မာရ်နတ်ဆိုသည်မှာ သီးခြားတည်ရှိသော နတ်တစ်ပါး
မဟုတ်ဘဲ ခန္ဓာကိုယ်ရှိ အာရုံငါးပါးကို ခေါ်ခြင်း
ဖြစ်သည်ဟု ထင်ပါသည်။
ဟုတ်မဟုတ် ဖြေကြားပေးတော်မူပါဘုရား။
(မောင်စံလွင်၊မင်္ဂလာဒုံမြို့နယ်။)

ဒကာစံလွင်ရေ ....
ဒကာစံလွင်ရဲ့ မေးခွန်းကိုဖတ်လိုက်ရတယ်ဆိုရင်ပဲ
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်များစွာထဲက
“ဇိနဂုဏ်တော်” ကို ချက်ချင်းသတိရလိုက်မိပါတယ်။
“ဇိန” ဆိုတာ “မာရ်ငါးပါးကို အောင်မြင်တော်မူသော
မြတ်စွာဘုရား” လို့ အဓိပ္ပာယ်ရပါတယ်။

“ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူသော
မြတ်စွာဘုရား”လို့ အများစု သိထားကြတဲ့
“ဘဂဝါဂုဏ်တော်” ရဲ့ တခြားအဓိပ္ပါယ်တစ်ခုကတော့
“မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား”
ပါပဲ။

“မာရ်”ဆိုတာ “မာရ” ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတဲ့
ပါဠိသက်မြန်မာဝေါဟာရတစ်ခုပါ။ “မာရ” ဆိုတာ
“သေခြင်း၊ သေစေခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။
သေတတ်တဲ့သဘော၊ သေအောင်သတ်တတ်
တဲ့သဘောကို မာရ (မာရ်) လို့ ခေါ်ပါတယ်။
“အသတ်သမား” လို့ပဲ ဆိုပါတော့။ လူကို သတ်တဲ့ မာရ်ကို
“လူသတ်သမား”၊ စိတ်ကို သတ်တဲ့ မာရ်ကို
“စိတ်သတ်သမား” လို့ ခေါ်နိုင်ပါတယ်။

လူကိုလည်း သတ်၊ စိတ်ကိုလည်း သတ်တတ်တဲ့
မာရ်က “ငါးပါး” ရှိပါတယ်။
(၁)။ ဒေဝပုတ္တမာရ်၊
(၂)။ ကိလေသမာရ်၊
(၃)။ အဘိသင်္ခါရမာရ်၊
(၄)။ ခန္ဓမာရ်နဲ့
(၅)။ မစ္စုမာရ်တို့ပါပဲ။

ဒေဝပုတ္တမာရ်က သက်ရှိမာရ် ဖြစ်ပြီး
ကျန်တဲ့ မာရ်လေးပါးကတော့ “သက်မဲ့မာရ်”
ဖြစ်ပါတယ်။

(၁)။“ဒေဝပုတ္တမာရ်” ဆိုတာ အားလုံးသိကြတဲ့
မာရ်နတ်သားကို ပြောတာပါ။ (ဒေဝပုတ္တ = နတ်သား။)
စတုမဟာရာဇ်၊ တာဝတိံသာ၊ယာမာ၊ တုသိတာ၊
နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီလို့ နတ်ပြည်ခြောက်
ထပ်ရှိတဲ့အထဲမှာ အထက်ဆုံးနတ်ပြည်ဖြစ်တဲ့
ပရနိမ္မိတဝသဝတ္တီနတ်ပြည်က ဖြစ်ပါတယ်။

“မာရ်နတ်မင်း” လို့ သူ့ကို “မင်း” တပ်ပြီးပြောကြပေမယ့်
သူကပရနိမ္မိတဝသဝတ္တီနတ်ပြည်ကို စိုးမိုးအုပ်ချုပ်ရတဲ့
အဓိကပဓာနနတ်မင်းကြီး မဟုတ်ပါဘူး။
အဓိကအကြီးဆုံးနတ်မင်းက “ဝသဝတ္တီနတ်မင်း”
ရယ်လို့ သီးခြားရှိပါတယ်။ မာရ်နတ်ကတော့
အဲဒီနတ်ပြည်ရဲ့ “စင်ပြိုင်မင်း” လို့ ပြောရမှာပေါ့။
“သူပုန်ဗိုလ်၊ ဓားပြဗိုလ်” လို့ ပြောရင်လည်း ရပါတယ်။
“လူဆိုးဂိုဏ်းခေါင်းဆောင်” .... အဲလေ ....
“နတ်ဆိုးဂိုဏ်းခေါင်းဆောင်” လို့ပြောရင် ပိုမှန်မယ်
ထင်ပါတယ်။ “အဖျက်သမားဂိုဏ်းချုပ်ကြီး”ပေါ့နော်။

မာရ်နတ်က သုံးဆယ့်တစ်ဘုံကို သူ့ရဲ့ပိုင်နက်လို့
သတ်မှတ်ထားသလို၊လောကီအာရုံကာမဂုဏ်ချမ်းသာ
တွေကိုလည်း သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလို့
ယူဆထားပါတယ်။ ကာမဂုဏ်ကြိုက်တဲ့သတ္တဝါတွေ
ကိုတော့ သူ့ရဲ့ဘက်တော်သား၊ သူ့ရဲ့ပါတီဝင်တွေလို့
အသိအမှတ်ပြုထားပါတယ်။

သူ့ပိုင်နက်ဖြစ်တဲ့ သုံးဆယ့်တစ်ဘုံမှာ သူ့အသင်းဝင်
ဖြစ်တဲ့သတ္တဝါတွေကို သူပိုင်ပစ္စည်းဖြစ်တဲ့ လောကီအာရုံ
ကာမဂုဏ်ချမ်းသာတွေနဲ့ ခံစားမွေ့ပျော်နေကြတာပဲ
သူမြင်ချင်ပါတယ်။ သံသရာကျင်လည်ကြောင်း
အလုပ်တွေ လုပ်တာကိုပဲ သူနှစ်ခြိုက်ပြီး၊
သံသရာလွတ်မြောက်ကြောင်း အလုပ်တွေ
လုပ်တာကိုတော့ သူလုံးဝမဘောမကျပါဘူး။

ရဟန်းပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊
ပုဂ္ဂိုလ်တစ်ယောက်ယောက် သံသရာပြတ်ကြောင်း
အလုပ်လုပ်ပြီဆိုတာနဲ့ မာရ်နတ်က အဲဒီပုဂ္ဂိုလ်၊
အဲဒီအလုပ် မလုပ်နိုင်အောင် နှောင့်ယှက်
ဖျက်ဆီးတော့တာပါပဲ။

သူ့ရဲ့နှောင့်ယှက်မှုအောင်မြင်သွားရင် အဲဒီပုဂ္ဂိုလ်
သံသရာက မလွတ်တော့ပါဘူး။ သံသရာက မလွတ်ရင်
ဘဝများစွာ ထပ်ကာထပ်ကာ သေရပါဦးမယ်။
အဲဒီလို သေရတာဟာ မာရ်နတ်ကြောင့်ဖြစ်လို့
သေအောင်လုပ်ရာရောက်တဲ့ မာရ်နတ်ကို
“မာရ = မာရ် = သတ်ဖြတ်သူ၊ ညှဉ်းပန်းနှိပ်စက်သူ”
လို့ခေါ်ပါတယ်။

(၂)။“ကိလေသမာရ်” ဆိုတာကတော့ တစ်ထောင့်ငါးရာ
ကိလေသာတရားတွေကို ပြောတာပါ။
လောဘ၊ ဒေါသ၊ မာန်မာန၊ ဣဿာ၊မစ္ဆရိယ
အစရှိတဲ့ ကိလေသာတရားတွေဟာ သူတို့ကို
လက်ခံထားသူရဲ့စိတ်ကို ပူလောင်အောင်၊ ညစ်နွမ်းအောင်၊
ပင်ပန်းဆင်းရဲအောင် ညှဉ်းပန်းနှိပ်စက်တတ်တဲ့
အတွက်ကြောင့်ရော၊ သူတို့ရှိနေသမျှ သံသရာက
မလွတ်ဘဲ တစ်သေတည်း သေနေရဦးမှာ ဖြစ်တဲ့
အတွက်ကြောင့်ရော ကိလေသာတရားတွေကို
“မာရ = မာရ်”လို့ ခေါ်ပါတယ်။

(၃)။“အဘိသင်္ခါရမာရ်” ဆိုတာကတော့ ပြုလုပ်
အားထုတ်ထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို
ပြောတာပါ။ (အဘိသင်္ခါရ = ပြုလုပ်အားထုတ်မှု။)
ကုသိုလ်ကံကြောင့် ကောင်းတဲ့သုဂတိဘဝရောက်မယ်။
အကုသိုလ်ကံကြောင့် မကောင်းတဲ့ ဒုဂ္ဂတိဘဝရောက်မယ်။
ဘယ်ဘဝပဲရောက်ရောက်၊ ရောက်ရာဘဝမှာ သေရမှာ
ဖြစ်တဲ့အတွက် ဘဝအသစ်ထပ်ဖြစ်စေတဲ့ ကုသိုလ်ကံ၊
အကုသိုလ်ကံ၊ ကံမှန်သမျှကို “မာရ =မာရ်”
လို့ ခေါ်ပါတယ်။

(၄)။“ခန္ဓမာရ်” ဆိုတာကတော့ ရုပ်ခန္ဓာကိုယ်ကြီးပါပဲ။
ဘယ်ရုပ်ခန္ဓာကိုယ်ပဲဖြစ်ဖြစ်၊ ခန္ဓာပိုင်ရှင်ကို
ပဋိသန္ဓေဒုက္ခ၊ အိုနာဒုက္ခတွေနဲ့ ညှဉ်းပန်းနှိပ်စက်
တတ်တဲ့အပြင် နောက်ဆုံးမှာ သေခြင်းဒုက္ခနဲ့
အနားသတ်ပေးတဲ့အတွက် ရုပ်ခန္ဓာကိုယ်ကြီးကို
“မာရ = မာရ်” လို့ ခေါ်ပါတယ်။

(၅)။“မစ္စုမာရ်” ဆိုတာကတော့ “သေခြင်းတရား”ပါပဲ။
သေခြင်းတရားဟာ သေခါနီးသတ္တဝါကို ရောဂါ
ဝေဒနာဒဏ်နဲ့လည်း နှိပ်စက်တတ်၊
သက်ရှိသက်မဲ့သံယောဇဉ်တွေနဲ့ ခွဲခွာရမယ့်အရေး
တွေးပြီး ပူဆွေးတဲ့ စိတ်ဆင်းရဲမှုဒဏ်နဲ့လည်း
နှိပ်စက်တတ်၊ လားရာဂတိကောင်းဖို့ မသေချာလို့
ပူပန်တဲ့ ကြောက်ရွံ့မှုဒဏ်နဲ့လည်း နှိပ်စက်တတ်လို့
သေခြင်းတရားကို “မာရ = မာရ်” လို့ ခေါ်ပါတယ်။
သူကိုယ်တိုင်ကိုက သေအောင် သတ်တတ်လို့လည်း
“မာရ = မာရ်” လို့ ခေါ်ပါတယ်။

အဲဒီ မာရ်ငါးပါးထဲက တစ်ပါးတည်းသော သက်ရှိမာရ်
ဖြစ်တဲ့မာရ်နတ်ဟာ သူနေထိုင်ရာ
ပရနိမ္မိတဝသဝတ္တီနတ်ပြည်ကနေ လူ့ပြည်ကို
ခဏခဏဆင်းဆင်းလာပြီး မြတ်စွာဘုရားရှင်ကိုရော၊
မြတ်စွာဘုရားရှင်ရဲ့ တပည့်သားသမီးတွေကိုပါ
နည်းလမ်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးလေ့ရှိပါတယ်။

မြတ်စွာဘုရားအလောင်းတော်
❖တောထွက်တဲ့ညက ....
“အသင်မင်းသား၊ တောမထွက်ပါနဲ့။
နောက်ခုနစ်ရက်ကြာရင် စကြာရတနာ ဆိုက်ပါလိမ့်မယ်။
အသင်မင်းသား စကြာမင်းဖြစ်တော့ မှာလေ။
အခုလို ဆံပင်လေးတွေ မည်းနက်ပြီး ငယ်ရည်ငယ်သွေး
တောက်ပနေတဲ့အချိန်ဆိုတာ ကာမဂုဏ်စည်းစိမ်တွေ
မြိန့်မြိန့်ကြီး ခံစားရင်း ငြိမ့်နေရမယ့်အချိန်လေ
မင်းသားရဲ့။ တရားအားထုတ်တယ်ဆိုတာ
အိုမင်းရွတ်တွပြီး လောကမှာ သုံးမရတဲ့အရွယ်ကျမှ
လုပ်ရမယ့်အလုပ် မဟုတ်လား။
နောက်ကြောင်းပြန်လှည့်ပါ။ တောမထွက်ပါနဲ့”
လို့ မာရ်နတ်က တားမြစ်ခဲ့ပါတယ်။
(မာရ်နတ်ဝါဒကို ကြိုက်တဲ့လူတွေ လောကမှာ
အများကြီးရှိမယ် ထင်ပါရဲ့။)

❖မြတ်စွာဘုရား ဘုရားဖြစ်တဲ့အခါမှာလည်း ....
“အရှင်ဘုရား၊ အရှင်ဘုရားဟာ ဘုရားဖြစ်ဖို့ ပါရမီတွေ
ဖြည့်ခဲ့တာ။ အခု ဘုရားဖြစ်ပြီလေ။ သိစရာအားလုံး
အကုန်သိတဲ့ဘဝ ရောက်ပြီ။ တော်ပြီပေါ့။
ဘာဖြစ်လို့ မြို့တကာ ရွာအနှံ့ လှည့်ပြီး တရား
ဟောနေဦးမှာလဲ၊ ကိုယ့်ကိစ္စ ကိုယ့်အကျိုး ပြီးပြီပဲ။
ပရိနိဗ္ဗာန်စံတာ အကောင်းဆုံးပေါ့။
လို့ မာရ်နတ်က သတ္တဝါတွေ သူ့ပိုင်နက်ထဲက
လွတ်ထွက်သွားမှာ စိုးရိမ်တဲ့စိတ်နဲ့ တိုက်တွန်းခဲ့ပါတယ်။

❖မာရ်နတ်ဟာ အတွေးအခေါ်ကောင်းတဲ့ ပုဂ္ဂိုလ်
တစ်ယောက်လည်း ဖြစ်လေတော့ သူနှောင့်ယှက်ပြီဆိုရင်
အများအားဖြင့် သဘောတရားတွေ၊ ဒဿနတွေနဲ့
စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပြီး နှောင့်ယှက်တာ
များပါတယ်။ တစ္ဆေသူရဲယောင်ဆောင်ပြီး
ခြောက်လှန့်တာမျိုး၊ ဆင်ကြမ်းယောင်ဆောင်၊
မြွေကြမ်းယောင်ဆောင်ပြီး ပြူးတူးပြဲတဲ
ခြောက်လှန့်တာမျိုးလည်း ရှိလေရဲ့။

❖မြတ်စွာဘုရား ဘုရားဖြစ်မယ့် ညနေတုန်းကတော့
လက်ရုံးအား၊ လက်နက်အား၊ စစ်သည်ဗိုလ်ပါ
အခြံအရံအားတွေ အကြီးအကျယ်သုံးပြီး အပြင်းအထန်
နှောင့်ယှက်ခဲ့ပါတယ်။ မုန်တိုင်းလက်နက်၊မိုးလက်နက်၊
ကျောက်ခဲမိုးလက်နက်၊ ဓားလှံမိုးလက်နက်၊
မီးကျီးမိုးလက်နက်၊ ပြာပူမိုးလက်နက်၊ သဲပူမိုးလက်နက်၊
ညွန်ပူမိုးလက်နက်၊ အမှောင်တိုက်လက်နက်၊
လက်နက်ကြီး ကိုးမျိုး၊ နောက်ဆုံး အဏုမြူဗုံးထက်
အဆပေါင်းများစွာ ပြင်းထန်တဲ့ မိုးကြိုးစက်လက်နက်။

❖မြတ်စွာဘုရားဟာ ဘုရားဖြစ်တဲ့နေ့မှာပဲ ဗောဓိပင်နဲ့
ရွှေပလ္လင်မှာ မာရ်ငါးပါးကို အကြွင်းမဲ့
အောင်မြင်တော်မူခဲ့ပါတယ်။
❖ဒေဝပုတ္တမာရ်ကိုတော့ “မေတ္တာတန်ခိုး၊
ပါရမီတော်တန်ခိုး” နဲ့အောင်မြင်တော်မူခဲ့ပါတယ်။
❖ကိလေသာမာရ်နဲ့ အဘိသင်္ခါရမာရ်ကိုတော့
“အရဟတ္တမဂ်တန်ခိုး” နဲ့ အောင်မြင်ခဲ့ပါတယ်။
❖ခန္ဓမာရ်နဲ့ မစ္စုမာရ်ကိုတော့ အကြောင်းဖြစ်တဲ့
“ကိလေသမာရ်နဲ့ အဘိသင်္ခါရမာရ်”ကို
အောင်မြင်ခြင်းအားဖြင့် အောင်မြင်ခဲ့ပါတယ်။

မာရ်ငါးပါးမှာ “ကိလေသမာရ်”ကို အောင်နိုင်ဖို့က
အဓိကပါ။ကိလေသာကင်းနေရင် မာရ်နတ်ရန်လည်း
ကြောက်စရာမလိုတော့ပါဘူး။ ကိလေသာကင်းနေရင်
ကုသိုလ်ကံ၊ အကုသိုလ်ကံလည်း မဖြစ်တော့ပါဘူး။
ကံမှမရှိရင် ဘဝလည်း ထပ်မဖြစ်တော့လို့ ခန္ဓာလည်း
မရတော့ပါဘူး။ ခန္ဓာမရမှတော့ သေခြင်းတရားနဲ့လည်း
ရင်ဆိုင်စရာ မလိုတော့ဘူးပေါ့။

ကောင်းတာလုပ်ရင် နှောင့်ယှက်ချင်တာ မာရ်နတ်ရဲ့
အကျင့်စရိုက်ပါ။ အခုခေတ်မှာ သူတစ်ပါးကောင်းတာ
လုပ်တာကို နှောင့်ယှက် ဟန့်တားတဲ့သူ၊
သင်္ကန်းအရေခြုံပြီး လောကီဝိဇ္ဇာ ဂန္ဓာရီအလုပ်လုပ်သူ၊
ထေရဝါဒစစ်စစ်ထဲမှာ ဟိုဝါဒရောထည့်၊
ဒီဝါဒရောထည့်နဲ့ အုတ်ရောရော ကျောက်ရောရော
ဖြစ်အောင်လုပ်သူ၊ သာသနာပြုလုပ်ငန်း တိုးတက်
အောင်မြင်မှုကို နှောင့်နှေးအောင် လုပ်သူတွေကို
“မာရ်နတ်တွေ” လို့ တင်စားပြီး ခေါ်နိုင်ပါတယ်။
မာရ်နတ်တွေလို့ မတင်စားချင်ဘူးဆို
ရင်လည်း “မာရ်နတ်ရဲ့ ပါတီဝင်တွေ” လို့ ခြွင်းချက်မရှိ
သတ်မှတ်နိုင်ပါတယ်။

ဦးဇင်းရဲ့ “အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်”
ဆိုတဲ့ ဆောင်းပါး အင်တာဗျူးဂျာနယ်မှာ ပါလာပြီး
နောက်ပိုင်း တချို့လူငယ်တွေက
“အချစ်အကြောင်းလေးတွေ ထပ်ရေးပါဦး” လို့
တောင်းဆိုလာကြပါတယ်။ တစ်နည်း ....အချွန်နဲ့
ဝိုင်းမ,လာကြပါတယ်။
အခု မာရ်နတ်အကြောင်းပြောရင်း စကားစပ်လို့
“အချစ်” ကိုအဓိပ္ပာယ်တစ်မျိုး ဖွင့်ပါရစေ။
အချစ်ဆိုတာ တဏှာ၊ တဏှာဆိုတာ
ကိလေသာ၊ ကိလေသာဆိုတာ မာရ်၊ ဒီတော့
အချစ်ဟာလည်း မာရ်ပဲပေါ့။
မာရ်ဆိုရင် သတ်တော့မယ်လေ။ ( မေတ္တာကို
ရည်ညွှန်းတဲ့အချစ်ကို မဆိုလိုပါဘူး။ အဲဒီအချစ်ကတော့
တစ်ဖက်သားရဲ့ ကောင်းကျိုးကို လိုလားတဲ့
စိတ်သက်သက်ပါပဲ။ အခုဟာက တွယ်တာနှောင်ဖွဲ့တဲ့
အချစ်ကို ဆိုလိုတာပါ။)

“အချစ်ဆိုတာ နှလုံးသားနဲ့ဘဝကို သတ်ဖြတ်
ဖျက်ဆီးပစ်တတ်တဲ့ မာရ်နတ်တစ်ပါးပါပဲ။
ဖြူစင်သန့်ရှင်း အေးချမ်းကြည်လင်တဲ့စိတ်ဓာတ်တွေ၊
အကန့်အသတ်မဲ့ ဘဝတိုးတက်မှုတွေကို နှောင့်နှေး
ရပ်တန့်ချုပ်ဆုံးသွားစေတဲ့အရာဟာ အချစ်ပါပဲ”
လို့ အဓိပ္ပာယ် ဖွင့်ဆိုရင် အချစ်မှာ ပျော်ဝင်
နစ်မြုပ်တိမ်းမူးထွေယစ်ချင်တဲ့ အချစ်ကြီးသူတွေ
စိတ်များဆိုးလေမလား။

“နေဆယ်စင်းထက် ပြင်းတယ်၊ မင်း မာရ်နတ်မင်းရဲ့
သမီးလား” ဆိုတဲ့ သီချင်းစာသားရယ်။
“မင်း ငါ့ကို သတ်တယ်” ဆိုတဲ့ သီချင်းစာသားရယ်ကို
သွားရင်းလာရင်း ကြားဖူးသလိုလိုပါပဲ။

မာရ်နတ်ရဲ့ အန္တရာယ်ထက် မာရ်စိတ် (ကိလေသာစိတ်)ရဲ့
အန္တရာယ်က ပိုပြီး ကြောက်စရာကောင်းတာမို့ မာရ်နတ်ကို
တွန်းလှန်နိုင်ဖို့ထက် မာရ်စိတ်ကို တွန်းဖြိုနိုင်ဖို့က
ပိုပြီးအရေးကြီးပါတယ်လို့ ....။ ။
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
အပ္ပမာဒေန သမ္ပာဒေထ။
Posted by►
www.facebook.com/youngbuddhistassociation.mm
[အင်တာဗျူးဂျာနယ်၊ စက်တင်ဘာ၊ ၁၉၊ ၂ဝဝ၁]
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]