“ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန် ကောင်းမှု”
•••••••••••••••••••••••••••••••••
အရှင်ဘုရား......စုပေါင်းဘုံကထိန်မှာ
ကိုယ်တတ်နိုင်သလောက် အလှူငွေထည့်ဝင်လိုက်ရင်
ကိုယ်လည်း ကထိန်အလှူရှင် ဖြစ်သွားပါသလား ဘုရား။
(မကေသီ၊ မန္တလေးမြို့။)
ဒကာမလေး မကေသီ ....
စုပေါင်းဘုံကထိန်အတွက် အများထည့်ဝင်
လှူဒါန်းထားတဲ့ အလှူငွေကို ဘယ်လိုအသုံးပြုသလဲဆိုတဲ့
အချက်ပေါ် မူတည်ပြီးတော့ပဲ ကထိန်အလှူငွေ
ထည့်ဝင်ထားသူတွေ ကထိန်အလှူရှင် ဖြစ်မဖြစ်
ဆုံးဖြတ်ရပါလိမ့်မယ်။ ကထိန်ပွဲစီစဉ်သူတွေရဲ့
လုပ်ဆောင်ချက် မှန်ကန်ရင် ကထိန်အလှူရှင်ဖြစ်နိုင်ပြီး၊
လုပ်ဆောင်ချက်မှားယွင်းရင်တော့ ကထိန်အလှူရှင်
လုံးဝမဖြစ်နိုင်ပါဘူး။

●စုပေါင်းအလှူငွေနဲ့ “ဉတ်သင်္ကန်း” ဝယ်ရင်
အလှူငွေ ထည့်ဝင်သူအားလုံး “ကထိန်အလှူရှင်”ဖြစ်နိုင်ပါတယ်။
●စုပေါင်းအလှူငွေနဲ့ “ဉတ်သင်္ကန်း”မဝယ်ရင် အလှူငွေ
ထည့်ဝင်သူအားလုံး တစ်ဦးတစ်ယောက်မှ ကထိန်
အလှူရှင် မဖြစ်နိုင်တော့ပါဘူး။
ကထိန်အလှူဆိုတာ “ဉတ်သင်္ကန်းအလှူ”ပါ။
ကထိန်အလှူရှင်ဆိုတာ ဉတ်သင်္ကန်းအလှူရှင်ပါ။
ကထိန်ခင်းတဲ့ ဉတ်သင်္ကန်းကို လှူမှ ကထိန်အလှူရှင်
ဖြစ်နိုင်ပါတယ်။ ကထိန်ခင်းတဲ့ ဉတ်သင်္ကန်းကို
လှူခွင့်မရသရွေ့တော့ ဘယ်တော့မှ ကထိန်အလှူရှင်
မဖြစ်နိုင်ပါဘူး။တချို့ကျောင်းတိုက်တွေမှာ
“ကထိန်သင်္ကန်းတစ်စုံ ဘယ်လောက်”ဆိုပြီး
ကျောင်းတိုက်ဘုံကထိန်အတွက် ငွေ အလှူခံကြပါတယ်။
ကျောင်းတိုက်ကို ကြည်ညိုသူတွေကလည်း
“ကထိန်အလှူ အထူးခြားဆုံး”ဆိုပြီး
ကထိန်အလှူရှင်ဖြစ်ချင်တဲ့စိတ်နဲ့ စွမ်းနိုင်သလောက်
လှူကြတာပေါ့။ ဒါပေမဲ့ ကထိန်အလှူနေ့ကြတော့
စုပေါင်းအလှူငွေနဲ့ ဝယ်ထားတဲ့ သင်္ကန်းတွေထဲက
သင်္ကန်းတစ်ထည်ကို “ဉတ်သင်္ကန်း” မလုပ်ဘဲ ၊
ကျောင်းတိုက်အပေါ် ကျေးဇူးအများဆုံး ကျောင်းဒကာ၊
ကျောင်းအမက ဉတ်သင်္ကန်းအဖြစ်လှူတဲ့
သင်္ကန်းကိုပဲ “ဉတ်သင်္ကန်း” လုပ်လိုက်ကြတယ်။
အဲဒီကထိန်ပွဲမှာ ဉတ်သင်္ကန်းလှူခွင့်ရတဲ့ ကျောင်းဒကာ၊
ကျောင်းအမပဲ ကထိန်အလှူရှင် ဖြစ်သွားပါတယ်။
ကထိန်အလှူငွေထည့်ဝင်ထားတဲ့ တခြား ဒကာ၊
ဒကာမတွေအားလုံး ဘယ်သူမှ “ကထိန်အလှူရှင်
မဖြစ်တော့ပါဘူး”။ ဘုံကထိန်လို့ နာမည်တပ်ထားပေမယ့်
ဘုံကထိန် မဟုတ်တော့ဘဲ ကျောင်းဒကာ၊
ကျောင်းအမရဲ့ “ပုံကထိန်”ပဲ ဖြစ်သွားပါတယ်။
ကထိန်အလှူရဲ့ အကျိုးအာနိသင်တွေအားလုံး
ကျောင်းဒကာ၊ ကျောင်းအမအပေါ်ပုံကျသွားလို့
“ပုံကထိန်”လို့ ပြောလိုက်တာပါ။ ကထိန်အလှူငွေ
ထည့်ဝင်ထားသူတွေရဲ့ အလှူငွေတွေအားလုံးကို
ကျောင်းဒကာ၊ ကျောင်းအမရဲ့ ကထိန်အလှူအတွက်
ပုံပေးလိုက်ရလို့လည်း “ပုံကထိန်”လို့ ပြောလိုက်တာပါ။
ဘုံကထိန်ဆိုတာ အလှူငွေဝိုင်းထည့်ရခြင်းဆိုတဲ့
ပုံစံပြယုဂ်လောက်ပဲ ဟန်ပြရှိတော့လို့လည်း “ပုံကထိန်”
လို့ ပြောလိုက်တာပါ။ ဘုံကထိန်နဲ့လည်း ကာရန်ကိုက်အောင်ပေါ့။

“ကျောင်းဒကာ ကျောင်းအမ” ဆိုတာ နမူနာပြောတာပါ။
ကျောင်းအပေါ် ကျေးဇူးများသူ၊ များများလှူသူ၊
တစ်ခါတစ်ရံမှ လှူပေမယ့် အရမ်းချမ်းသာသူ၊ ကျောင်းအပေါ်
ကျေးဇူးများဖို့ အလားအလာရှိသူ၊ သြဇာအရှိန်အဝါကြီးမားသူ၊
ထင်ရှားကျော်ကြားသူ၊ လူလည်ကျသူ ..... စသည်အားဖြင့်
ဉတ်သင်္ကန်း တစ်ဦးတည်းလှူဖို့ တောင်းဆိုသူ
မည်သူမဆို အကျုံးဝင်ပါတယ်။
တချို့က လူလည်ကျပြီး “ဉတ်သင်္ကန်း”ကို ကျနော်
တာဝန်ယူပါတယ်၊ “ဉတ်သင်္ကန်းကိုတော့ ကျနော်
တစ်ဦးတည်းကပဲ နှစ်တိုင်းလှူပါရစေ” လို့
သဒ္ဓါတရား အထူးကောင်းသလိုလို ဘာလိုလိုနဲ့
ဉတ်သင်္ကန်းအလှူကို တစ်ဦးတည်း အပိုင်စီးတတ်ကြပါတယ်။
“စုပေါင်းအလှူငွေထဲက ညှပ်မကြီးဖိုးသက်သာလည်း
မနည်းဘူး” ဆိုပြီး၊ ဒါမှမဟုတ် “သူက ကျောင်းအတွက်
ကျေးဇူးများတဲ့သူဆိုတော့ ဦးစားပေးလိုက်ပါမယ်လေ”
ဆိုပြီး သွားလက်ခံလိုက်လို့ကတော့ “ဘုံကထိန်”
ဆိုတာ နာမည်ခံသက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။
ဘုံသင်္ကန်း နဲ့ ကထိန်ခင်းမှ ဘုံကထိန်ဖြစ်မယ်ဆိုတာကို
လုံးဝ မမေ့လိုက်ပါနဲ့။ ကထိန်ခင်းတဲ့ ဉတ်သင်္ကန်းဟာ
ဘုံသင်္ကန်း ဖြစ်ကိုဖြစ်ရပါမယ်။
ကထိန်ခင်းတယ်ဆိုတာ သင်္ကန်းတွေအများကြီးလှူတာ၊
လှူဖွယ်ဝတ္ထုတွေ အများကြီးလှူတာ၊
ပဒေသာပင်တွေ အများကြီးလှူတာကို ပြောတာ မဟုတ်ပါဘူး။
ကထိန်ခင်းတဲ့ “ဉတ်သင်္ကန်းလှူတာ”ကို ပြောတာပါ။
ကထိန်ခင်းတဲ့ သင်္ကန်းလှူတာကိုပဲ ကထိန်ခင်းတယ်လို့
အလွယ်တကူ ပြောနေကြပေမယ့် လူဝတ်ကြောင်
ဒကာ ဒကာမတွေက လုံးဝ ကထိန်ခင်းလို့ မရပါဘူး။
သံဃာက သဘောတူခွင့်ပြုထားတဲ့ ရဟန်းတော်တစ်ပါးကပဲ
ကထိန်ခင်းလို့ရပါတယ်။ ကထိန်ကို ဒကာ ဒကာမတွေက
ခင်းတာ မဟုတ်ပါဘူး။ သံဃာ့ခွင့်ပြုချက်ရထားတဲ့
“ရဟန်းတစ်ပါး” ကပဲ ခင်းတာပါ။

သိမ်ထဲမှာ သံဃာတော်တွေ စုဝေးပြီး ကထိန်ခင်းမယ့်ရဟန်းကို
သံဃာက ကထိန်သင်္ကန်းပေးရတယ်။ “ရော့-အင့့်”
ဆိုပြီး ဒီအတိုင်းပေးရတာမဟုတ်ပါဘူး။
ကမ္မဝါစာရွတ်ဖတ်ပြီး ၊သေချာပေးရတာပါ။
ဘယ်ကမ္မဝါပဲ ရွတ်ရွတ်၊ “ကမ္မဝါတိုင်းမှာ အပိုင်း(၃)ပိုင်း”ပါပါတယ်။
“အသိပေးခြင်းအပိုင်း၊ အဆိုပြုခြင်းအပိုင်းနဲ့
အတည်ပြုခြင်း အပိုင်း”တို့ပါပဲ။
●အသိပေးခြင်းအပိုင်းမှာ
“အခြေအနေ အဆင်ပြေပြီဆိုရင် သံဃာကဒီကံ
(ဒီကံ)ကို ပြုပါတော့မယ်”လို့ အသိပေးလိုက်ပါတယ်။
●အဆိုပြုခြင်းအပိုင်းမှာ “သံဃာက ဒီကံ (ဒီကံ)ကို
ပြုနေပါပြီ၊ သဘောတူရင် ငြိမ်နေပါ။ သဘောမတူရင်
ထပြောပါ”လို့ အဆိုပြုလိုက်ပါတယ်။
●အတည်ပြုခြင်းအပိုင်းမှာ “သံဃာအားလုံးငြိမ်နေတဲ့အတွက်
သဘောတူတယ်လို့ မှတ်ယူပါတယ်။ သံဃာက ဒီကံ
(ဒီကံ)ကို ပြုပြီးပါပြီ”လို့ အတည်ပြု လိုက်ပါတယ်။

“အသိပေးခြင်း”ကို ပါဠိလို “ဉ တ္တိ”လို့ ခေါ်ပါတယ်။
“ဉ တ္တိ”ဆိုတဲ့ စကားလုံးကိုပဲ လုံးကြီးတင်ဖျောက်၊
အောက်က(တ)ဖြုတ်၊ အသတ်ကလေးထည့်ပြီး “ဉတ်”
လို့ ပါဠိသက်မြန်မာဝေါဟာရအနေနဲ့ ခေါ်လိုက်ကြတာပါ။
ဉတ်ရယ်၊ ကမ္မဝါရယ် နှစ်ခုတွဲလိုက်တော့
ဉတ်ကမ္မဝါဖြစ်သွားတာပေါ့။ ကထိန်ခင်းရဟန်းကို
ကထိန်သင်္ကန်းပေးတဲ့အခါ ဉတ်ကမ္မဝါရွတ်ဖတ်ပြီးမှ
ပေးရတဲ့အတွက် ကထိန်သင်္ကန်းကို “ဉတ်ကမ္မဝါသင်္ကန်း”
လို့ခေါ်ပါတယ်။ ဉတ်ကမ္မဝါသင်္ကန်းလို့ အပြည့်အစုံခေါ်ရင်
စကားလုံးများနေတဲ့အတွက် စကားလုံးနည်းအောင်
ကမ္မဝါဆိုတဲ့ နောက်စကားလုံးကို ဖြုတ်ပြီး
“ဉတ်သင်္ကန်း”လို့ပဲ အတိုချုံး ခေါ်လိုက်ကြလို့
ခုချိန်ထိ ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း”လို့ပဲ
ခေါ်နေကြတာပါ။
အမှန်တော့ အများနားယဉ်ပြီးသား ကမ္မဝါဆိုတဲ့
စကားလုံးနဲ့ပဲ “ကမ္မဝါသင်္ကန်း”လို့ ခေါ်လိုက်ရင်
ပိုရှင်းပါတယ်။ “ကမ္မဝါဖတ်တယ်”ဆိုတဲ့စကား၊
ဘာသာရေး ဗဟုသုတကြွယ်တဲ့သူကို
“သူကတော့ ကမ္မဝါဖတ်မယ့်သူပဲ”လို့ ပြောတဲ့ စကားတွေက
အများကြားဖူးနားဝရှိကြပြီးသားမဟုတ်လား။
သိမ်ထဲမှာ ကမ္မဝါဖတ်မယ့် သင်္ကန်းမို့လို့ ကထိန်သင်္ကန်းကို
“ကမ္မဝါသင်္ကန်း”လို့ခေါ်တယ်ဆိုရင် အားလုံး အလွယ်တကူ
နားလည်သွားကြမှာပါ။ ဒါပေမဲ့ အစဉ်အလာ
ခေါ်နေကြအတိုင်း “ဉတ်သင်္ကန်း”လို့ပဲ ထားလိုက်ပါတော့။
ဉတ်သင်္ကန်းကို “ညပ်သင်္ကန်း”လို့ အသံထွက်မှန်အောင်
မခေါ်တတ်ဘဲ “ညှပ်သင်္ကန်း”လို့ ဟထိုးသံနဲ့
ခေါ်နေကြတဲ့အတွက် အခုထက်ထိ ညှပ်သင်္ကန်းလို့
နှုတ်ကျိုးနေကြပါတယ်။ “ညှပ်သင်္ကန်း”လို့
ခေါ်ရမှာ မဟုတ်ပါဘူး။ “ညပ်သင်္ကန်း”လို့ ခေါ်ရမှာပေါ့။
ကမ္မဝါစာနဲ့ ညှပ်ပြီးပေးရတဲ့ သင်္ကန်းမို့လို့ ညှပ်သင်္ကန်းခေါ်တာ
မဟုတ်ပါဘူး။ “၀ါးခြမ်းပြား၊ သစ်သားချောင်း”စတဲ့
အရာဝတ္ထုတစ်ခုခုနဲ့ သင်္ကန်းကို ဟိုဘက်ဒီဘက်ညှပ်ပြီး
ချည်ထားတဲ့သင်္ကန်းမို့လို့လည်း ညှပ်သင်္ကန်းလို့
ခေါ်တာမဟုတ်ပါဘူး။ ဉတ်သင်္ကန်း (ညပ်သင်္ကန်း)ကို
အသံထွက်မပီလို့ “ညှပ်သင်္ကန်း”လို့ ခေါ်နေကြတာပါ။
ဉတ်သင်္ကန်းကိုပဲ တချို့က “ညှပ်မကြီး”လို့လည်း
ခေါ်ကြပါသေးတယ်။ ဉတ်သင်္ကန်းကိုလည်း အများအားဖြင့်
နှစ်ထပ်သင်္ကန်းကြီး (ဒုကုဋ်)နဲ့ လုပ်ကြတဲ့အတွက်
အကြီးစားသင်္ကန်း၊ အကြီးဆုံးသင်္ကန်းဖြစ်လို့
“ညှပ်မ”၊ “ညှပ်မကြီး”လို့ ခေါ်ကြတာပါ။
တချို့ကထိန်တွေမှာ ဉတ်သင်္ကန်းကို တခြားလှူဖွယ်ပစ္စည်းတွေ
အများကြီး ခြံရံပြီး ပဒေသာပင်ကြီး သီးထားတတ်ကြတဲ့အတွက်
ပဒေသာပင်တွေ အားလုံးထဲမှာ အကြီးဆုံးဖြစ်လို့လည်း
ဉတ်သင်္ကန်းပါတဲ့ ပင်မပဒေသာပင်ကြီးကို
“ညှပ်မကြီး”လို့ ခေါ်ကြတာလည်းရှိပါတယ်။
ဉတ်သင်္ကန်းကို နှစ်ထပ်သင်္ကန်းကြီးနဲ့ပဲ လုပ်လို့ရတာ
မဟုတ်ပါဘူး။ ခါးဝတ်သင်းပိုင်နဲ့လည်း လုပ်လို့ရပါတယ်။
ကိုယ်ရုံဧကသီနဲ့လည်း လုပ်လို့ရပါတယ်။
ဒါကြောင့် ကထိန်သင်္ကန်းလှူတဲ့ အလှူ့ရှင်တွေကလည်း
သင်းပိုင်တစ်ထည်ဖြစ်ဖြစ်၊ ဧကသီတစ်ထည်ဖြစ်ဖြစ်၊
ဒုကုဋ်တစ်ထည်ဖြစ်ဖြစ် လှူဒါန်းရင် လုံလောက်ပါတယ်။
ကထိန်ခင်းမယ့် ကထိန်သင်္ကန်းကို သင်္ကန်းသုံးထည်
(သုံးမျိုး)လုံး လှူစရာ မလိုပါဘူး။
လူအတော်များများက ဒုကုဋ်လို့ခေါ်တဲ့ နှစ်ထပ်
သင်္ကန်းကြီးနဲ့မှ ကထိန်ခင်းလို့ရတယ်ထင်ပြီး ၊
ကထိန်သင်္ကန်းလှူရင် နှစ်ထပ်သင်္ကန်းကြီးပဲ
လှူနေကြပါတယ်။ မဟုတ်ပါဘူး။ သင်းပိုင်ပဲ
လှူလည်းရပါတယ်။ ဧကသီပဲလှူလည်းရပါတယ်။
သံဃာတော်တွေ အမှန်တကယ် သုံးမယ့်
သင်္ကန်းလှူတာ အကောင်းဆုံးပါပဲ။
ကထိန်ပွဲမှာ လှူဒါန်းကြတဲ့ သင်္ကန်းတွေ အများကြီးထဲမှာ
ကထိန်ခင်းမယ့် သင်္ကန်း (တစ်ထည်တည်းသာ)ကို
ဉတ်သင်္ကန်းလို့ ခေါ်ပါတယ်။ ကထိန်ခင်းမယ့်
သင်္ကန်းမှ တစ်ပါး တခြားသင်္ကန်းတွေကိုတော့
ဉတ်သင်္ကန်းရဲ့ အခြံအရံ သင်္ကန်းတွေဖြစ်လို့
“ဉတ်ရံသင်္ကန်း”လို့ ခေါ်ပါတယ်။
တစ်နည်းပြောရရင်တော့ ကထိန်မှာ လှူကြတဲ့
သင်္ကန်းတွေ အများကြီးထဲမှာ ဉတ်သင်္ကန်းကို
“ကထိန်သင်္ကန်း”လို့ ခေါ်ပါတယ်။
ဉတ်သင်္ကန်းမှ တစ်ပါး တခြားသင်္ကန်းတွေကိုတော့
ကထိန်သင်္ကန်းရဲ့ အခြံအရံသင်္ကန်းတွေဖြစ်လို့
“ကထိန်ရံသင်္ကန်း”လို့လည်း ခေါ်ပါတယ်။
ကထိန်အာနိသင်အဖြစ်ရသွားမယ့် သင်္ကန်းတွေဖြစ်လို့
“ကထိန်အာနိသင် သင်္ကန်း”လို့လည်း ခေါ်ပါတယ်။
စကားလုံးကျဉ်းကျဉ်းနဲ့ အရှင်းဆုံးပြောရရင်တော့
“ကထိန်သင်္ကန်း”နဲ့ “အာနိသင်သင်္ကန်း”လို့ ပြောရမှာပေါ့။
ဉတ်သင်္ကန်းက ကထိန်သင်္ကန်း၊ ဉတ်ရံသင်္ကန်း၊
ကထိန်ရံသင်္ကန်းက အာနိသင်သင်္ကန်း..။
ကထိန်သင်္ကန်းက တစ်ထည်ပဲရှိပါတယ်။
(တစ်စုံမဟုတ်ပါ၊ သင်းပိုင်၊ သို့မဟုတ် ဧကသီ၊
သို့မဟုတ် နှစ်ထပ်သင်္ကန်းကြီး။)
အာနိသင်သင်္ကန်းက လှူရင်လှူကြသလောက်
အများကြီးရှိပါတယ်။

“ကထိန်သင်္ကန်း”ကို တစ်ဦးတစ်ယောက်ကပဲလှူပြီး
“အာနိသင်သင်္ကန်း”ကို အများစုပေါင်းပြီး လှူတယ်ဆိုရင်
အဲဒီကထိန်ဟာ ဘုံကထိန်မဟုတ်ပါဘူး။
“အာနိသင်သင်္ကန်း”ကို တစ်ဦးတစ်ယောက်ကပဲလှူပြီး
“ကထိန်သင်္ကန်း”ကို အများစုပေါင်းပြီး
လှူတယ်ဆိုရင် အဲဒီ ကထိန်ဟာ ဘုံကထိန်ပါ။
ကထိန်တစ်ခု “ဘုံကထိန်”ဖြစ်ဖို့အတွက် အဓိကအကျဆုံးကတော့
ကထိန်သင်္ကန်းလို့ခေါ်တဲ့ ဉတ်သင်္ကန်းဟာ အများစုပေါင်းပြီး
လှူတဲ့ ဘုံသင်္ကန်းဖြစ်ဖို့ပါပဲ။ ဒကာ ဒကာမအများ တတ်စွမ်းသမျှ
လှူဒါန်းကြတဲ့ စုပေါင်းအလှူငွေနဲ့ ကထိန်သင်္ကန်း
(ဉတ်သင်္ကန်း)ဝယ်မှ အဲဒီကထိန်ဟာ ဘုံကထိန်ဖြစ်နိုင်ပါတယ်။
ကထိန်သင်္ကန်း အဓိကဆိုပေမယ့် အာနိသင်သင်္ကန်းကလည်း
အရေးကြီးပါတယ်။ “ကထိန်အလှူရှင် နှစ်ဦး ဆုံနေရင် အာနိသင်သင်္ကန်း(ကထိန်ရံသင်္ကန်း)များများပိုလှူနိုင်တဲ့
အလှူရှင်ရဲ့ ကထိန်သင်္ကန်းကိုပဲ ဉတ်တင်ပြီး
ကထိန်ခင်းရမယ်”.....လို့ ၀ိနည်းအဆုံးအဖြတ်ရှိတဲ့အတွက်
“ကထိန်”လို့ ဆိုလိုက်ရင် ကထိန်သင်္ကန်းလည်း ပါရပါမယ်။
အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)လည်း ပါရပါမယ်။

အဓိပ္ပာယ်ရှိတဲ့ ဘုံကထိန်၊ အနှစ်သာရပြည့်ဝတဲ့
ဘုံကထိန် ဖြစ်ဖို့အတွက် ကထိန်သင်္ကန်း
(ဉတ်သင်္ကန်း)ဟာလည်း အများစုပေါင်းကောင်းမှု ဖြစ်ရပါမယ်။
အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)တွေဟာလည်း
အများစုပေါင်းကောင်းမှု ဖြစ်ရပါမယ်။
ကထိန်သင်္ကန်းကတော့ အများစုပေါင်းအလှူငွေနဲ့ ဝယ်ရမှာပေါ့။
အာနိသင်သင်္ကန်းကတော့ အများစုပေါင်းအလှူငွေနဲ့
ဝယ်တာတွေလည်း ရှိမယ်။ သူတစ်စုံ၊ ငါတစ်စုံ စသည် ...
စွမ်းနိုင်သမျှ ဝိုင်းလှူကြတာတွေလည်း ရှိမယ်ပေါ့။
ငါးစုံတတ်နိုင် ငါးစုံ၊ အစုံတစ်ရာတတ်နိုင် အစုံတစ်ရာ ....
ဆန္ဒရှိသလို လှူလို့ရပါတယ်။ အလှူငွေပဲထည့်ထည့်၊
သင်္ကန်းပဲလှူလှူ အများစုပေါင်းကောင်းမှု
အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)လို့ပဲ ခေါ်နိုင်ပါတယ်။

●ကိုယ်က သင်္ကန်းများများ လှူနိုင်လို့ဆိုပြီး ကိုယ့်သင်္ကန်းကိုပဲ
ဉတ်သင်္ကန်းလုပ်ပြီး ကထိန်ခင်းခိုင်းတာမျိုးလုံးဝ
မပြုလုပ်သင့်ပါဘူး။ “ဘုံကထိန်”လို့ နာမည်ခံထားတဲ့အတွက်
ဘုံကောင်းမှုဖြစ်တဲ့ သင်္ကန်းကို ဉာတ်သင်္ကန်းလုပ်တာကိုပဲ
ကြည်ကြည်ဖြူဖြူ ဝမ်းမြောက်သင့်ပါတယ်။
ဉတ်သင်္ကန်းထဲမှာ ကိုယ့်ကုသိုလ်ပါချင်ရင်
သင်္ကန်းဘယ်နှစ်စုံပဲလှူလှူ ဉတ်သင်္ကန်းအတွက်
အလှူငွေ သီးခြားထည့်လိုက်ရုံပါပဲ။
ကထိန်သင်္ကန်းရော၊ ကထိန်ရံသင်္ကန်းတွေရော၊
သင်္ကန်းမှတစ်ပါး တခြားလှူဖွယ်ဝတ္ထုအားလုံးရော၊
ဘုန်းကြီးဆွမ်းကပ်နဲ့ ဧည့်ပရိတ်သတ် အကျွေးအမွေးအားလုံးရော ...
ကထိန်ပွဲနဲ့ပတ်သက်သမျှ ကုန်ကျစရိတ်အားလုံးကို
ကိုယ်တစ်ဦးတည်းကပဲ တာဝန်ယူလှူဒါန်းမယ်ဆိုရင်တော့
ကိုယ်လှူတဲ့သင်္ကန်းကိုပဲ ဉတ်သင်္ကန်းလုပ်ပြီး
ကထိန်ခင်းနိုင်ပါတယ် (ကထိန်ခင်းဖို့ လှူနိုင်ပါတယ်)။
●ဒါပေမဲ့ အဲဒီကထိန်ဟာ ဘုံကထိန် မဟုတ်တော့ပါဘူး။
ဘုံကထိန်မဟုတ်တော့တဲ့အတွက် “ကျောင်းတိုက်ကထိန်အတွက်”
ဆိုပြီး ဘယ်သူ့ဆီကမှ အလှူငွေ လိုက်မကောက်သင့်တော့ပါဘူး။
●တကယ်လို့ အလှူငွေ လိုက်ကောက်ခဲ့မယ်ဆိုရင်
“လိမ်ညာပြီး အလှူခံတာ” ဖြစ်ပါလိမ့်မယ်။
●ကထိန်သင်္ကန်းနဲ့ ကထိန်ရံသင်္ကန်း၊ သင်္ကန်းအားလုံးကိုတော့
ကိုယ်ကလှူမယ်။အများစုပေါင်းလှူထားတဲ့ အလှူငွေကိုတော့
ဘုန်းကြီးဆွမ်းကပ်နဲ့ ဧည့်ပရိတ်သတ် အကျွေးအမွေးကိစ္စမှာပဲ
သုံးမယ်ဆိုရင်တော့ သူတစ်ပါးရဲ့ ကထိန်အလှူကို
“ခေါင်းပုံဖြတ်”လုယူလိုက်တာပါပဲ။
●ပစ္စည်းကိုခေါင်းပုံဖြတ်တာထက် “ကုသိုလ်” ကို
ခေါင်းပုံဖြတ်တာက ပိုပြီးယုတ်မာပါတယ်။
ကထိန်ပွဲအတွက် လိုအပ်သမျှ သင်္ကန်းအားလုံး ကျနော်၊
ကျမ တစ်ဦးတည်းကပဲ တာဝန်ယူလှူပါ့မယ်လို့
တစ်ဦးတစ်ယောက်ကပြောတာကို ကထိန်ပွဲစီစဉ်သူတွေက
“သင်္ကန်းဖိုး အကုန်အကျ သက်သာသွားပြီ၊
သင်္ကန်းဝယ်စရာမလိုတော့ဘူး” ဆိုပြီး
လက်ခံလိုက်မယ်ဆိုရင် အဲဒီကထိန်ဟာ
“ဘုံကထိန်” မဟုတ်တော့ပါဘူး။
အဲဒီ “တစ်ဦးတစ်ယောက်ရဲ့ ကထိန်” ပဲဖြစ်သွားပါတယ်။
သင်္ကန်းအားလုံးကို တစ်ဦးတစ်ယောက်က လှူတာ
မဟုတ်ပေမယ့် တစ်ဦးတစ်ယောက်လှူတဲ့သင်္ကန်းကို
ကထိန်သင်္ကန်း (ဉတ်သင်္ကန်း) လုပ်လိုက်မယ်ဆိုရင်လည်း
အဲဒီ ကထိန်ဟာ ဘုံကထိန်မဟုတ်တော့ပါဘူး။
အဲဒီ တစ်ဦးတစ်ယောက်ရဲ့ ကထိန်ပဲဖြစ်သွားပါတယ်။

►အဲဒီလိုနည်းနဲ့ ခံလိုက်ရတဲ့ အကြိမ်ပေါင်းနည်းမယ်
မထင်တော့ပါဘူး။ မသိနားမလည်လို့ ခံလိုက်ရတာပါ။
ကထိန်အတွက် အလှူငွေသာ ထည့်လိုက်ရတယ်၊
ကထိန်အလှူရှင် မဖြစ်လိုက်တဲ့သူတွေ အများကြီးပါပဲ။
ဒီလိုနဲ့ပဲ ခံခဲ့ရပေါင်းများပါပြီ။ ဒီလိုမခံရဖို့အတွက်
“ကထိန်ပွဲစီစဉ်သူတွေ”မှာ အဓိကတာဝန်ရှိပါတယ်။
သဒ္ဓါတရား သိပ်အားကောင်းတဲ့ ကျောင်းတိုက်ရဲ့
“အဓိကအလှူရှင်တွေ”မှာလည်း တာဝန်ရှိပါတယ်။
ကထိန်အလှူမှာ သင်္ကန်းအဓိကပါပဲ။
ဉတ်သင်္ကန်းက အဓိကဆိုပေမယ့် ဉတ်သင်္ကန်း တစ်ခုတည်းနဲ့
ကထိန်ပွဲက မပြည့်စုံပါဘူး။ ဉတ်ရံသင်္ကန်းလို့ခေါ်တဲ့
ကထိန်အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)
လုံလုံလောက်လောက်ပါမှ၊ သံဃာအပါးစေ့
ဝေနိုင်လောက်ပါမှ ကထိန်ပွဲက ပြည့်စုံပါတယ်။
ကထိန်ပွဲလာသူတွေ ဟိုလူတစ်စုံ၊ ဒီလူတစ်စုံ လှူလို့
သင်္ကန်းတွေ ပိုလျှံသွားလည်း ပြဿနာမရှိပါဘူး။
ပိုလျှံလေကောင်းလေပါပဲ။ ကထိန်ရဲ့ အနှစ်သာရက
သံဃာတော်တွေ သိက္ခာပုဒ်ဝန်ထုပ် သက်သာသွားဖို့နဲ့
သင်္ကန်းလာဘ်လာဘ ပြည့်စုံသွားဖို့ ဖြစ်တဲ့အတွက်
သင်္ကန်း ပိုလျှံသွားမှာကို စိတ်ပူနေစရာ မလိုပါဘူး။
ပိုလျှံတဲ့ သင်္ကန်းတွေကို သံဃာတော်တွေက
၀ိနည်းစည်းကမ်းနဲ့အညီ စနစ်တကျ စီမံခန့်ခွဲသွားကြပါလိမ့်မယ်။
အရေးကြီးဆုံးက အများစုပေါင်းအလှူငွေနဲ့ ဉတ်သင်္ကန်း
အပါအဝင် သင်္ကန်းတွေ ဝယ်ဖြစ်ဖို့ပါပဲ။
အများကောင်းမှုနဲ့ ကထိန်သင်္ကန်းရော၊
ကထိန်ရံသင်္ကန်းတွေရော ဝယ်ကိုဝယ်ရပါ့မယ်။
ကထိန်အလှူမှာ သင်္ကန်းက အဓိကဖြစ်တဲ့အတွက်
အများကောင်းမှုအလှူငွေဟာ သင်္ကန်းအတွက်
အဓိက ဖြစ်သင့်ပါတယ်။ သင်္ကန်းအစုံ (၁၀၀)လှူတဲ့သူက
ကထိန်အလှူရှင် ဖြစ်ချင်တယ်ဆိုရင် ကထိန်သင်္ကန်းဝယ်မယ့်
အများကောင်းမှုထဲ အလှူငွေ ထပ်ထည့်ရပါမယ်။

■လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က စာစောင်တွေမှာ
နာမည်ကြီးမင်းသမီးတစ်ဦးရဲ့ ကထိန်အလှူသတင်းတွေ
ဖတ်ခဲ့ရဖူးပါတယ်။ သိန်းပေါင်းများစွာ အကုန်အကျခံပြီး၊
အကြီးအကျယ် ကထိန်ခင်းတာပါ။ သူ့ရဲ့ အင်တာဗျူးတွေမှာ
“သင်္ကန်းတော့ သူလုံးဝမလှူပါဘူး။
တခြားမင်းသားမင်းသမီးတွေကပဲ လှူပါတယ်...”တဲ့။
သူကတော့ တကယ်လိုအပ်တာကိုပဲ လှူချင်တဲ့အတွက်
ဆန်အိတ်တွေ၊ ဆီပုံးတွေပဲ လှူပါတယ်....တဲ့။
ဆန်အိတ်ဘယ်နှရာ၊ ဆီပုံးဘယ်နှရာပေါ့။
ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ တခြားလှူဖွယ်ဝတ္ထုပစ္စည်းတွေ
သိန်းဘယ်နှရာဖိုးပဲလှူလှူ၊ ကထိန်းခင်းမယ့် သင်္ကန်း လုံးဝ
မလှူတဲ့အတွက် အဲဒီ မင်းသမီး ကထိန်အလှူရှင် လုံးဝမဖြစ်ပါဘူး။
အဲဒီမင်းသမီး လုံးဝ ကထိန်မခင်းလိုက်ရပါဘူး။
“ကထိန်အမ ဘယ်သူလို့”စာလုံးကြီးကြီးနဲ့
ရေးချင်သလောက်ရေး ၊အဲဒီမင်းသမီး “ကထိန်အမ”
လုံးဝ မဟုတ်ပါဘူး။ ဆန်အိတ်တွေ၊ ဆီပုံးတွေ လှူပြီး
ကျောင်းတိုက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ
ကုသိုလ်တော့ ရပါတယ်။ ဒါပေမဲ့ ဒါဟာ
ကထိန်ခင်းတာ မဟုတ်ပါဘူး။
ကထိန်ခင်းတယ်ဆိုတာ သံဃာတော်တွေ ပစ္စည်းလေးပါး
ပြည့်စုံသွားအောင် လှူဖွယ်ဝတ္ထုမျိုးစုံ အများကြီးလှူဒါန်းတာကို
ပြောတာ မဟုတ်ပါဘူး။ ပစ္စည်းမျိုးစုံ၊ ပိုက်ဆံမျိုးစုံနဲ့
ပဒေသာပင်တွေ သီးပြီး လှူဒါန်းတာဟာ ကထိန်ခင်းတာ
မဟုတ်ပါဘူး။ ကထိန်သင်္ကန်းနဲ့ ကထိန်ရံသင်္ကန်းတွေ
လှူတာကိုပဲ ကထိန်ခင်းတယ်လို့ ခေါ်ပါတယ်။
ဒါပေမဲ့ ကထိန်အလှူရဲ့ အခြံအရံအဖြစ်နဲ့ ပစ္စည်းမျိုးစုံ
လှူဒါန်းလိုက်တော့လည်း ကထိန်အလှူကို အကြောင်းပြုပြီး၊
ကုသိုလ်ပိုတိုးသွားတာပေါ့။ ကုသိုလ်ဆိုတာ တိုးလေ
ကောင်းလေပါပဲ။ ဒါပေမဲ့ ကထိန်ရဲ့ အနှစ်သာရ
အဓိကအချက်ကိုတော့ မေ့မသွားဖို့ အထူးဂရုစိုက်ရပါမယ်။

■စာသင်တိုက်တို့ ရိပ်သာတို့လို လူအများ ဆည်းကပ်
ကိုးကွယ်နေကြတဲ့ ကျောင်းတိုက်တွေရဲ့ နှစ်စဉ်ကထိန်ဟာ
“ဘုံကထိန်”ပဲ ဖြစ်သင့်ပါတယ်။ ဟိုလူကလည်း ကျောင်းတိုက်ကို
ကျေးဇူးပြု၊ ဒီလူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုနဲ့
သူ့နည်းသူ့ဟန်နဲ့သူ သူတတ်နိုင်တဲ့ဘက်ကနေအားလုံး
ဝိုင်းဝန်ပြီး ကျောင်းတိုက်ကို ကျေးဇူးပြုနေကြတာဖြစ်တဲ့အတွက်
ကျောင်းတိုက်ရဲ့ တစ်နှစ်မှာ တစ်ခါသာလှူရတဲ့
ကထိန်ကုသိုလ်ပွဲမှာ ကျောင်းတိုက်ကို ကျေးဇူးပြုနေသူတွေ
အားလုံး တစ်ယောက်မကျန် ပါဝင်ခွင့်ရမှ သဘာဝကျပါတယ်။
များများလှူတဲ့သူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုသလို၊
နည်းနည်းလှူတဲ့သူကလည်း ကျောင်းတိုက်ကို ကျေးဇူးပြုတာပါပဲ။
အမြဲတမ်းဝေယျာဝစ္စလုပ်တဲ့သူကလည်း ကျောင်းတိုက်ကို
ကျေးဇူးပြုသလို တစ်ခါတစ်ရံမှ (တစ်ပါတ်တစ်ခါ၊
တစ်လတစ်ခါ ဆိုသလို) ဝေယျာဝစ္စလုပ်တဲ့သူကလည်း
ကျောင်းတိုက်ကို ကျေးဇူးပြုတာပါပဲ။
နေ့စဉ် သို့မဟုတ် ရက်ခြားဆွမ်းခံကြွနေတဲ့ ဆွမ်းခံရပ်ကွက် ၊
ဆွမ်းခံလမ်းက ဆွမ်းဒကာ ဆွမ်းအမတွေကလည်း
ကျောင်းတိုက်ကို ကျေးဇူးပြုသလို ဝန်ထမ်းသဘောမျိုးခန့်ထားတဲ့
ကျောင်းလုပ်သားတွေကလည်း ကျောင်းတိုက်ကို
ကျေးဇူးပြုတာပါပဲ။ နေ့စဉ်၊ သို့မဟုတ် ရက်ခြား
ဆွမ်းခံကြွပြီး သူတို့လှူတဲ့ ဆွမ်းကိုတော့
ကိုယ်ကယူနေပြီးတော့ အကျိုးအာနိသင်ထူးခြားတဲ့
ကထိန်အလှူကျမှ လှူခွင့်မပေးဘဲ ဘေးချိတ်ချောင်ထိုး
ထားတယ်ဆိုရင် သဘာဝကျပါ့မလား၊ သင့်တော်ပါမလား။
ကိုယ့်မှာသူတော်ကောင်းစိတ် ရှိရာရောက်ပါ့မလား။
ကျောင်းတိုက်တစ်တိုက်အတွက် တစ်နှစ်မှာ တစ်လ၊
တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်ပဲ
လှူခွင့်ရတဲ့ ကထိန်အလှူ (အလှူအားလုံးထဲမှာ
အထူးခြားဆုံးအလှူ)မှာ ကျောင်းတိုက်ကို
ကျေးဇူးပြုနေသူ ဘယ်သူ့ ဘယ်သူကိုမှ
ဘေးချိတ်ချောင်ထိုးမထားသင့်ပါဘူး။
အားလုံးရဲ့ သူ့အပိုင်းနဲ့သူ ကူညီပံ့ပိုးမှုကြောင့်သာ
ကျောင်းတိုက်လည်ပတ်နေနိုင်တာ ဖြစ်တဲ့အတွက်
ကျောင်းတိုက်ကို ကူညီပံ့ပိုးပေးနေသူအားလုံး
ကျောင်းတိုက်ရဲ့ ကထိန်ဟာ အများကောင်းမှု
“ဘုံကထိန်” ဖြစ်ကိုဖြစ်ရပါမယ်။
တစ်ချို့က “ဒီကျောင်းတိုက်မှာ နှစ်စဉ်နှစ်တိုင်း
ကျွန်တော်၊ကျွန်မ တစ်ဦးတည်းပဲ ကထိန်ခင်းပါ့မယ်”၊
“ဒီကျောင်းတိုက်ရဲ့ ရာသက်ပန် ကထိန်အလှူရှင်
အဖြစ် ကျွန်တော်၊ကျွန်မ ပဲ တာဝန်ယူပါ့မယ်”လို့
ကိုယ်ဆည်းကပ် ကိုးကွယ်နေတဲ့ ကျောင်းတိုက်ရဲ့
ကထိန်ကို ကိုယ်ပိုင်ကထိန်အဖြစ် ရာသက်ပန်
ကန်ထရိုက်ဆွဲထားတတ်ကြပါတယ်။
ရုတ်တရက်ကြည့်လိုက်ရင် သဒ္ဓါအားကြီးတယ်လို့
ထင်ရပေမယ့် ၊တကယ်တော့ သဒ္ဓါအားကြီးတာ
မဟုတ်ပါဘူး။ “အတ္တ” အားကြီးတာပါ။

တစ်နှစ်မှာ တစ်ခါပဲ ခင်းခွင့်ရတဲ့ ကျောင်းတိုက်ကထိန်ဟာ
ကိုယ်တစ်ဦးတည်းရဲ့ ကထိန်ပဲဖြစ်ရမယ်ဆိုတဲ့
အတ္တစိတ်ထဲမှာ ထူးခြားးတဲ့ ကထိန်အလှူရဲ့ ထူးခြားတဲ့
အကျိုးအာနိသင်တွေကို ကိုယ်တစ်ယောက်တည်းပဲ
ယူမယ်ဆိုတဲ့ “လောဘ”တွေလည်း ပါနေသလို ၊ထူးခြားတဲ့
အကျိုးအာနိသင်တွေ သူတစ်ပါး မရစေချင်တဲ့
“မစ္ဆရိယ”တွေလည်းပါနေပါတယ်။
ကိုယ်ဆည်းကပ်နေတဲ့ ကျောင်းတိုက်က တရားရိပ်သာ
ဖြစ်နေပြီး ကိုယ်ကလည်း အဲဒီတရားရိပ်သာမှာ
အားထုတ်နေတဲ့ တရားယောဂီဆိုရင်တော့ အဲဒီလို
အတ္တစိတ်မျိုး ပိုလို့တောင် မမွေးမြူသင့်ပါဘူး။
ကိုယ်တစ်ဦးတည်းကပဲ ကျောင်းတိုက်ကို အဖက်ဖက်က
ကူညီထောက်ပ့ံနေတယ်၊ တခြားဘယ်သူရဲ့ အကူအညီမှ
ကျောင်းတိုက်က မယူရဘူးဆိုရင်တော့ ကိုယ်တစ်ဦးတည်းကပဲ
အဲဒီကျောင်းတိုက်မှာ နှစ်စဉ် ကထိန်ခင်းသင့်ပါတယ်။
အဲဒီလိုမှ မဟုတ်ဘဲ အားလုံးရဲ့ ဝိုင်းဝန်း ကူညီပံ့ပိုးမှုနဲ့
ကျောင်းတိုက်လည်ပတ်နေတာဆိုရင်တော့
ကိုယ်တစ်ဦးတည်းက ကထိန်မခင်းဘဲ အားလုံးနဲ့
တိုင်ပင်ညှိနှိုင်းပြီး ဘုံကထိန်ပဲ ခင်းသင့်ပါတယ်။
ကိုယ်က များများလှူချင်ရင် လှူပေါ့။
များများကူချင်ရင် ကူပေါ့။

ဘုံကထိန်ခင်းခြင်းအားဖြင့် ... လောဘ၊ ဒေါသ၊ မာန၊
မစ္ဆရိယဆိုတဲ့ ကိလေသာတွေလည်း ကင်းစင်ပါတယ်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့
ဗြဟ္မစိုရ်တရားတွေလည်း တိုးပွားပါတယ်။
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ခန္တီ ဆိုတဲ့
သူတော်ကောင်းဓာတ်တွေလည်း အားကောင်းပါတယ်။
ကိလေသာကင်းစင်ခြင်းဆိုတဲ့ ဂုဏ်အရှိန်၊ ဗြဟ္မစိုရ်တရား
တိုးပွားခြင်းဆိုတဲ့ဂုဏ်အရှိန်၊ သူတော်ကောင်းဓာတ်အား
ကောင်းခြင်းဆိုတဲ့ ဂုဏ်အရှိန်တွေ တဝင်းဝင်းတလက်လက်
တောက်ပပေါင်းစုနေတဲ့ ဘုံကထိန်ကောင်းမှုကို ပါရမီလိုလားတဲ့
သူတော်ကောင်းအပေါင်းတို့ စုပေါင်းညီညာ ပျော်ရွှင်စွာ
ဆင်နွှဲကျင်းပကြမယ်ဆိုရင် သံသရာမှာ ထူးခြားဆန်းကြယ်တဲ့
ကောင်းကျိုးတွေကို အတူတကွခံစားရင်း နိဗ္ဗာန်စခန်း ၊
ဗောဓိနန်းကို အတူတကွ ပျော်ရွှင်စွာ တက်လှမ်းနိုင်ကြမှာ မလွဲဧကန်ပါ။
ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှုကို ပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှု”
နှာ ၃- ၃၀ မှ -ကောက်နှုတ်ပူဇော််မျှဝေပါသည်။】