မေး။ ။သတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိခန္ဓာထဲက တရားပဲ။ သမာဝါယာမ၊ သမ္မာသတိတို့နှင့် တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပါလား။ ၀ိပဿနာ အလုပ် မဟုတ်တော့ပါလား။

ဖြေ။ ။ တချို့ကသတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိက္ခန္ဓာထဲက တရားပဲ။ သမ္မာဝါယာမ၊ သမ္မာသမာဓိတို့နှင့်တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပဲ။ ၀ိပဿနာအလုပ်မဟုတ်ဘူး လို့ ဒီလိုပြောနေကြတယ်။ အဲဒါက သုတ်ဒေသနာ ဟောထားပုံကို မကြည့်ဘဲနဲ့ သတိပဋ္ဌာန်ဆိုတဲ့ အမည် ကလေး လောက်ကိုသာ ကြည့်ပြီး အတ္တနောမတိနဲ့ တွေးခေါ်မှုပါပဲ။ အမှန်ကတော့ သုတ်၏ ဥဒ္ဒေသဝါရ လောက် ကြည့်ရင်ကို 'သမ္ပဇာနော၊ မှန်စွာ အပြားအားဖြင့် သိသည်' ဆိုတဲ့ စကားကို တွေ့ရပါတယ်။ အဲဒါ ဟာ ၀ိပဿနာပညာပါပဲ။ နောက်ပြီးတော့ နိဒ္ဒေသဝါရ တွေကို လိုက်ကြည့်ရင် 'သမုဒယ ဓမ္မာနုပဿီဝါ၊ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရားကို ရှုမြင်သည်ဖြစ်၍ နေတယ် ' ဆိုတာကိုလည်းတွေ့ရမယ်။

သမထဘာဝနာ အရာမှာ ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်း ကို ရှုမြင်ရိုးမရှိဘူး။ တစ်ကြံတည်း တည်နေတဲ့ အာရုံနိမိတ်ကိုသာ ရှုမြင်ရိုးရှိတယ်။ နောက်ပြီးတော့ 'အနိဿိတော စ ၀ိ ဟရတိ-တဏှာဒိဋ္ဌိ အမှီကင်းလျက် နေတယ်' ဆိုတာကိုလည်း တွေ့ရမယ်။ 'နိစကိဥ္စိ လောကေ ဥပါဒိယတိ၊ လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ မစွဲလန်းတော့ဘူး' ဆိုတာကိုလည်း တွေ့ရမယ်။ သမထ ဘာဝနာအရာမှာ တဏှာ ဒိဋ္ဌိအမှီကင်းတာ အစွဲအလန်းကင်းတာရယ်လို့ မရှိဘူး။ အမှန်စင်စစ်အားဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်းကို ရှုမြင်တာဟာ ၀ိပဿနာ အရာမှာမှ ရှိတယ်။

တဏှာဒိဋ္ဌိ အမှီကင်းတာ၊ အစွဲအလန်းကင်းတာ ဟာလည်း ၀ိပဿနာ အရာမှာမှ ရှိတယ်။ ဒါကြောင့် သမထပိုင်းဖြစ်တဲ့ အာနာပါနပိုင်း၊ ပဋိကူလမနသိကာရပိုင်းများမှာတောင်မှ သမထသက်သက်အတွက် မဟုတ်ဘူး။ သမထ အခြေခံပြီး ၀ိပဿနာ ရှုတတ်ဖို့ ရည်ရွယ်ပြီး ဟောထားကြောင်း ထင်ရှားပါတယ်။ ၀ိ ပဿနာပိုင်းများဖြစ်တဲ့ ဣရိယာပထပိုင်း၊ သမ္ပဇညပိုင်း စသည်မှာတော့ အထူးပြောစရာ မလိုပါဘူး။ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ပိုင်းတွေမှာတော့ သမထစျာန်နှင့် ဘာမျှ မသက်ဆိုင်တဲ့အတွက် ၀ိပဿနာ သက်သက်ဖြစ်ကြောင်း သာပြီးတော့တောင် ထင်ရှားပါတယ်။ (သလ္လေခသုတ်တရားတော်)

မေး။ ။ သွားရင် နာမ်ရုပ်လို့ ရှုဖို့ ဘုရားဟောခဲ့ပါသလား

ဖြေ။ ။ 'ဂစ္ဆန္တော ၀ါ၊ သွားသည်ရှိသော်လည်း။ ဂစ္ဆာမီတိ၊ သွားသည်ဟူ၍၊ ပဇာနာတိ၊ သိ၏။ 'သွားရင် သွားတယ်လို့ သိရမယ်တဲ့။ ဒါပါပဲ၊ သွားရင် သွားတယ်လို့ သိရမယ် ဆိုတာ ဘာခက်လဲ။ ဘာမျှမခက်ဘူး။ မခက်တော့ ဒါကို တချို့က တရားမဟုတ်ဘူး ထင်နေကြတယ်။ ဘုရားဟောသွားလို့သာပေါ့။ ဘုရားဟော မဟုတ်လို့ရှိရင် ဒီဟာကို အကုန်လုံးတောင် ပယ်ပစ်လိုက်ဦးမယ်။ ဘုရားဟောတာတောင်မှ 'ဒီလိုက မဟုတ်သေးဘူး၊ ဟိုလိုက မဟုတ်သေးဘူး' ဆိုပြီး အညွန့်တက်လိုက်ချင်ကြသေးတယ်။

ဘာနဲ့တူသလဲ ဆိုတော့ နငယ်ကို အမြီးဆွဲတဲ့ အယ်ဒီတာနဲ့ တူနေပါတယ်။ ပြင်စရာက မရှိတော့ နငယ် ကို အမြီးတိုသေးတယ် ဆိုပြီး ပြင်လိုက်သတဲ့။ အဲဒါလိုပဲ 'ဂစ္ဆန္တော ၀ါ- သွားသည် ရှိသော် ဆိုရာမှာ သွားတာကို သွားတယ်လို့ ရှုရင် ခြေထောက်ကားရား၊ ကိုယ်ကားရားနဲ့ ဖြစ်နေမှာပေါ့။ ဒါပညတ်တွေပဲ၊ ပရမတ် မဟုတ်သေးဘူး' ဆိုပြီးတော့ ပြင်ကြသေးတယ်။ အဲဒါ နငယ်ကို အမြီးဆွဲတာပါပဲ။

ဘုရားဟောထားတာပဲ။ ပြင်စရာ မလိုပါဘူး။ ပရမတ် နာမ်ရုပ်တွေကို တွေးဆပြီး ရှုသင့်ရင် မြတ်စွာ ဘုရားက တစ်မျိုးပြင်ပြီးဟောမှာပေါ့။ ဘယ့်နှယ်တုံးဆိုရင် 'ဂစ္ဆန္တော ၀ါ နာမရူပန္တိ ပဇာနာတိ။ ဂစ္ဆန္တော ၀ါ၊ သွားသည်ရှိသော်လည်း၊ နာမရူပန္တိ၊ နာမ်ရုပ်ဟူ၍။ ပဇာနာတိ၊ သိ၏' လို့ ဒီလိုပြင်ပြီး ဟောခဲ့မှာပေါ့။ (အရိယာဝါသတရားတော်)

မေး။ ။ အာနာပါန (ဝင်လေထွက်လေ) ကို ရှုမှတ်ရာမှာ ဘယ်လိုရှုရင် သမထနဲ့ ၀ိပဿနာ ဖြစ် နိုင်ပါသလဲ။

ဖြေ။ ။ စျာန်ရသူ ဖြစ်စေ၊ မရသူဖြစ်စေ၊ ထွက်သက်ဝင်သက်၌ ပုံသဏ္ဍာန် နိမိတ်ကို မှန်းဆ၍ ရှုလျှင် သမထသာ ဖြစ်၏။ ၀ိပဿနာ မဖြစ်။

တွေ့ထိလှုပ်ရှားမှုကိုသာ ပဓာနပြု၍ ရှုလျှင် ၀ိပဿနာ ဖြစ်၏။ စျာန်လမ်း သမထ မဖြစ်။
(၀ိပဿနာရှုနည်းကျမ်း ပထမတွဲ)

မေး။ ။ ဣရိယာ ပုတ်တစ်ခုခုမှာ ညောင်းပူ နာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်ရမယ်၊ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာ တစ်ယောက်ကတော့ ဣရိယာ ပုဒ်တစ်ခုခုမှာ ညောင်းပူနာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်လိုက်ရမယ်။ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ် လို့ ဆိုသတဲ့။ အဲဒါလည်း သာတ္ထကသမ္ပဇဉ်ကို အလေးပေးပြီး မသင့်တော်တဲ့ ယူဆပြောဆိုချက်ပါပဲ။

သမထ၊ ၀ိပဿနာတရား အားထုတ်ရာမှာ ခန္တီသံဝရဆိုတာ အရေးတကြီး လိုပါတယ်။ အတော်အတန် ဒုက္ခကိုတော့ သည်းခံပြီး ရှုနေမှ သမာဓိဉာဏ် ဖြစ်နိုင်တယ်။ သည်းမခံဘဲ ခဏခဏ ပြုပြင် ပြောင်းလဲ နေရင် သမာဓိဉာဏ် မဖြစ်နိုင်ပါဘူး ဆိုတာ ထိထိရောက်ရောက် အားထုတ်ဖူးတဲ့သူတိုင်း သိပြီး ဖြစ်နေ ပါတယ်။ ဒါကြောင့် အခံခက်တဲ့ ဒုက္ခဝေဒနာဖြစ်လာရင် စွမ်းနိုင်သမျှ သည်းခံပြီး ရှုနေရတယ်။ အဲဒီလို သည်းခံနေတဲ့အတွက် ခန္တီသံဝရသာ ဖြစ်ပါတယ်။ အတ္တကိလမထ တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အဲဒီလို သည်းခံပြီး ရှုနေတာဟာ တမင်ဆင်းရဲအောင် လုပ်တာလည်း မဟုတ်ဘူး။ ဆင်းရဲ ပင်ပန်း ရုံမျှလည်း မဟုတ်ဘူး။ မြတ်စွာဘုရား၏ အလိုတော်ကျ ခန္တီသံဝရနှင့် သတိသမာဓိ၊ ပညာတွေ ဖြစ်ပွား နေလို့ပါပဲ။

မြတ်စွာဘုရား အလိုတော်ကတော့ စွမ်းနိုင်မယ် ဆိုရင် ထိုင်ခြင်း ဣရိယာ ပုဒ်ကို မပြင်ဘဲ တစ်ထိုင် အတွင်းမှာ အရဟတ္တဖိုလ်ရောက်အောင် မဆုတ်မနစ် အားထုတ်ရတာကို ပိုပြီး နှစ်သက်တော် မူပါတယ်။ ဒါကြောင့် မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်မှာ 'ငါ၏ စိတ်သည် မစွဲလန်းမူ၍ အာသဝေါ တရားတို့မှ မလွတ်သေးသမျှ ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေ ထိုင်ခြင်းကို မဖျက်တော့ဘူး 'လို့ အဓိဋ္ဌာန်ပြုပြီး ထိုင်လျက် အားထုတ်နေရင် အဲဒီလို အားထုတ်သော ရဟန်းသည် ဂေါသိင်္ဂမည်တဲ့ အင်ကြင်းတော့ ကျောင်းတိုက်ဟာ တင့်တယ် နိုင်တယ်လို့ မိန့်တော်မူပါတယ်။ အဲဒီလိုရဟန်းဟာ တောကျောင်းကို တင့်တယ်စေနိုင်တဲ့ အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါကြောင့် ဒုက္ခဝေဒနာကို သည်းခံ ပြီး ရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုတာဟာ ဘုရားအလိုတော်ကျ အားထုတ် နေတဲ့ ပုဂ္ဂိုလ်မြတ်တွေကို စွပ်စွဲရာလည်း ရောက်တယ်။ ဘုရားစကားတော်ကို ပယ်ဖျက်ရာလည်း ရောက်တယ်။

မပြုပြင်ဘဲ သည်းခံပြီး ရှုနေမှ သမာဓိ ပညာကောင်းကောင်း ဖြစ်မည့် ယောဂီတို့အား သမာဓိပညာ တရားထူးမှ ဆုံးရှုံးနစ်နာစေရာလည်း ရောက်တယ်။
(ဓမ္မစကြာတရားတော်)
(မှတ်ချက်။ ။.. ဤကား အရှင်သာမဏေကျော် ကောက်နုတ်ကာ ထုတ်ပြထားသော မဟာစည် ဆရာတော်၏ အဖြေအပြည့်အစုံ မဟုတ်သေး။ သိသာရုံမျှ ဖော်ပြပြီး စာမျက်နှာ လေးမျက်နှာကို တည်း ဖြတ်ထားသည့် အလှတရား.. )

တချို့ကတော့ ဒုက္ခဝေဒနာဖြစ်လာရင် ဣရိယာပုဒ်ကို ချက်ချင်း ပြင်လိုက်ရမယ်လို့ ညွှန်ကြားနေကြ တယ်။ အဲဒီညွှန်ကြားတဲ့ ဆရာတွေဟာ ရှုမှတ်နေရင်း ဒုက္ခဝေဒနာပျောက်ပြီး သမာဓိဉာဏ်များ ထူးခြား စွာဖြစ်ပုံကို မတွေ့ဖူးလို့၊ ကျကျနနလည်း မရှုမှတ်ဘူးလို့ ဖြစ်ဖွယ်ရှိပါတယ်။ အမှန်ကတော့ ဒုက္ခဝေဒနာ ပေါ်လာတိုင်း ဣရိယာ ပုတ်ကို ပြုပြင်ပေးနေရင် သမာဓိဖြစ်ဖို့ ဝေးပါတယ်။ သမာဓိမဖြစ်ရင် ၀ိပဿနာ ဉာဏ်အစစ် ဖြစ်ဖို့လည်း ဝေးတာပါပဲ။

နောက်ပြီးတော့ (အတွေ့ဆိုးများ၊ နှိပ်စက်ငြား၊ ညည်းတွားမြည်တမ်းမပြုရာ) ဆိုတဲ့ 'ဖေဿန ယဒါ ဖုဋ္ဌ'ဿ၊ ပရိဒေဝံ ဘိက္ခု နကရေယျ ကုဟိဥ္စိ။' ဒေသနာတော်ကိုလည်း မလိုက်နာရာ ရောက်ပါတယ်။ အတွေ့ဆိုးများနှင့် တွေ့ရတဲ့အခါ ဒီဒေသနာအရ မညည်းညူဘဲ သည်းခံပြီး ရှုမှတ်နေရင် တွေ့ကြုံ ခံစား နေရတဲ့ ဒုက္ခဝေဒနာ ပျောက်ရုံမက သမာဓိဉာဏ်တွေ ထူးထူး ခြားခြား ဖြစ်လာတာကို တွေ့ရမှာ သေချာ ပါတယ်။

ဒါကြောင့် 'ဘိက္ခု၊ သံသရာဘေးကို ရှုမြင်၍ ရှုမှတ်အားထုတ်နေသော ယောဂီရဟန်းသည်။ ယဒါ၊ အကြင်အခါ၌။ ဖေဿန၊ အတွေ့ဆိုးဖြင့်။ ဖုဋ္ဌော၊ တွေ့ရသည်။ အဿ၊ ဖြစ်ရာ၏။ တဒါ၊ ထိုသို့တွေ့ရသော အခါ၌။ ကုဟိဥ္စိ၊ တစ်စုံတစ်ရာ၌မျှ။ ၀ါ၊ တစ်စုံတစ်ခုသော အကြောင်း ကြောင့်မျှ။ (ရောဂါဖြစ်လိမ့်မယ် စသည်ဖြင့် တွေးတောတဲ့ အကြောင်း စသည်ကြောင့်လို့ ဆိုလိုပါတယ်။ ) ပရိဒေဝံ၊ ငိုကြွေး်မြည်တမ်းခြင်း ညည်းညူခြင်းကို ၊ နကရေယျ၊ မပြုရာ' လို့ ဘုရားရှင် ဟောတော် မူတာပါပဲ။
(တုဝဋကသုတ်တရားတော်)

မဟာစည်ဆရာတော်ဖြေကြားသည်။