“ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် မိစ္ဆာအာဇီဝ
မှန်သမျှမှ ရှောင်ကြဉ်ကြပြီး သမ္မာအာဇီဝနဲ့
အသက်မွေးကြဖို့….”
•••••••••••••••••••••••••••••••••••••••••••
မဟုတ်မတရား အသက်မွေးတဲ့ ပုဂ္ဂိုလ်တွေကျတော့
ဒီဘဝမှာ လွှားလွှား လွှားလွှားနဲ့ စီးပွားဥစ္စာတွေ
တိုးတက်လာပေမယ့်လို့ မကြာခင်မှာပဲ အကုသိုလ်တွေ
အကျိုးပေးလို့ ဆင်းရဲဒုက္ခတွေထဲမှာ နစ်မွန်းသွား
နိုင်တယ်တဲ့။

ဒီသဘောတရားကိုလည်းပဲ ဆင်ခြင်သုံးသပ်ကြည့်ရမယ်။
ဘုန်းကြီးတို့တတွေဟာ ဗုဒ္ဓရဲ့တပည့်သာဝကတွေ
ဖြစ်သည့်အားလျော်စွာ ရဟန်းသံဃာတွေလည်း
ရဟန်းသံဃာတွေအနေနဲ့၊လူဝတ်ကြောင်တွေလည်း
လူဝတ်ကြောင်တွေအနေနဲ့ မှန်ကန်တဲ့နည်းနဲ့
အသက်မွေးကြဖို့ အရေးကြီးတယ်။

ရဟန်းတော်တွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင်
ဒီဒေသနာတော်ဟောပြောရခြင်း အကြောင်းရင်း
ဖြစ်တဲ့ ရဟန်းတော်တစ်ပါးဟာ ရှင်သာရိပုတ္တရာရဲ့
တပည့်သာဝတစ်ဦး ဖြစ်တယ်တဲ့။
သူ့ရဲ့အမည်ကို “စူဠသာရီ”လို့ ဖော်ပြထားတာ ရှိတယ်၊
အဲဒီ စူဠသာရီဆိုတဲ့ကိုယ်တော်က ဆေးပညာ
အတတ် တတ်တယ်။တတ်သည့်အတွက်ကြောင့်
ဘာလုပ်လဲ။မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေကို ပစ္စည်းရလိုမှုနဲ့
ဆေးဖိုးဝါးခယူပြီးတော့ ဆေးကုတယ်။
ဆေးကုလို့ ရလာတဲ့ ပစ္စည်းဥစ္စာတွေနဲ့ အသက်မွေးတယ်။

လူတွေဆိုရင်တော့ ဆေးကုပြီး အသက်မွေးတာ
မကောင်းတဲ့အသက်မွေးမှု မဟုတ်ဘူး။စိတ်ထားတတ်လို့
ရှိရင် မြင့်မြတ်တဲ့အသက်မွေးမှုတောင် ဖြစ်တယ်။

သို့သော် ရဟန်းတော်တွေအနေနဲ့ ဆေးကုပြီး
အသက်မွေးပြီဆိုလို့ရှိရင် “မမှန်ကန်တဲ့
အသက်မွေးမှု” လို့ ခေါ်တယ်။
“မိစ္ဆာအာဇီဝ” မှားယွင်းတဲ့ အသက်မွေးမှုလို့
ပြောတာ။ရဟန်းသံဃာတွေရဲ့ အသက်မွေးမှုဟာ
တစ်အိမ်တစ်ဇွန်းဆွမ်းခံပြီး ရလာတဲ့ အစာအာဟာရ
ပေါ်မှာ မှီခိုပြီးတော့ အသက်မွေးရတာ။ဒကာ၊ဒကာမတွေက
သဒ္ဓါစစ်စစ်နဲ့ လှူတဲ့အလှူဒါနကို အလှူခံပြီး
အသက်မွေးရတာ။ဒါဟာ ရဟန်းတော်တွေအဖို့
မှန်ကန်တဲ့ အသက်မွေးမှု “သမ္မာအာဇီဝ”
လို့ ခေါ်တယ်။

အဲဒီလို မဟုတ်ဘဲနဲ့ ဆေးကုလို့ ရောဂါဝေဒနာ
ပျောက်သွားတဲ့ ဒကာဒကာမတွေက ကျေးဇူးတင်ပြီးတော့
ကျောင်းဆောက်လှူတယ်၊ သင်္ကန်းလှူတယ်၊
ဆွမ်းကွမ်းတွေ လှူတယ်။
ဒီလိုလှူဒါန်းမှုတွေဟာ “သဒ္ဓါ” နဲ့ မဟုတ်ဘူး။
ကျောင်းဆောက်လှူတာလည်း သဒ္ဓါနဲ့ မဟုတ်ဘူး။
သင်္ကန်းလှူတာလည်း သဒ္ဓါနဲ့ မဟုတ်ဘူး၊
ဆေးကုတယ် ဆိုတဲ့အကြောင်းကြောင့် လှူတယ်။
တခြားပစ္စည်းတွေ လှူတယ်ဆိုတာလည်းပဲ
ဆေးကုပေးတယ်ဆိုတဲ့ အနေအထားနဲ့ လှူတာ။
သဒ္ဓါနဲ့ လှူတာ မဟုတ်ဘူး။

ကံ၊ကံ၏အကျိုးကို ယုံကြည်လို့ လှူတဲ့ အလှူကမှ
သဒ္ဓါနဲ့ လှူတယ်လို့ ဒီလိုဆိုလိုတယ်။

ဒကာဒကာမတွေရဲ့ သဒ္ဓါတရားဟာ ပျက်စီးသွားတယ်
လို့ ဒီလိုဆိုလိုတယ်။အဲဒီလို ဆေးကုခြင်း၊
ဗေဒင်ဟောခြင်း စတဲ့ တခြားနည်းလမ်းတွေနဲ့
ဘုန်းကြီးတွေ အသက်မွေးမယ်ဆိုလို့ရှိရင် မှားယွင်းတဲ့
အသက်မွေးနည်း၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး
ဆိုတဲ့ ပစ္စည်းလေးပါးဟာ မှန်ကန်သောနည်းလမ်းနဲ့သာ
ရသင့်တယ်။မှန်ကန်သောနည်းလမ်း မဟုတ်ဘဲနဲ့
-ဒကာဒကာမတွေကို မြှောက်ပင့် ပေါင်းသင်း
ဆက်ဆံခြင်း၊
-မကြည်ညို ကြည်ညိုအောင် လုပ်ခြင်း၊
-ဗေဒင်ဟောခြင်း စတဲ့နည်းတွေနဲ့ ရလာတဲ့ပစ္စည်းတွေဟာ
“ဗုဒ္ဓ ပဋိကုဋ္ဌ” မြတ်စွာဘုရားကိုယ်တိုင်က
စက်ဆုပ်တယ်တဲ့။ဒီနည်းနဲ့အသက်မွေးတာဟာ
ရဟန်းတော်တွေအတွက် မှားယွင်းတဲ့အသက်မွေးမှု
ဖြစ်တယ်ပေါ့။

အဲဒီလို အသက်မွေးတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လို
ပုဂ္ဂိုလ်မျိုးတုံးဆို “အဟိရိက” - ဒုစရိုက်နဲ့
အသက်မွေးရမှာ မရှက်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်တယ်ပေါ့။
အဲဒီပုဂ္ဂိုလ်မျိုး ဖြစ်လာလို့ရှိရင် ရဟန်းအတွက်
နစ်မွန်းဖို့ပဲ ဖြစ်တယ်ပေါ့။

ထို့အတူပဲ လောကမှာ လူတွေ မမှန်မကန်တဲ့နည်းနဲ့
စီးပွားရှာပြီဆိုလို့ရှိရင် ခိုးခြင်း ၂၅-ပါးထဲမှာ အပါအဝင်
ဖြစ်တဲ့ အဒိန္နာဒါန တွင်တွင်ကြီး လုပ်နေသည့်
အတွက်ကြောင့် ထိုပုဂ္ဂိုလ်ရဲ့ စီးပွားတက်မှုသည်
မှန်ကန်တဲ့နည်းလမ်းနဲ့ စီးပွားတက်လာတာ မဟုတ်ဘူး။
သမာအာဇီဝ မဟုတ်ဘူး။မိစ္ဆာအာဇီဝနဲ့ စီးပွားရှာတာ
ဖြစ်သောကြောင့် နေ့စဉ်နဲ့အမျှ စီးပွားရှာတာကို
အကြောင်းပြုပြီးတော့ အကုသိုလ်တွေ ဖြစ်နေမယ်။

အဲဒီတော့ ရှင်သာရိပုတ္တရာရဲ့ တပည့်တစ်ပါးဖြစ်တဲ့
စူဠသာရီဆိုတဲ့ကိုယ်တော်က ဆေးကုပြီးတော့
ဒကာ၊ဒကာမတွေက ကြည်ညိုလို့ ဆွမ်းကောင်းကောင်း
လှူတဲ့အခါမှာ ရှင်သာရိပုတ္တရာကို သွားလှူသတဲ့။
အင်မတန်ကောင်းမြတ်တဲ့၊တန်ဖိုးကြီးတဲ့၊အရသာရှိတဲ့
အစာအာဟာရကို ရှင်သာရိပုတ္တရာလှူပြီးတော့
ဘာပြောတုံးဆို ဒီမွန်မြတ်တဲ့ဘောဇဉ်ဟာ
သူ ဆေးကုလို့ ရတာ ဖြစ်တယ်ပေါ့။

အရှင်ဘုရားကို တပည့်တော် ကြည်ညိုတယ်။
လေးစားတယ်၊ ဒါကြောင့်မို့ တစ်သက်လုံး တပည့်တော်က
ဆေးကုပြီးတော့ လုပ်ကျွေးပါ့မယ်လို့ လျှောက်တယ်။

ရှင်သာရိပုတ္တရာက ကောင်းတယ်၊ဆိုးတယ်
မပြောတော့ဘူး။သူ့ကို အဖက်လုပ်ပြီးတော့တောင်
စကားမပြောတော့ဘူး။ဘယ်အရာကိုမှ ငဲ့ကွက်ခြင်း
မရှိဘဲ စွန့်ပစ်ပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်က
ဆွမ်းခံပဲ ကြွသွားတယ်။
သူပြောတာတွေ တစ်ခုမှ လက်မခံဘူး။

ရှေးက ရဟန်းတော်ကြီးတွေဆိုတာ စင်ကြယ်သန့်ရှင်းတဲ့
ပစ္စည်းလေးပါးကိုသာ သုံးစွဲလေ့ ရှိကြတယ်။
အင်မတန်မှ ဆင်ခြင်တတ်ကြတယ်။
မမှန်မကန်တဲ့နည်းနဲ့ ရလာပြီဆိုရင် လုံးဝလက်ခံလေ့
မရှိကြဘူး။

တစ်ခါတုန်းက ရှင်သာရိပုတ္တရာမထေရ်မြတ်
တောထဲမှာနေရင်း လေနာရောဂါထတယ်။
အတူနေဖက်ဖြစ်တဲ့ ရှင်မောဂ္ဂလာန်က
“အရှင်ဘုရား လေနာရောဂါ ဘာနဲ့ ပျောက်ဖူးတုန်း။”
ဆိုတော့
“အိမ်မှာ နေတုန်းကတော့ မယ်တော်ကြီးက
နို့ယာဂုလေး ချက်ပြီး အဲဒီထဲမှာ သကာခဲလေး
ခပ်ထားတယ်.အဲဒီချိုချိုလေး သောက်လိုက်ရရင်
လေနာရောဂါ ပျောက်သွားဖူးတယ်။”
လို့ နှစ်ပါးဒီလို ပြောကြတယ်။ရှင်မောဂ္ဂလာန်က
နက်ဖြန်ခါ သူ ဆွမ်းခံကြွသွားလို့ အရှင်ဘုရား
ဘုန်းကံကြီးရင်တော့ ရလာမှာပဲလို့ ပြောပြီး
ဆွမ်းခံကြွသွားတယ်။နှစ်ပါး ည တိုးတိုးပြောတာကို
သူတို့ အနီးအပါးမှာရှိတဲ့ ရုက္ခစိုးနတ်က ကြားသွားတယ်။

ကြားသွားပြီး ဘာလုပ်တုံးဆိုတော့ ရှင်သာရိပုတ္တရာကို
ကြည်ညိုတဲ့ ဒကာအိမ် သွားပြီး ကလေးကို
ဝင်ပူးတယ်။ဝင်ပူးတော့ နတ်မေးတဲ့သူက မေးတယ်။
ဘာဖြစ်လို့ ဝင်ပူးတာတုန်း။
ဘာလုပ်လို့ရှိရင် ကျေနပ်မတုန်းဆိုတဲ့အခါ
မနက်ဖြန် ရှင်သာရိပုတ္တရာအတွက် နို့ဃနာချက်ပြီးတော့
သကာခဲလေး ခပ်ပေးတဲ့အစာကို လှူမယ်ဆိုရင်
ဒီကလေးကို ပကတိအတိုင်း ပျောက်စေမယ်
လို့ ပြောပြီးတော့နတ်က ထွက်သွားတယ်။

အဲဒီမှာ လူတွေကလည်း ရှင်သာရိပုတ္တရာဆိုတာ
တို့အိမ်မှာ အမြဲတမ်း ဆွမ်းခံကြွနေတဲ့ မထေရ်မြတ်
ဖြစ်တယ်။အမြဲတမ်း လှူဒါန်းနေတာ။ဒါ ဝန်မလေးဘူး။
လို့ ဆိုပြီးတော့ အဲဒီအစားအစာကို ကြိုတင်ပြီး
လုပ်ထားကြတယ်။

မနက်ကျတော့ ရှင်မောဂ္ဂလာန်လည်း ကြွလာရော
ရှင်မောဂ္ဂလာန်ကို လှူတယ်၊ ရှင်မောဂ္ဂလာန်က
ယူသွားမလို့ လုပ်တော့
“အရှင်ဘုရား နောက်ထပ် လှူလိုက်ပါ့မယ်။
အခုဟာကို ဘုဉ်းပေးပါ။”ဆိုတော့ ရှင်မောဂ္ဂလာန်က
အဲဒီမှာ ဘုဉ်းပေးလိုက်တယ်၊ ရှင်သာရိပုတ္တရာအတွက်
သပိတ်ထဲ ထည့်ပြီးတော့ လှူလိုက်တယ်။

ရှင်မောဂ္ဂလာန်က အဲဒီသပိတ်ကို ယူသွားပြီး
ရှင်သာရိပုတ္တရာကို
“ငါ့ ရှင်သာရိပုတ္တရာ - သင့်ရောဂါနဲ့တည့်တဲ့
ဟောဒီအစာကို ရခဲ့ပြီ။”ဆိုပြီး ရှင်သာရိပုတ္တရာကို
လှမ်းပေးတယ်။

အဲဒီအခါမှာ ရှင်သာရိပုတ္တရာက စဉ်းစားတယ်။
လွယ်လှချည်လားပေါ့။
ဘယ်လိုနည်းနဲ့ ရလာပါလိမ့်လို့ စဉ်းစားတယ်။
ရှင်မောဂ္ဂလာန်ပေါ်မှာ သံသယဖြစ်လို့ စဉ်းစားတာ
မဟုတ်ဘူး။
“တို့ ညက ပြောတဲ့အတိုင်း ရနေပါလား၊
ဘာကြောင့် ဒီလိုဖြစ်ရတာတုန်း။”
လို့ ကြည့်တဲ့အခါ ညက နတ်ဝင်ပူးပြီးတော့
ပြောသွားတာကို တွေ့လိုက်ရတယ်။
တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ရှင်မောဂ္ဂလာန်ကို
ပြောတယ်
“ငါ့ရှင်မောဂ္ဂလာန် ဒီအစာဟာ မစင်ကြယ်ဘူး။”
လို့ ပြောတယ်၊ အဲလိုလည်း ပြောလိုက်ရော
ရှင်မောဂ္ဂလာန်က သပိတ်ကို ယူပြီး ချက်ချင်း
သွန်ပစ်လိုက်တယ်၊ ရှင်မောဂ္ဂလာန်ဆိုတာ စိတ်ကလည်း
ခပ်ဆတ်ဆတ်၊ မစင်ကြယ်ဘူးလို့ ပြောတာနဲ့
ချက်ချင်းသွန်ပစ်လိုက်တယ်။

အဲဒီမှာ ရှင်သာရိပုတ္တရာက ဘာပြောတုံးဆိုရင်
“သူ့ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့အူတွေ လေနာရောဂါကြောင့်
ပြတ်ချင်ပြတ်ထွက်ပါစေ။အခုလို မစင်ကြယ်တဲ့
အစာအာဟာရမျိုးကို သူမစားပါဘူး။”
လို့ ဒီလို ရင့်ကျူးလိုက်တယ်။

ရှင်မောဂ္ဂလာန်က သပိတ်ထဲက နို့ဃနာတွေ
သွန်ပစ်လိုက်လို့ သပိတ်ထဲက နို့ဃနာတွေ
မြေကြီးပေါ်လည်း ကျလိုက်ရော ရှင်သာရိပုတ္တရာမှာ
ဖြစ်နေတဲ့ လေနာရောဂါလည်း ပျောက်သွားတယ်တဲ့။
ဒီလို မှတ်တမ်းတစ်ခု ရှိတယ်ပေါ့။

အဲဒီတော့ ရဟန်းတော်တွေဟာ အင်မတန်မှ
သန့်ရှင်းစင်ကြယ်တဲ့ အစာအာဟာရမျိုး ပစ္စည်းမျိုးကိုသာ
သုံးစွဲလေ့ ရှိကြတယ်။အဲဒီလို မဟုတ်ဘဲနဲ့ မိစ္ဆာ
အာဇီဝနည်းနဲ့ ရလာတာဆိုရင်
လုံးဝရှောင်ကြဉ်ကြတယ်တဲ့။

ထို့အတူပဲ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ
အနေနဲ့လည်း မိမိတို့ စီးပွားရေးလုပ်ကြတဲ့အခါမှာ
ကောင်းရောင်းကောင်းဝယ် မှန်မှန်ကန်ကန် ပစ္စည်းမျိုးနဲ့သာ
အရောင်းအဝယ် ပြုသင့်တယ်ပေါ့။

အဲဒီလို အရောင်းအဝယ်ပြုခြင်းအားဖြင့် မိမိပစ္စည်းကို
အသုံးပြုကြတဲ့ ပုဂ္ဂိုလ်တွေဟာ ရောဂါဝေဒနာမှ
ကင်းရှင်းကြပါစေ၊ အသက်ရှည်ကြပါစေ၊
ဘေးရန်အန္တရာယ်တွေမှ ကင်းရှင်းကြပါစေလို့
ဒီလို မေတ္တာတရား ရှေ့ထားပြီး ဆောင်ရွက်
လုပ်ကိုင်ကြမယ်။မှန်မှန်ကန်ကန်ပဲ ရောင်းတယ် ၊
ဝယ်တယ်၊ ဆေးဝါးအတုတွေ မလုပ်ဘူး။
အစားအစာထဲမှာ အန္တရာယ်ရှိတာတွေ မထည့်ဘူး။
ကော်ဖီမစ်ဆိုရင်လည်း ကော်ဖီပဲ ထည့်တယ်။
မဟုတ်တာတွေ မထည့်ဘူး၊ ဒီလိုပေါ့လေ။

မြန်မာပြည်မှာက မဟုတ်တာတွေ တော်တော်
များတယ်။ဖရဲသီးတောင်မှ saline သွင်းတဲ့ အပ်နဲ့
ချိတ်ပြီးတော့ ချိုအောင်လို့၊ ကြည့်လိုက်ရင် ရဲနေအောင်လို့
ဒီလိုလုပ်ထားကြတယ်ဆိုတာ ကြားနေရတယ်ပေါ့။

ဘယ်အစားအစာပဲဖြစ်ဖြစ် လူကြိုက်အောင်
အယောင်ဆောင်ပြီးတော့ မမှန်မကန်တာတွေ
မချိုတာကို ချိုတယ် ထင်အောင်၊မလှတာကို လှတယ်
ထင်အောင် ပြုပြင် ဆေးတွေ သုံးနေကြတယ်။
လူတွေ အန္တရာယ်ရှိမှန်း သိရင် မလုပ်သင့်ဘူး။
ရှောင်ကြဉ်သင့်တယ်ပေါ့။

အဲဒီလို မရှောင်ဘဲနဲ့ ဆက်ပြီးတော့ လုပ်နေမယ်၊
သိသိကြီးနဲ့ လုပ်နေမယ်ဆိုရင်တော့ ခုနက မေတ္တာတွေ
ပျက်စီးလာတဲ့အတွက်ကြောင့် မိမိတို့ ကိုယ်တိုင်က
ခိုးခြင်း ၂၅-ပါးထဲမှာပါဝင်တဲ့ အဒိန္နာဒါနကံကြီးကို
ကျူးလွန်ပြီး ဖြစ်လိမ့်မယ်။
လူတွေ ဒုက္ခရောက်အောင် လုပ်တယ်ဆိုတဲ့ ပြစ်မှုနဲ့
အကုသိုလ်တရားတွေ ဖြစ်ပွားပြီး မိမိကိုယ်ကို
တုန့်ပြန် ဖိစီးနှိပ်စက်လာမှာပဲ ဖြစ်တယ်ပေါ့။

လူ့ဘဝရရှိလာတဲ့အခါ သမုဒ္ဒရာဝမ်းတစ်ထွာကို
အစာအာဟာရအနေနဲ့ ရှာဖွေဖြည့်တင်းရုံသာ
ဖြည့်တင်းသင့်တယ်ပေါ့၊
အကုသိုလ်အမှုတွေကို အသုံးပြုပြီးတော့
မိမိသန္တာန်မှာ ဒုက္ခရောက်စေနိုင်တဲ့
အကုသိုလ်တရားတွေကိုတော့ မဖြည့်တင်းသင့်ဘူး။

ဒါကြောင့်မို့ ဗုဒ္ဓရဲ့အဆုံးအမကို ကြည်ညိုလေးစား
အားထားကြတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်များသည်
မိစ္ဆာအာဇီဝ မှန်သမျှမှ ရှောင်ကြဉ်ကြပြီး သမ္မာအာဇီဝနဲ့
အသက်မွေးကြဖို့ အင်မတန်မှ ကောင်းပါတယ်။
သမ္မာအာဇီဝဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာ သီလမဂ္ဂင်မှာပါတဲ့
တရားမြတ်ဖြစ်သည့်အတွက်ကြောင့် နိဗ္ဗာန်ကို သွားတဲ့
အခါမှာ အရေးပါတဲ့နေရာမှာ ရှိတယ်။
ဒီအချက်ကို ကိုယ်စီ ကိုယ်စီ သဘောကျပြီး
“သမ္မာအာဇီဝဖြင့် အသက်မွေးနိုင်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】