဘုရားရှင်က မိထွေးဖြစ်သော ရဟန္တာထေရီမကြီးအား သိက္ခာအကြီးဆုံးအရာ၌ ဧတဒဂ်ထားသည်ကို တွေ့ရ၍ထိုဆုကိုတောင်းယူလိုသော ဆန္ဒဖြစ်ခဲ့သည်။ဖခင်ထံ ခွင့်ပန်ပြီးဘုရားအမှူးရှိသော သံဃာတော်များကို ခုနှစ်ရက် ခုနှစ်လီ အလှူကြီးပေးလှူပြီး ထိုဆုကိုပန်ခဲ့သည်။

အရှင်မလောင်းလျာသည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသောကဿပ ဘုရားရှင် သာသနာတော် ကွယ်ပပြီးနောက် ဂေါတမဗုဒ္ဓမပွင့်ထွန်းမီ ကြားကာလတွင် အလုပ်သမားငါးရာတို့ကို ကြီးမှူးအုပ်ချုပ်ရသော အလုပ်သမားခေါင်းကြီး၏ဇနီးဖြစ်ခဲ့သည်၊ထိုဘဝတွင် အလုပ်သမားငါးရာတို့၏လုပ်အားဖြင့် ပစ္စေကဗုဒ္ဓါတို့ကို ၀ါဆိုကျောင်းဆောက်လုပ်လှူခဲ့သည်။၀ါကျွတ်တွင် ပရိက္ခရာတို့ကို လှူခဲ့သည်။
ဘဝတခုတွင်လည်း ယက်ကန်းသည်တို့ကို အုပ်ချုပ်ရသောသူ၏ဇနီးဖြစ်ခဲ့ပြီးပဒုမဝတီမိဖုရားမှ ဖွားသော ပစ္စေကဗုဒ္ဓါ ငါးရာတို့ကိုဆွမ်းလှူဒါန်းခဲ့သည်။
ထိုမှတဖန် လူ့ဘုံ နတ်ဘုံ အစုံအလင်ခံစားပြီးနောက် ဤဘုရားရှင် သာသနာပေါ်ချိန်နီးလာသော အခါ ဒေဝဒဟပြည်တွင် မဟာသုပ္ပဗုဒ္ဓမင်းကြီး၏ သမီးတော်ငယ်ဖြစ်လာ၍အရွယ်ရောက်သော် အစ်မတော်မာယာဒေဝီနှင့်အတူ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းနှင့် လက်ထပ်ထိမ်းမြှားခဲ့ရသည်။
မယ်တော်မာယာသည် ဗုဒ္ဓမြတ်စွာလောင်းလျာဖြစ်သော သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး ခုနှစ်ရက်မြောက်တွင် နတ်ရွာလားကာ တုသိတာနတ်ပြည်သို့ ရောက်ရှိသွားသည်။

မယ်တော်မာယာ နတ်ရွာစံပြီးချိန်မှစ၍ ညီမတော်မဟာပဇာပတိဂေါတမီသည် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်ခဲ့သည်။သူမတွင် သားတော်နန္ဒမင်းသားနှင့် သမီးတော်ဇနပဒကလျာဏီတို့ ထွန်းကားခဲ့သည်။မိထွေးတော်ဂေါတမီသည် မိမိရင်နှစ်သည်းချာ သားလှရတနာဖြစ်သည့် နန္ဒမင်းသားကို နို့ထိန်းများနှင့် လွှဲအပ်ထားပြီးမိမိကိုယ်တိုင်မူကာ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားကိုသာ နို့ချိုတိုက်ကျွေး၍ ပြုစုမွေးမြူခဲ့ရသည်။ဤကဲ့သို့ ဗုဒ္ဓမြတ်စွာလောင်းလျာ ခုနှစ်ရက်သားအရွယ်မှစ၍မွေးမြူစောင့်ရှောက်ခဲ့ရသည်။ ဗုဒ္ဓလောင်းလျာသည် သက်တော် ၂၉-နှစ်အရွယ် သားတော်ရာဟုလာကို ဖွားမြင်ပြီးနောက် တောထွက်တော်မူသွားသည်။မိထွေးတော်ဂေါတမီနှင့် မတွေ့ဆုံခဲ့ရချေ။

မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သို့ ကြွတော်မူ၍ ခမည်းတော် သုဒ္ဓေါဒနမင်းနှင့်တကွ ဆွေတော်မျိုးတော်တို့အားနိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူခဲ့သည်တွင်မှ ပြန်လည်ဆုံတွေ့ရပြီး ဆွေတော်မျိ ုးတော်များနှင့်အတူ တရားနာယူရသဖြင့်သောတာပန်အရိယာ ဖြစ်ခဲ့ပါသည်။ မိထွေးတော်ဂေါတမီ၏သားတော်ဖြစ်သူ နန္ဒမင်းသားနှင့် မြေးတော်ရာဟုလာတို့သည် ဘုရားရှင်၏ သာသနာတော်တွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ညီတော် အာနန္ဒာအပါအဝင် သာကီဝင်မင်းသား ခြောက်ယောက်တို့သည်လည်းဘုရားရှင်သာသနာသို့ ဝင်ရောက်သွားကြသည်။သားတော် မြေးတော်များ ထီးရိပ်နန်းရိပ်မှ သာသနာရိပ်၌ ခိုလူံသွားကြသောအခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးနည်းတူ မိမိလည်းပထမတွင် သားသမီးအချစ်မြေးအနှစ် ဆိုသကဲ့သို့ ခွဲခွာရသောဒုက္ခကို ခံစားခဲ့ရသည်။

ဘုရားရှင် ဒုတိယအကြိမ် ကပလိလဝတ်ပြည်သို့ ကြွရောက်လာသော အချိန်တွင် ဂေါတမီသည် ချောမွတ်နူးညံ့လှသော ချည်အကောင်းစားဖြင့် သားတော်ဘုရားအတွက် သင်္ကန်းရက်လုပ်ပြီး လှူခဲ့သည်။ ဘုရားရှင်ကထု ိသင်္ကန်းကို လက်မခံဘဲ သံဃာတော်များကိုလှူလျှင် မိမိကိုလည်းလှူရာရောက်သည်ဟု ချီးကျူးကာ သံဃာကိုသာ လှူရန် လမ်းညွှန်မူပေးခဲ့သည်။

ဘုရားရှင် ကပိလဝတ်မှ ပြန်ကြွ၍ မကြာမီ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထီးဖြူရိပ်မှာပင် လူဝတ်ကြောင် ရဟန္တာဘဝဖြင့် ပရိနိဗ္ဗာန်ပြုခဲ့သည်။တနေ့ထက်တနေ့ တွေ့ကြုံရသော အပြောင်းအလဲ၊မမြဲသော သင်္ခါရသဘောနှင့် သာသနာ၏သဘောတို့ကို သိမြင်လာခဲ့သည်။

ဂေါတမီသည် ရောဟိဏီမြစ်အရေးအခင်းဖြစ်ပြီးနောက် ကောလိယနှင့် ကပိလဝတ်မှ တစ်ဘက်(၂၅၀) စီ ရဟန်းပြုသွားကြကာ သာကီဝင်မင်းသားတို့၏ ကြင်ယာတော် ဇနီးငါးရာတို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ရပြန်သည်။

ဂေါတမီသည် လောကီအမြင်အရ လင်သားမရှိ၊ သားတို့မြေးတို့လည်းမရှိတော့သောမှီတွယ်ရာမဲ့ မုဆိုးမဘဝ၊ အားငယ်စရာဝဖြစ်သည်ဟုထင်ဖွယ်ရှိ၏၊ သို့သော်လည်းဂေါတမီသည် ထိုလင်သားမြေးများ မရှိခြင်းကပင်အနှောင်အဖွဲ့မှလွတ်မြောက်သူဖြစ်လာ၏၊ ချစ်လှစွာသောမိဘနှင့် ဇနီးသားမယားတို့ကိုပင် စွန့်ခွာနိုင်လောက်အောင် သာသနာရိပ်ခိုလူံသွားကြသူတို့၏ ချမ်းသာကိုလည်းအားကျမျှော်မှန်းနေခဲ့မိသည်၊ ယခုမူ မိမိအလှည့်၊မိမိအချိန်ရောက်လေပြီဟု ဝမ်းမြောက်ကာ ဘုရားသာသနာတော်၌ ဝင်ရောက်ခိုလူံရန် စိတ်ဆုံးဖြတ်လိုက်သည်၊မင်းသမီးငါးရာတို့နှင့် တိုင်ပင်ရာ မင်းသမီးငါးရာတို့ကလည်း သာသနာတော်ဝင်ရန် သဘောတူကြသည်။

ထိုအချိန်က ဘုရားသာသနာတော်၌ဘိက္ခုနီဝတ်သူ မရှိသေးချ။မဟာပဇာပတိဂေါတမီသည် ဘုရားရှင်သီတင်းသုံးရာ နိဂြောဓာရုံကျောင်းသို့ဝင်ပြီး ဘုရားရှင်ကို ရိုသေစွာရှိခိုးကာ မြတ်စွာဘုရားသသနာတော်၌အမျိုးသမီးများ ဝင်ရောက်ထမ်းဆောင်ခွင့်ပြုပါရန်လျှောက်ထားသည်။

“ဂေါတမီ --- သာသနာတော်၌အမျိုးသမီးများ ဝင်ရောက်ထမ်းဆောင်ခွင့်ကို မတောင့်တပါလင့်”ဟု ဘုရားရှင်တားမြစ်ခဲ့သည်။

ဂေါတမီသည် ဇွဲမလျှော့ဘဲ သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်၊ဘုရားရှင်ကား ခွင့်ပြုတော်မမူ၊ မျှော်လင့်ချက်လမ်းဆုံး၌ ယူကျုံးမရ၊ ဝမ်းနည်းစွာဖြင့် နန်းတော်သို့ပြန်ခဲ့ရသည်။

မြတ်စွာဘုရားရှင်ကလည်းကပိလဝတ်ပြည်မှ ယူဇနာငါးဆယ်ကွာဝေးသော ဝေသာလီပြည်သို့ ကြွသွားတော်မူပြီးမဟာဝုန်တော ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူလေသည်။

မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီနှင့်အတူ သာကီဝင်မင်းသမီးငါးရာတို့သည် ဆတ္တာသည်တို့ကို ခေါ်၍ အမျိုးသမီးတို့၏အမြတ်နိုးဆုံးအရာဖြစ်သော ဆံကေသာတို့ကို ပယ်ဖြတ်ကြသည်၊ ထို့နောက် အဖိုးထိုက်တန်သော ထီးသုံးနန်းသုံး အဝတ်အစား ဆင်ယင်ထုံးဖွဲ့မူများကို ပယ်စွန့်၍ဖန်ရည်စွန်းသော အဝတ်များကို ဝတ်ဆင်လိုက်ကြသည်။
ထို့နောက် မြတ်စွာဘုရားကြွတော်မူရာ အရပ်ကိုစုံစမ်းပြီး ခြေလျင်ခရီးဖြင့် လိုက်သွားခဲ့ကြသည်။

ယူဇနာငါးဆယ်ခရီးကိုပင် ဝေါယာဉ်စသည်တို့ကို အသုံးမပြုဘဲ ခြေလျင်လျှောက်လှမ်းခဲ့ကြသည်ကို ကြည့်လျှင် မိထွေးတော်ဂေါတမီတို့၏သာသနာတော်သို့ ဝင်ရောက်လိုသောဆန္ဒ ပြင်းပြမူကို သိသာနိုင်သည်။ ပင်ပန်းကြီးစွာ လျှောက်လှမ်းခဲ့ရသဖြင့် ဝေသာလီပြည် ဘုရားကျောင်းတော် အနီးသို့ ရောက်သောအခါ နန်းတွငး်သူမင်းသမီးတို့၏နူးညံ့သော ခြေထောက်များ ပေါက်ကွဲကာ သွေးချင်းချင်းနီလျက် ရှိကုန်၏၊ ခန္ဓာကိုယ်တွင်လည်းဖုံအလိမ်းလိမ်းကပ်ငြိလျက်ရှိသည်။ ဘုရားရှင် သီတင်းသုံးရာ ကျောင်းပေါက်ဝနံရံကိုမှီကာ ငိုယိုနေကြကုန်၏။

မင်းသမီးငါးရာတို့၏ ငိုယိုသံကို အရှင်အာနန္ဒာ ကြား၍ လာရောက်စုံစမ်းမေးမြန်းသောအခါ မိထွေးတော်ဂေါတမီ၏ ဘိက္ခုနီ(ရဟန်းမ)ပြုလိုသော ဆန္ဒ ပြင်းပြမူကို သိရှိရသဖြင့် ဘုရားရှင်အားလျှောက်ထားပေးသည်။အရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ၏ ကျေးဇူးဂုဏ်တို့ကိုဖော်ပြ၍ အကြိမ်ကြိမ် ခွင့်ပန်လျှောက်ထား ပန်ကြားသော်လည်း ဘုရားရှင်၏ခွင့်ပြုချက်မရ။ထိုအခါအရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ တစ်ဦးတည်းသာ မဟုတ်ပဲ အမျိုးသမီးအားလုံး ဘိက္ခုနီအဖြစ်ဖြင့် အရိယာဖြစ်နိုင်ခွင့်ရှိ မရှိကိုမေးမြန်းလျှောက်ထားရာ မြတ်စွာဘုရားရှင်က အမျိုးသမီးများလည်းဘိက္ခုနီဘဝဖြင့် အရိယာဖြစ်နိုင်ကြောင်း ဖြေကြားတော်မူသည်။

နောက်ဆုံး ဘုရားရှင်က မိထွေးတော်ဂေါတမီအား အောက်ပါဂရုဓံတရားရှစ်ပါးကို ခံယူဆောက်တည်စောင့်ထိန်းနိုင်ပါက ဘိက္ခုနီ(ရဟန်းမ)အဖြစ်ဖြင့် သာသနာတော်တွင် ရဟန်းပြုခွင် ့ပေးမည်ဟု ခွင့်ပြုမိန့်ကြားတော်မူသည်။ ဂရုဓံတရား ရှစ်ပါးတို့ကား -

(၁)ရဟန်းမသည် ၀ါတရာပင်ရသည်ဖြစ်စေ၊ ယနေ့မှဖြစ်လာသော ရဟန်းသစ်ကို ရှိခိုးရမည်၊ ခရီးဦးကြိုဆိုရမည်၊ လက်အုပ်ချီရှိခိုးရမည်၊ အရိုအသေပေးရမည်။

(၂)ယူဇနာဝက်အတွင်း၌ရဟန်းယောက်ျားတစ်ပါးမျှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။ (ယူဇနာဝက်အတွင်း ရဟန်းယောက်ျားရှိရမည်၊ဝေးကွာ၍မနေရ။)

(၃)ရဟန်းသံဃာများထံသို့ လပြည့် လကွယ် နေ့တိုင်း ဥပုသ်အမေးသွားရမည်၊သြဝါဒခံယူရန် သွားရမည်။

(၄) ၀ါကျွတ်ပြီးသောရဟန်းမသည် ရဟန်းနှင့် ရဟန်းမ သံဃာနှစ်ရပ်လုံး၌ ကိုယ်တိုင်မြင်သော၊တဆင့်ကြားသော၊ ယုံမှားသင်္ကာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြဆိုရန် ပန်ကြားရမည်။(ပဝါရဏာပြုရမည်။)

(၅)ကြီးလေးသောအာပတ်ကြီးများသင့်သော ရဟန်းမသည် ရဟန်းမများထံ၌သာ ကမ ရဟန်းတော်များထံသို့လည်းသွား၍ အပြစ်ကို(ဒေသနာကြား) ကုစားရမည်။

(၆) ၀ိကာလဘောဇနာတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခမာန်(အကြိုးတရားကျင့်သူ အမျိုးသမီး)ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန်ကြိုးစားအားထုတ်ရမည်။

(၇)မည်သို့သောအကြောင်းရှိသည်ဖြစ်စေရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ရေရွတ်တိုင်း ထွာခြင်းမပြုရ။

(၈)ဤနေ့မှအစပြု၍ရဟန်းမတို့က ရဟန်းတို့အပေါ် ဆုံးမသြဝါဒပြောဆိုခွင့် မရှိပေ။

မိထွေးတော် ဂေါတမီသည် ဤဂရုဓံတရားရှစ်ပါးတို့ကို ခံယူလိုက်သဖြင့် ပထမဦးဆုံး သာသနာ့တာဝန် ထမ်းဆောင်ခွင့်ရသော ရဟန်းမတစ်ပါးဖြစ်လာ၏။ ဤသာသနာတော်၌ ဂရုဓံတရားရှစ်ပါးကို ခံယူခြင်းဖြင့် ရဟန်းဖြစ်ခွင့်ရရှိသူမှာ မိထွေးတော်ဂေါတမီ တစ်ပါးတည်းသာရှိသည်။ထို့ကြောင့် ဤမြတ်စွာဘုရား သာသနာတော်တွင်ပထမဆုံးဘိက္ခုနီပြုခွင့်ရသဖြင့် ဘိက္ခုနီများတွင် သိက္ခာဝါအကြီးဆုံးရ ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးမြှောက်ခြင်းကို ခံယူရသည်။

ရဟန်းတော်များနည်းတူ မြတ်စွာဘုရားအဆုံးအမကို ဟောကြားဆုံးမ၍အမျိုးသမီးများ အမျိုးသားများနှင့်နည်းတူ သာသနာ့အခွင့်ကောင်းကြီးရအောင် ဆောင်ရွက်တော်မူခဲ့သော မဟာပဇာပတိဂေါတမီကြီးသည် သက်တော် တစ်ရာ့နှစ်ဆယ်အရောက်တွင် ပရိနိဗ္ဗာန်ပြုတော်မူလေ သည်။ပရိနိဗ္ဗာန်ပြုခါနီးကာလ ဟောကြားခဲ့သော တရားများနှင့် ပရိနိဗ္ဗာန်ပြုခါနီးကာလအထိ သာသနာပြုသွားပုံမှာ ထူးခြားမှတ်သားလောက်ပေသည်။

မဟာပဇာပတိ ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်ပြုခါနီး မြတ်စွာဘုရားရှင်အားလျှောက်ထားပူဇော်သွားေ သာ တရားစကားများတွင် အောက်ပါတရားစကားများမှာ အထူးမှတ်သားကြည်ညိုဖွယ် ကောင်းလှသည် -

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊ဧတံပရမဒုလ္လဘံ။ (သားတော်ကြီးဘုရား -မိန်းမသားတို့အားမင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မရရှိပါပြီ။ )

မဓုရာနိ ပဟဋ္ဌာနိ၊ဒေါသဂါ္ဃနိ ဟိတာနိ စ။ ယေ တေ ၀ါကျာနိ သုယျနိ ္တ၊ တေပိ ဓညာ နရုတ္တမ။ (လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား- စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတိီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။ )

ယံ န ဒိဋ္ဌံပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိပိ။ တံ ပဒံ သုကုမာရီဟိ၊သတ္တဝဿာဟိဝေဒိတံ။( ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီးအဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြသော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့သည်ပင် သိမြင်ခံစားနေကြပါပြီဘုရား။)

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Special Thanks To:
နောင်ချို(ဝင်းမင်းကျော်)