ဆွမ်းအလှူ-အပါယ်အစား တာဝတိံသာ”
•••••••••••••••••••••••••••••••••
ဘုရားရှင်ဟာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ
သီတင်းသုံးနေပါတယ်။ အဲဒီအခါ ဥတ္တရမဓုရာမြို့က
မိန်းမတစ်ယောက်ဟာ အသက်ကုန်တော့မယ်။
အပါယ်မှာဖြစ်ဖို့ ရှိတယ်။ ဘုရားရှင်က နံနက်လင်းပိုင်းမှာ
မဟာကရုဏာသမာပတ်မှထပြီး လောကကို
ကြည့်တော်မူတဲ့အခါ အဲဒီမိန်းမ အပါယ်ဖြစ်မှာကို
မြင်ရတယ်။ မဟာကရုဏာက တိုက်တွန်း
နှိုးဆော်လို့ အဲဒီမိန်းမကို ဘဝကောင်းမှာ
ရောက်စေလိုတဲ့အတွက် တစ်ပါးတည်း
အဖော်မပါဘဲ မဓုရာမြို့ကို ကြွတော်မူတယ်။
ကြွပြီး နံနက်ပိုင်း မှာ သင်းပိုင်ကို ပြင်ဆင်ဝတ်ပြီး
သပိတ်၊ သင်္ကန်း ကိုယူကာ မြို့ပြင်ဘက်မှာ
ဆွမ်းခံဝင်တယ်။

အဲဒီအခါမှာ အဲဒီမိန်းမက အိမ်မှာ စားဖွယ်အာဟာရကို
ချက်ပြုတ်ပြီး သင့်တော်ရာတစ်နေရာမှာ သိမ်းဆည်း
ထားတယ်။ အိုးကို ယူပြီး ရေချိုးဆိပ်ကို သွားတယ်။

ရေချိုးပြီး အိုးနဲ့ရေကို ယူကာ သူ့အိမ်ကို သွားတယ်။
လမ်းခရီးအကြားမှာ ဘုရားရှင်ကို မြင်ရပြီး
“မြတ်စွာဘုရား၊ ဆွမ်းရပြီးပါပြီလား”လို့ လျှောက်တယ်။
“ရပါလိမ့် မယ်”လို့ ဖြေတယ်။
ဘုရားရှင် အဲဒီလို ဖြေတဲ့အခါ ဘုရားရှင်မှာ
ဆွမ်းမရသေးတာကို သိသွားတယ်။
အိုးကို ထားခဲ့ပြီး ဘုရားရှင်ထံ ခြဉ်းးကပ်ရှိခိုးကာ
လျှောက်တယ်။
“မြတ်စွာဘုရား၊ တပည့်တော် ဆွမ်းလှူပါမယ်။
လက်ခံတော်မူပါ”

ဘုရားရှင်က ဆိတ်ဆိတ်နေပြီး လက်ခံတော်မူပါတယ်။
သူမဟာ ဘုရားရှင် လက်ခံတာကိုသိပြီး
အရင်သွားနှင့်တယ်။ ရေဖြန်း၊ တံမြက်လှဲထားတဲ့နေရာမှာ
နေရာခင်းပေးတယ်။ ဘုရားရှင်ဝင်လာတာကို
ကြည့်ပြီး ရပ်တည်နေတယ်။ ဘုရားရှင်က
အိမ်ထဲဝင်ပြီး ခင်းထားတဲ့ နေရာမှာ ထိုင်တယ်။
အဲဒီအခါ သူမက ဘုရားရှင်ကို ဆွမ်းကပ်လှူဒါန်းတယ်။
ဘုရားရှင်က ဆွမ်းကိစ္စပြီးတော့ သပိတ်ကို
ဘေးမှာချထားကာ သူမအား အနုမောဒနာတရားစကား
မိန့်ကြားပြီး ဖဲသွားပါတယ်။

သူမက အနုမောဒနာတရားစကားကို နာကြားရပြီး၊
နှစ်သိမ့်အားရဝမ်းမြောက်မှုကို အကြီးအကျယ်
ခံစားရတယ်။ မျက်စိမြင်ကွင်းက ပျောက်သွားသည်
အထိ ဘုရားအာရုံကြောင့်ဖြစ်တဲ့ ပီတိကို
မစွန့်ဘဲ ရှိခိုးလျက် ရပ်တည်နေတယ်။
သူမဟာ ရက်အနည်းငယ် လွန်သွားတဲ့အခါမှာပဲ
သေကာ တာဝတိံသာနတ်ပြည်မှာ ဖြစ်တယ်။
သူမမှာ နတ်သမီးပေါင်း တစ်ထောင် အခြံအရံရှိတယ်။
(ဝိမာန၊ ဋ္ဌ ၊ ၁ဝရ)

သူမကို ဘုရားရှင် မကယ်မရင် အပါယ်ရောက်ရမှာ
သေချာနေ ပါတယ်။ ဘုရားရှင်ဟာ သူမအတွက်
တကယ့်ကယ်တင်ရှင်ကြီးပါပဲ။ ဆွမ်းအလှူ ကုသိုလ်က
သူမဘဝခရီးကို လမ်းကြောင်း ပြောင်းလွဲသွား
စေပါတယ်။ ဘုရားရှင်က “ဆွမ်းမရသေးပါ”
လို့ မမိန့်ဘဲ“ရပါလိမ့်မယ်” လို့ မိန့်တယ်။
မှတ်သားစရာပါပဲ။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။