မေမေ နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာလဲဟင် …
နိဗ္ဗာန်ဆိုတာ မဖြစ်သဘောကို ဆိုတယ်၊ ပါဠိလို အနုပါဒိသေသနိဗ္ဗာန် လို့ခေါ်တယ်သား၊ ပါဠိလိုက “အနုပ္ပါဒေါ နိဗ္ဗာနံ” တဲ့၊ အနက်က မဖြစ်သဘောသည် နိဗ္ဗာနံ နိဗ္ဗာန်မည်၏လို့ ပဋိသမ္ဘိဒါမဂ်၊ ၀ိသုဒ္ဓိကျမ်းမှာ ပြဆိုထားတယ်သား။
မဖြစ်သဘောနိဗ္ဗာန်လို့ဆိုတော့ ဘာဖြစ်မလဲမေမေ ..
တွယ်တာလိုစိတ် မဖြစ်ရမှုကို ဆိုတာပါ ..
ဘာလို့ တွယ်တာစိတ် မဖြစ်တာလဲ ..
တွယ်တာသိမ်းပိုက်စရာရှာမရလို့ တွယ်တာလိုစိတ် မဖြစ်ရတာပါ၊ ဒါကို သဥပါဒိသေသနိဗ္ဗာန် လို့လည်း ခေါ်တယ်သား …
တွယ်တာသိမ်းပိုက်မိရင် ဘယ်လိုဖြစ်တတ်လဲမေမေ ..
တွယ်တာသိမ်းပိုက်မိရင် ပျောက်ပျက်တတ်တယ် … ဘာလို့လည်းဆိုတော့ တွယ်တာသိမ်းပိုက်စရာ ရှာလို့မရတဲ့သဘောကို တွယ်တာသိမ်းပိုက်တဲ့အတွက် ပျောက်ပျက်ရတာပဲသား …
ဟုတ်ကဲ့ ဒါဆိုရင် တွယ်တာသိမ်းပိုက်တိုင်း အပျောက်ဆုံးခံရမဲ့ သင်္ခတအနတ္တထဲမှာ ရှိတာလား .. ဒါမှမဟုတ် အသင်္ခတထဲမှာ ရှိတာလား ….
မရှိဘူးသား ….အကြောင်းတရားတွေ ပေါင်းစည်းဆဲအခိုက် ခေါ် သင်္ခတနယ်ထဲမှာလည်း ပေါင်းစည်းပြီးသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားရလို့ သင်္ခတထဲမှာလည်း နိဗ္ဗာန် မရှိပါဘူးသား …..
အပေါင်းအစည်းထဲက တစ်ခုစီ တစ်ခုစီ ခွဲထုတ်ပြီး အကျိုးအကြောင်းကို ဝေဖန်စစ်ဆေးကြည့်ရင် အသင်္ခတ အနတ္တနယ်ထဲမှာသာ ဆုံးခန်းတိုင်နေလို့ အဲဒီ အသင်္ခတအနတ္တထဲမှာလည်း ထောက်တည်ရာ မရတဲ့သဘောတွေ့ရှိရတယ်၊ ဒါကြောင့် အသင်္ခတထဲမှာလည်း နိဗ္ဗာန် မရှိဘူးသား ….
နိဗ္ဗာန်ဆိုတာ သင်္ခတထဲမှာလည်းမရှိ အသင်္ခတထဲမှာလည်းမရှိဆိုတော့ သူတို့ ၂ ခုကြား စပ်ကြားခေါ် အလွတ်သက်သက် ဟာလာဟင်းလင်းထဲမှာ ရှိတာလားဆိုတော့လည်း မရှိပါဘူးတဲ့။
မေမေ .. ဒါဆို ပေါင်းစည်းမိကြတဲ့ သင်္ခတအနတ္တထဲမှာလည်း နိဗ္ဗာန်ကမရှိဘူး၊ မပေါင်းစည်းဘဲ တစ်ခုတည်း ခေါ်ရ အသင်္ခတအနတ္တထဲမှာလည်း မရှိဘူး၊ သူတို့ ၂ ခုကြား ဟာလာဟင်းလင်းထဲမှာလည်း မရှိဘူးဆိုတော့ ဘာမှမရှိဘဲ တမင်ပြောနေကြတဲ့ အဘာဝပညတ်မျိုးလား ….
ဘာမှစမ်းသပ်ရှာဖွေလို့မရတဲ့ နတ္ထိဘာဝ အာကာသပညတ်မျိုးလည်းမဟုတ်ဘူးသား …နိဗ္ဗာန်ရဲ့ သဘောမှာ တွယ်တာမှုမဖြစ်လို့ ငြိမ်းအေးခြင်းဆိုတဲ့ သန္တိလက္ခဏာဂုဏ်ကိုသာ ဖော်ပြရတယ် …အဲ့ဒီဂုဏ်ကို ဖယ်ထားပြီး နိဗ္ဗာန်ကိုတွေ့ရှိရပုံကိစ္စမှာ မရွေ့လျောခြင်း၊ အမြဲရှိခြင်း၊ ခိုင်ခန့်ခြင်းတို့နဲ့ အမြဲနိစ္စ ထာဝရရှိတယ်၊ ဒါကြောင့် နိဗ္ဗာနန္တိ နိစ္စံ ဓူဝံ သဿတံ စသဖြင့် ကျမ်းဂန်များမှာ ဖော်ပြထားတယ် …. နိဗ္ဗာန်ဆိုတာ မြဲတယ် ခိုင်ခန့်တယ် မရွေ့လျော မပြောင်းလွဲဘဲ အမြဲရှိတယ် …။
ဘယ်လိုအမြဲရှိပုံမျိုးလည်း မေမေ …သားကိုရှင်းပြပါဦး ….
သင်္ခတဘက်ကဆိုရင် ပေါင်းစည်းမိသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားရလို့ အပျောက်ပျက်ခံ ရတဲ့ ပြစ်ချက်တွေကို သိမြင်ရတော့ မတွယ်တာနိုင် အားမကိုးနိုင်ပါဘူး၊ မပျောက်ပျက်ဘဲ အမြဲရှိတဲ့ သင်္ခါရ ဒုက္ခ ခေါ် အသင်္ခတဘက်ကကြည့်ရင် တွယ်တာစရာ အားကိုးစရာ ကင်းဆိတ်ခြင်း၊ သိမ်းပိုက်စရာ ဘာတစ်ခုမျှ အစအနကို ရှာဖွေမရလို့ တွယ်တာသိမ်းပိုက်စရာ ကင်းဆိတ်ခြင်း ဆိုတဲ့ အသင်္ခတအနတ္တကိုဘဲ ကျပ်ပြည့်သိမြင်ပါက သိမြင်တိုင်း သိမြင်တိုင်း တွယ်တာလိုစိတ်မဖြစ်ရတဲ့ မဖြစ်သဘော၊ နိဗ္ဗာန်ခေါ် ဧနိဗ္ဗာန်ဟာ ဘယ်သဘောထံမှ တစ်ဆံချည်လောက်တောင် ဖောက်ပြန်ပြောင်းလွဲခြင်းမရှိဘဲ အမြဲရှိပါတယ်။ ဆိုလိုတာက တွယ်တာလိုစိတ် မဖြစ်တိုင်း မဖြစ်တိုင်း အေးငြိမ်းတဲ့သဘောဟာ ဘယ်ကိုမှ ထွက်မပြေးဘဲ မရွေ့လျော မပြောင်းလွဲဘဲ ခိုင်မြဲစွာ ရှိတယ်၊ ဆုံးဖြတ်ချက်ချရရင် ရာဂ လောဘ ဒေါသ တို့ရဲ့ ကုန်ခမ်းတာကို နိဗ္ဗာန် မဟုတ်၊ ထို ရာဂ လောဘ ဒေါသတို့ ကုန်ခမ်းရန် အခြေခံအကြောင်းကို သိရုံမျှပင်လျှင် ခေါ်ချင်ရာခေါ်က နိဗ္ဗာန်လို့ ဆိုပါတယ်သား …
ရာဂ လောဘ ဒေါသ ကုန်ခမ်းသွားတာကို နိဗ္ဗာန်မဟုတ်၊ ကုန်ခမ်းခြင်းရဲ့ အခြေခံအကြောင်းဖြစ်တဲ့ သင်္ခါရဒုက္ခကို သိမြင်နားလည်မှုသို့ ဆိုက်ရောက်ရုံမျှကိုဘဲ နိဗ္ဗာန်လို့ ခေါ်တယ်ဆိုတော့ … ထပ်ပြီးရှင်းပြပါဦး … မေမေ …
ဟုတ်ပြီသား … နိဗ္ဗာန်သည် အခြင်းအရာအားဖြင့် ၂ မျိုး၊ သဥပါဒိသေသနိဗ္ဗာန်ရယ် အနုပါဒိသေသနိဗ္ဗာန်ရယ် ။ အကြောင်းဂုဏ်ကိုထောက်သောအားဖြင့် ၃ မျိုးရှိတယ် … အနိမိတ္တ ၊ အပဏီဟိတ ၊ သုညတနိဗ္ဗာန် တဲ့၊ သဘောတရားအနေနဲ့ သူ့ဂုဏ်ကတော့ အေးငြိမ်းတဲ့ သန္တိလက္ခဏာသဘောရှိတယ် ….နိဗ္ဗာန်နဲ့ ရုပ်နာမ်ရှိသူတို့ ပထမတွေ့ကြပုံက မရွေ့မပြောင်း မရွေ့မလျော မအို မနာ မသေတဲ့ အမည်တည်ရှိတဲ့ အစ္စုတိရသဂုဏ် ရှိတယ် …
သမ္မောဟဝိနောဒနီကျမ်းမှာ “ နိဗ္ဗာနံ အာဂမ္မ ရာဂဒယောခိယန္တိ ” လို့ ဖော်ပြထားတယ် …အနက်က - နိဗ္ဗာနံ - သိမ်းပိုက်စွဲယူစရာ ရှာမရလို့ ထောက်တည်ရာမရတဲ့ သင်္ခါရဒုက္ခကို သိရတဲ့အတိုင်း တွယ်တာလိုစိတ် မဖြစ်ရတဲ့ မဖြစ်သဘော နိဗ္ဗာန်ကို၊ အာဂမ္မ - ဉာဏ်ဝမှာပင် ကျပ်ပြည့်မြင်ရန် အခြေခံ နှလုံးသွင်းမှုရရှိခဲ့ခြင်းကို အကြောင်းပြု၍ ၊ ရာဂဒယော - ရာဂအစရှိကုန်သော ကိလေသာတရားတို့သည်၊ ခီယန္တိ - အလိုလိုကွယ်ပျောက် ကုန်ခမ်းကြကုန်၏တဲ့ …
အဓိပ္ပယ်က ရာဂ အစရှိတဲ့ တရားတို့သည် ရုပ်နာမ်ကို အမှီပြုမှသာ ဖြစ်ပေါ်ကြတယ်၊ ရုပ်နာမ်ကို တစ်ခုစီ တစ်ခုစီ ဖြစ်စေ၊ ပေါင်းစည်းဆဲ သင်္ခတနယ်ထဲ ပါဝင်နေသည်ဖြစ်စေ …. အကြောင်းအကျိုးပြုလုပ် စစ်တမ်းထုတ်ကြည့်ရင် ထောက်တည်ရာ အားထားရာမရတဲ့ သင်္ခါရဒုက္ခမှာသာ အနယ်ထိုင်နေသလို ဘယ်လိုမှ သိမ်းပိုက်စွဲယူလို့မရ … သိမ်းပိုက်စွဲယူစရာ ရှာလို့မတွေ့ကြောင်းကို သိရှိနားလည်ရတာနဲ့ တစ်ပြိုင်နက်တည်း ရာဂ အစရှိတဲ့ တရားတို့သည် စွဲစရာမရှိလို့ အလိုလိုပြိုကျ ပျက်စီး အချည်းနှီးသဖွယ် ကုန်ခမ်းပျောက်ပျက်ကြရတယ် …
ဒါကြောင့် ရာဂ လောဘ ဒေါသ ကုန်ခမ်းသွားတာကို နိဗ္ဗာန်မဟုတ်၊ ကုန်ခမ်းခြင်းရဲ့ အခြေခံ အကြောင်းဖြစ်တဲ့ သင်္ခါရဒုက္ခကို သိမြင်နားလည်မှုသို့ ဆိုက်ရောက်ရုံမျှကိုဘဲ နိဗ္ဗာန်လို့ ဆိုတာပါသား …
ဟုတ်ကဲ့ …. သား …. နားလည်သဘောပေါက်မိပါတယ် …. အသိလည်းတိုးပွားရပါတယ် …
သား … တရားဆိုတာ … နာတုန်း နာဆဲမှာလည်း နှလုံးသွင်းမှုမှန်စွာနဲ့ သေချာမှတ်သား နာယူရတယ် … ထိုနာထားတဲ့တရားကိုလည်း မပျောက်ပျက်မမေ့လျော့သွားအောင် ထပ်ခါထပ်ခါ ဆင်ခြင်နေရပါမယ် …မရှင်းလင်းတာကို စိတ်ထဲမထားနဲ့ ..မေးပါသား … အမှန်ကိုမြင်တတ်ဖို့ အရေးကြီးတယ် …. နောက် တရားနာတဲ့အခါ တရားတော်ကိုလည်းကောင်း … တရားဟောကြားသော ရဟန်း၊ သံဃာ ၊ ဆရာများကိုလည်းကောင်း အထင်မသေးမိပါစေနဲ့ ….. မပြစ်မှားမိပါစေနဲ့ ….ဒါဟာ ကြီးမားတဲ့ မဂ်တားဖိုလ်တားကံ ထိုက်တယ်သား …မှတ်ထားနော် …
ဟုတ်ကဲ့ မေမေ သား သိချင်တာ နားမလည်တာတွေလည်း မေးပါဦးမယ် … သား ရှိခိုးကန်တော့ပါတယ် မေမေ …. သားအနေနဲ့ ကံ ၃ ပါးအပြစ်များ ရှိခဲ့ရင် ခွှင့်လွှတ်ပေးပါမေမေ …
သာဓု …. သာဓု …… သာဓု …..သံသရာတည်းဟူသော ဆင်းရဲမှ အမြန်ဆုံးလွတ်မြောက်ပါစေ ..
ပေးဆုထပ်တူပြည့်ပါစေ မေမေ ….။....