သတိမထားမိသော အဂါရဝကြီးများ
•••••••••••••••••••••••••••••••
ဘုရားနဲ့ပတ်သက်လာတဲ့အခါမှာ အားလုံးဟာ
ရတနာသုံးပါးဦးထိပ်ထားတယ်လို့
ဗုဒ္ဓဘာသာသူတော်ဝင်တွေဆိုကြတဲ့အထဲမှာ
မြတ်စွာဘုရားဟာ
တကယ်ကိုလေးစားရမည့်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်
မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဘုရားကို
ကြည်ညိုလေးစားလွန်းတဲ့ အနေအထားတွေကို
ပြသပြီးတော့ မြို့တိုင်းမြို့တိုင်း ရွာတိုင်းရွာတိုင်းမှာ
မြတ်စွာဘုရားရဲ့ အထိမ်းအမှတ် စေတီတွေ ပုထိုးတွေ
ရုပ်ပွားစေတီတော်တွေ ဘုရားဆင်းတုတော်တွေ
အိမ်တိုင်းမှာလည်း ရုပ်ပွားဆင်းတုတော်တွေ
နေရာတိုင်းနေရာတိုင်းမှာလည်း ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်တွေ
ဒီလိုကိုးကွယ်ပြီးတော့ ထားကြတာ။

အဲ့ဒီလို ကို်းကွယ်ထားတဲ့အခါမှာ
ဂါရဝတရားအလေးအနက်ထားမှုဟာ
အင်မတန်မှ အရေးကြီးတယ်။ဒါမှ
လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို လေးစားတယ်ဆိုတဲ့
သရုပ်ပေါ်မှာဖြစ်တယ်ပေါ့။အဲ့ဒီတော့
မြတ်စွာဘုရားကို လေးစားတယ်ဆိုတာ ဘယ်လိုဟာလည်း ။
မလေးစားဘူးဆိုတာကျတော့ ဘယ်လိုဟာလည်း။
မြတ်စွာဘုရားလို့ဆိုတဲ့အခါမှာ သက်ရှိထင်ရှား
မြတ်စွာဘုရားကိုတော့ ဒီကနေ့ခေတ် မမှီလိုက်ကြဘူးပေါ့။
မှီလိုက်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့လေးစားမှုဆိုတာ
ဘယ်လိုပြကြသလဲ။ဘုရားကိုထိုင်ရှိခိုးနေလို့
လေးစားတယ်လို့ ပြရမလားဆိုတော့
အဲ့ဒီလိုမဟုတ်ဘူးသူက လေးစားတယ်ဆိုတဲ့အဓိပ္ပာယ်က
စိတ်ထဲမှာအလေးအနက်ထားတယ်ဆိုတဲ့
အဓိပ္ပာယ်ကိုဖော်ပြတာ။

အဲ့ဒီမှာ အဂါရဝတရား(၆)ပါးထဲမှာ
သတ္ထုအဂါရဝ-ဘုရားအပေါ်မှာ
မလေးစားဘူးလို့ဆိုတဲ့နေရာ
အဋ္ဌကထာကျမ်းစာတွေမှာ ဘယ်လိုဖွင့်ပြထားလဲဆိုတော့
မြတ်စွာဘုရားသက်တော်ထင်ရှား ရှိနေတဲ့အချိန်မှာတဲ့
ဘုရားကိုလေးစားတဲ့ ပုဂ္ဂိုလ်တွေဟာ
တနေ့သုံးကြိမ်း ဘုရားကို ဆည်းကပ်တယ်။
အလေးထားတယ်ဆိုတာ တန်ဖိုးထားတယ်ကို
ပြောတာနော်။မြတ်စွာဘုရားကို
တနေ့သုံးကြိမ်းဆည်းကပ်တယ်။

မနက်တစ်ကြိမ်
နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ်
သုံးကြိမ်ဆည်းကပ်ကြတယ်။စိတ်ထဲမှာ
ဘယ်လောက်အလေးအနက်ထားတယ်ဆိုတာ
စဉ်းစားကြည့်ပေါ့။တခြားအလုပ်တွေ
ဘေးဖယ်ထားပြီးတော့ ဘုရားကိုလေးစားတာ။
အဲ့ဒီလို သက်တော်ထင်ရှားရှိနေတဲ့အချိန်မှာ
တနေ့သုံးကြိမ် ဘုရားကို ဆည်းကပ်တယ်။
အကယ်၍တနေ့သုံးကြိမ် ဘုရားနဲ့အတူတကွရှိနေရဲ့သားနဲ့
ဘုရားရဲ့အနီးအပါးမှာ ရှိရဲ့သားနဲ့ ဘုရားကိုတနေ့သုံးကြိမ်
မဆည်းကပ်ဘူးဆိုရင် ဒါကအလေးမထားရာ
ရောက်တယ်လို့ ဒီလိုပြောတာ။

အဲ့ဒီတော့ အဂါရဝ-ဆိုတာ အဲ့လောက်နဲ့တင်
အဂါရဝ-ဖြစ်တယ်။ဟောနောက်တစ်ခုပြောရမယ်ဆိုရင်
သက်တော်ထင်ရှားရှိနေတဲ့အချိန်တော့
ထားလိုက်တော့ ပရိနိဗ္ဗာန်စံသွားပြီးဆိုလို့ရှိရင်
မြတ်စွာဘုရားကိုယ်စား ဘာရှိတုန်းဆိုရင် မြတ်စွာဘုရားရဲ့
ဓာတ်တော်မွေတော်တွေ ဌာပနာထားတဲ့
အခုစစ်ကိုင်းဆင်များရှင်စေတီတော်လိုမျိုးပေါ့နော်။
သူက ကောင်းမှုတော်စေတီတော်ဘုရားကြီးထက်လည်း
ရှေးကြတယ်။
ကောင်းမှုတော်စေတီတော်ကြီးနဲ့ဆိုရင်တော့
ဉာဏ်တော်က သေးပေမယ့်လို့ နောင်တော်ကြီး
လို့ပြောရမှာပေါ့။အဲ့ဒီတော့စစ်ကိုင်း မြို့ဦးမြို့ထိပ်မှာရှိတော့
မြတ်စွာဘုရားရဲ့ဓာတ်တော်အစစ်တွေကို
အာရုံပြုပြီးတော့ ရှိခိုးကြမယ် ဆုပန်ကြမယ်ဆိုရင်လည်း
ဆုတောင်းလို့ရှိရင် ပြည့်ကြမှာသေချာပေါက်ပဲ။

သေသေချာချာအလေးအနက်ထားပြီးတော့ဆုတောင်းရင်
ပြည့်ပါတယ်။အလေးအနက်ထားဖို့ လိုအပ်တယ်။
ဆုတောင်းပြည့်ချင်ရင်
ကိုယ့်ရဲ့လိုအပ်ချက်တွေကို
ဖြည့်စည်းဖို့လိုအပ်တယ်ပေါ့။
ဆုတင်တောင်းပြီးတော့ ဘုရားကို
ပေါက်ဆိန်ပေါက်ရှိခိုးပြီး
ထသွားရင်တော့ ပြည့်ချင်မှပြည့်မှာပေါ့။
အေးဆုတောင်းပြည့်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲ
သဒ္ဓါဆိုတာရှိရမယ်။သီလဆိုတာရှိရမယ်။
သုတဆိုတဲ့ အကြားအမြင်ဗဟုသုတရှိရမယ်။
စာဂလို့ဆိုတဲ့ စွန့်လွတ်မှုရှိရမယ်။ပညာလို့ဆိုတဲ့အသိပညာရှိရမယ်။
သဒ္ဓါ သီလ သုတ စာဂ ပညာ-လို့ဆိုတဲ့ ဒီငါးမျိုးရှိပြီး
ဆုတောင်းရင် ဆုတောင်းပြည့်တယ်။

အကယ်၍အဲ့ဒါမပါဘူးဆိုရင်တော့
ပြည့်ချင်မှပြည့်မှာပေါ့။
ဘာပဲလုပ်လုပ် အလေးအနက်ထားပြီးလုပ်သင့်တယ်ပေါ့နော်။
အဲ့ဒီလို လုပ်မယ်ဆိုရင်
အေးဓာတ်တော်မွေတော်အစစ်တွေ
တည်ရာဖြစ်တဲ့ ဒီ သက္ကရာဇ်(၇၀၀)ကျော်မှာ
တည်ထားကိုးကွယ်ခဲ့တဲ့ ဆင်များရှင်စေတီတော်ကြီးမှာ။

အင်မတန်မှ ကျက်သရေရှိတယ်။မြို့ရဲ့မျက်နှာဖုံးဖြစ်နေတဲ့
ဒီစေတီတော်ကြီးမှာ လာရောက်ပြီးတော့ ရှိခိုးကြမယ် ဦးတိုက်ကြမယ် ဆိုရင်
ဓာတ်တော်တွေကို အာရုံပြုလိုက်မယ်ဆိုရင်
ဒါ သတ္ထုဂါရဝ-မြတ်စွာဘုရားကိုလေးစားတယ်လို့
ဒီလိုဆိုရမှာပေါ့။အဲ့ဒီတော့ ဘုရားကို
မလေးစားဘူးဆိုတာကြတာတော့
တစ်ဖက်ကနေကြည့်မယ်ဆိုရင်
ဒီဘုရားကိုလာရောက်ပြီးတော့ ရှိခိုးကြတာတို့
ဝတ်တက်ကြတာတို့ မလုပ်ဘူးဆိုရင်
တစ်ဖက်ကပြောမယ်ဆိုရင်
အလေးမထားဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့။

အလေးထားတယ်ဆိုတာ ရိုသေနေမှ
အေးထားတယ်ပြောတာ မဟုတ်ဘူးနော်။
အလေးအနက်ထားတယ်ဆိုရင်
အလုပ်တစ်ခုလုပ်တော့မှာပဲ
အဲ့ဒါကြောင့်မို့လို့ ဘုရားကို အလေးထားမှုဟာ
အင်မတန်မှ အရေးကြီးတယ်။သက်တော်ထင်ရှား
မြတ်စွာဘုရားလက်ထက်က ဘုရားကို
တစ်နေ့ သုံးကြိမ်သွားရောက်ပြီး
ဆည်းကပ်ရင် ဘုရားကို
အလေးထားရာရောက်တယ်တဲ့။

အဲ့ဒီလို မလုပ်ဘူးဆိုရင် အလေးမထားရာရောက်တယ်ပေါ့။
အခုသက်တော်မရှိတော့ဘူး။မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံသွားပြီ။
ပရိနိဗ္ဗာန်စံသွားတဲ့မြတ်စွာဘုရားရဲ့စေတီတော်ကို
လာရောက်ပြီးတော့ ဖူးမျှော်မှုမလုပ်ဘူးဆိုရင်
ဒါဘုရားကို မလေးစားရာ ရောက်တယ်။
ဟိုလိုဆော်ကားနေမှ မလေးစားတာ မဟုတ်ဘူး။

ဘုရားဖူးမရောက်ရင်ပဲကို မလေးစားဖူးလို့ဆိုတာ။
မလေးစားဘူးဆိုတာ အလေးမထားဘူးလို့ပြောတာ။
ကို်ယ်နေ့စဉ်စားဝတ်နေရေး လုပ်နေတာကို
အလေးထားသော်လည်း ဘုရားကို
အလေးမထားဘူးဆိုတဲ့အဓိပ္ပာယ်ပဲရောက်တယ်။
ဒါကြောင့်မို့လို့
စိတ်ဓာတ်ဟာ အင်မတန်မှ အရေးကြီးတယ်လို့ပြောတာ။
အလေးအနက်ထား ကုသိုလ်တွေရဖို့အတွက် ။
ဂါရဝ-မင်္ဂလာဆိုတာ တစ်ချို့ကလွယ်လွယ်လေး
အောက်မေ့နေတာ။လူတွေ့လို့ရှိရင် ခေါင်းလေးငုံ့သွားမယ်
ခါးလေးကိုင်းသွားမယ် ဒါလေးလောက်ပဲ ဂါရဝ-လို့ထင်နေကြတာ။
မဟုတ်ဘူး အလေးထားတာကို ပြောတာ။

အဲ့ဒီတော့ မြတ်စွာဘုရားကို လာရောက်ပြီးတော့
ရှိခိုးမှုမပြုဘူး စေတီတော်ကြီး ရှိနေတဲ့နေရာမြင်လိုက်တဲ့အခါ
လက်အုပ်ချီလိုက်ရမယ်။
ဒီလိုဆိုလိုတယ်။စေတီတော်ကြီးအနီးအပါးမှာ
ကျင်ကြီးကျင်ငယ်စွန့်မယ်။ထီးဆောင်းလာမယ်
ဖိနပ်စီးလာမယ် မလေးစားရာ ရောက်တယ်လေ။
တိဘက် လူမျိုးတွေရဲ့ ဘုရားပေါ်လေးစားမှုပြပုံလေး
အဲ့ဒီလောက်မပြတောင်မှပဲ စိတ်ထဲက ရိုကျိုးလာလို့ရှိရင်
လူတိုင်း လူတိုင်းဟာ
လေးစားဖို့ ဝန်မလေးဘူးပေါ့။
တကယ်အလေးအနက်ထားလာလို့ ရှိရင်
တိဘက်တွေက ဘုရားကို ဘယ်လောက်လေးစားတုန်းဆိုရင်
ဘုရားရှိရာအရပ်ကို သွားတဲ့အခါမှာ ရိုးရိုးခြေထောက်နဲ့မသွားဘူး။

ဝမ်းလျားထိုးပြီး ရှိခိုးပြီးသွားတာ။အဲ့ဒါ
တစ်မိုင်လည်းမဟုတ်ဘူး နှစ်မိုင်လည်းမဟုတ်ဘူး။
ဘုရားကို ဝမ်းလျားထိုးထိုးပြီးတော့ ရှိခိုးပြီးသွားမယ်။
အားလုံးတွေ့ဖူးကြပါလိမ့်မယ်။ဗုဒ္ဓဂါယာနားမှာ ဘုရားကို
ဝမ်းလျားထိုးပြီးတော့ ရှိခိုးကြတာရှိတယ်လေ။
သံသုမာဒ ပတိတ ဝဏ္ဍနာ - မိကျောင်း ရှိခိုးနည်း ရှိခိုးတာပေါ့။
အဲ့ဒီတော့ ဘုရားဖူးလာလို့ရှိရင် တစ်ချို့က
ခြေထောက်နဲ့လာတာ မဟုတ်ဘူး။
ဘုရားရှိတဲ့ဘက်ကို ဦးတည်ပြီးတော့ ဦးတိုက်ဝမ်းလျားမှောက်လိုက်
အဲ့ဒီနေရာ ခဲလေးချမှတ်လိုက် အဲ့ဒီနေရာခြေထောက်နဲ့ချ ရှေ့ကို
အလျားထိုးလိုက်။ခဲလေးချမှတ်လိုက်
နောက်ထပ်အလျားထိုးလိုက်နဲ့ အဲ့ဒီပုံစံနဲ့လာတာ။
ဘယ်လောက်လေးစားတယ်ဆိုတာ
စဉ်းစားကြည့်ပေါ့။

အဲ့ဒီလောက်ကြီး
မလုပ်နိုင်တောင်မှပဲ အလေးအနက်ထားပြီး ဘုရားကို
ရောက်မယ်ဆိုရင်တော့ ကျေနပ်စရာကြီးပဲပေါ့။
ဒီလိုဆိုတာနော်။
အဲ့ဒီတော့ ဒီစေတီတော်နဲ့ ပတ်သက်လာတဲ့အခါမှာ
မြတ်စွာဘုရားရှိတဲ့နေရာမှာကျောပေးပြီးတော့ ထိုင်တာတို့
ဘုရားထဲလာပြီးတော့ ထွေရာလေးပါး
စကားတွေ လျှောက်ပြောတာတို့ အတွဲတွေလာတာတို့ ဒါ
မလေးစားရာရောက်တယ်။ဘုရားဆိုတာက လေးစားရမယ့်နေရာပဲ။
လေးစားရမယ့်နေရာဆိုတော့
လေးစားတဲ့အနေနဲ့ပဲ လာသင့်တယ်ပေါ့။
တခြားအနေအထားမျိုးနဲ့ မလာသင့်ဘူး။

အေးမြန်မာလူမျိုးတွေကတော့ ဘုရား တရား သံဃာ ရတနာသုံးပါး
ဦးထိပ်ထားတယ်လို့တာဆိုတာ တကယ်ကတော့
ဦးထိပ်မထားဘူးအောက်ရောက်ရောက်သွားတယ်
တစ်ခါတစ်လေကျတော့ အဲ့လိုဖြစ်နေတယ်။
နောက်မှာ ထားတာက များများသွားတယ်ပေါ့။
ဘုရားထက် အပျော် အပါးဘက်ကို
အားရောက်သွားတယ်ပေါ့။
ဒါကြောင့်မို့ သတ္ထုအဂါရဝဆိုတဲ့နေရာမှာ ဘုရားထက်မြင့်တဲ့နေရာထိုင်တယ်
ဘုရားကျောပေးထိုင်တယ်။ဘုရားရှေ့မှာထွေရာလေးပါး
စကားတွေပြောနေတယ်။မရိုမသေနေတယ် ထိုင်တယ်ဆိုရင် ဒါတွေက
အဂါရဝ-လို့ခေါ်တယ်။မလေးစားဘူးလေ။
ဂရုမစိုက်ဘူးဆိုတဲ့ပုံစံဖြစ်တယ်ပေါ့။

တစ်ခါတုန်းက ဘုန်းကြီးတို့ မုံရွာမှာတရားပွဲရှိလို့သွားတယ်။
တရားဟောပြီးတဲ့အခါကျတော့ ရုပ်ပွားဆင်းတုတော်ကြီးကို ကန်တော့ဖို့
ဘုရားရဲ့ဂန္ဓာကုဋီတိုက်ကိုသွားတဲ့အခါကျတော့
နိုင်ငံခြားသားတစ်ယောက် ဘုရားရှေ့မှာတရားထိုင်နေတာတွေ့တယ်။
အဲ့ဒီတော့ သူ့နားကဖြတ်ပြီးတော့ ဘုန်းကြီးတို့အတွင်းကိုဝင်ပြီးတော့
ကန်တော့တယ်။ကန်တော့တော့ သူကလာစကားပြောတယ်။
ဘယ်နိုင်ငံကလဲ ဘာညာစကားပြောပြီးတော့ သူကဘာပြန်မေးလဲဆိုတော့
ဗမာဗုဒ္ဓဘာသာတွေတဲ့ ဘုရားရှေ့ထိုင်ပြီးတော့ စကားထိုင်ပြောနေကြတယ်တဲ့။
ဆူညံ ဆူညံနဲ့ဝင်လာ ဘုရားကိုရှိခိုးပြီး ထသွား။ဘယ်သူမှတလေးတစား
လုပ်တာကိုမတွေ့ရဘူးဆိုတာကို သူကပြောပြတယ်။ဟုတ်နေတော့လည်း
ကိုယ်က ဘာပြောလို့ရမှာလဲ ။တို့ဆီက ပေါလို့နဲ့တူပါတယ်လို့
မင်းတို့ဆီကတော့ ရှားလို့ လေးစားတာထင်တယ်လို့ ဒီလိုပဲပြောရတော့တာ။

အဲ့ဒီတော့ လေးစားမှုဆိုသည်မှာ အလေးထားမှုကိုပြောတာ။
အဲ့ဒါဗုဒ္ဓအဂါရဝ-သတ္ထုအဂါရဝ-လို့ခေါ်တယ်။ဒီအဂါရဝတရား(၆)ပါးမှာ
သတ္ထု အဂါရဝေါ-ဘုရားကိုတလေးတစားမလုပ်တာ။ဓမ္မေ
အဂါရဝေါ-တရားနဲ့ပတ်သက်ပြီးအလေးအစားမရှိတာ။
သံဃေ အဂါရဝေါ-သံဃာနဲ့ပတ်သက်ပြီး
လေးစားမှု မရှိတာ။သိက္ခာယအဂါရဝါ-ကိုယ်ကျင့်ရမယ့်
ကိုယ့်ကျင့်တရားနဲ့ပတ်သက်ပြီး တလေးတစားမရှိတာ။
အပ္ပမာဒေ အဂါရဝေါ-ကုသိုလ်တရားနဲ့မမေ့ရဘူးဆိုတဲ့
အပ္ပမာဒတရားပေါ်မှာ လေးစားမှုမရှိတာ။ပဋိသန္ဓာရေ အဂါရဝေါ -
လူဆိုတာအချင်းချင်း ဆက်သွယ်
ပြီးတော့နေရတာ။ပဋိသန္ဓာရ-တို့ဆိုတာဟာ ပြေပြစ်စကားပြောရတယ်
။ဧည့်ခံတာ စကားပြောတာမျိုးလုပ်ရတယ်။အဲ့ဒါမလုပ်လို့ရှိရင်
ဒါကိုအလေးအနက်မထားရာ
ရောက်တယ်တဲ့။ဟောအလေးအနက်မထားတာ(၆)မျိုးဆိုပြီး
အဂါရဝ(၆)မျိုးဆိုပြီး ဒီလိုဟောထားတာ ရှိတယ်။

အဲ့ဒီအဂါရဝ(၆)မျိုးဆိုတာ သေချာစဉ်းစားကြည့်လိုက်လို့ရှိရင်
တန်ဖိုးမထားတာ မလေးစားတာကိုအဂါရဝလို့ခေါ်တယ်။
တန်ဖိုးထားတတ်ရမယ် လေးစားတတ်ရမယ်။ဘုရားကို
တန်ဖိုးထားပြီဆိုကတည်းက ဒီပုဂ္ဂိုလ်ဟာ ဘုရားရှေ့မှာ
မဟုတ်တာဘယ်လုပ်တော့မလဲ။
တန်ဖိုးထားတယ်လေ ဘုရားကို။အခုက
တန်ဖိုးကိုတခြားနေရာသွားထားတာနဲ့ တူတယ်။မြတ်စွာဘုရားကို
တန်ဖိုးမထားပဲနဲ့ ဘုရားထက်တန်ဖိုးကြီးနေတဲ့
အရာကို သွားပြီးတန်ဖိုးသွားထားတယ်နဲ့တူတယ်။

အဲ့ဒါကြောင့်မို့လို့ ဒါမျိုးတွေဟာ ဗုဒ္ဓအဂါရဝ-ဖြစ်တယ်တဲ့။
အဲ့ဒီတော့ ဂါရဝ-လေးစားရမယ်ဆိုတာ
နံပါတ်(၁)ဘုရားကို လေးစားရမယ်။နံပါတ်(၂)ပစ္စေကဗုဒ္ဓါ
ဘုရားပြီးရင်တော့ ထူးခြားတဲ့အမြတ်ဆုံးပုဂ္ဂိုလ်က ပစ္စေကဗုဒ္ဓပဲ။
နံပါတ်(၃)ကဗုဒ္ဓရဲ့တပည့်သာဝက၊
ရဟန္တာအရှင်မြတ်တွေကိုလေးစားရမယ်။နံပါတ်(၄)က
အာစရိယ-ကိုယ့်ကို ဘဝမှာအခြေကျအနေကျအောင်
သွန်သင်ပြသခဲ့တဲ့ ကျေးဇူးရှင်ဆရာတွေကို
လေးစားရမယ်။နံပါတ်(၅)က ဥပစ္ဇျာယတဲ့ ကိုယ့်ကို
အနီးကပ် ကြီးကြပ်သင်ကြားပို့ချပေးတဲ့ပုဂ္ဂိုလ်မျိုးကို လေးစားရမယ်တဲ့။
နံပါတ်(၆)က အမေကိုလေးစားရမယ်။
နံပါတ်(၇)က အဖေကို လေးစားရမယ်။
နံပါတ်(၈)က ကိုယ့်ထက်ကြီးတဲ့အကိုကြီးကို လေးစားရမယ်။
နံပါတ်(၉)က ကိုယ့်ထက်ကြီးတဲ့အမကြီးတွေကို လေးစားရမယ်။
ဒါက မိသားစုထဲနဲ့သွားဆိုင်တယ်ပေါ့။ဒါတွေဟာ
ဂါရဝတရားထားရမယ့်ပုဂ္ဂိုလ်တွေလို့ မင်္ဂလသုတ်မှာ
အဋ္ဌကထာမှာ ဒီလိုဖွင့်ထားတယ်။

အဲ့ဒီတော့ လေးစားတယ်ဆိုသည်မှာ
ခုနကပြောသလို အရိုအသေပေးရုံတင်လေးစားတယ်လို့ပြောတာမဟုတ်ဘူး။
အလေးအနက်ထားရမယ် ဒီပုဂ္ဂိုလ်တွေကို။
အခုတော့ ခင်ပွန်းကြီး(၁၀)ပါးဆိုပြီးတော့ လုပ်ကြတယ်လေ။
အလေးအနက်ထားရမယ့်ပုဂ္ဂိုလ်တွေကို ခင်ပွန်းကြီး(၁၀)ပါးဆိုပြီးပြောတာ
အခုပြောတဲ့ပုဂ္ဂိုလ်တွေကလည်း
အလေးအနက်ထားရမယ့်ပုဂ္ဂိုလ်တွေပဲ။အဲ့ဒါမှ ဂါရဝမင်္ဂလာဆိုတာ
ကိုယ့်သန္တာန်မှာ ပြည့်စုံမှာဖြစ်တယ်ပေါ့။တန်ဖိုးထားတတ်ရမယ်။
အလေးအနက်ထားတတ်ရမယ်လို့ ဒီလိုဆိုလိုတာ။

ဟုတ်ပြီ အဲ့လိုအလေးအနက်မထားနိုင်ဘူးဆိုရင်
ဥပမာမယ် ဘုရားကို မလေးစားဘူးဆိုသည်မှာ
ဘုရားကိုကျောပေးထိုင်တယ်။နောက်ပြီးတော့
စေတီရင်ပြင်ထဲမှာ ထီးဆောင်းဝင်တယ်။ဖိနပ်စီးဝင်တယ်။
ထွေရာလေးပါးစကားတွေကိုပြောတယ်။ဘုရားကိုရှိခိုးဝတ်ချခြင်းမပြုဘူးဆိုတာ။
အဂါရဝဖြစ်တယ်လို့ ဒီလိုဆိုတယ်။ဒါကြောင့်မို့လို့ ဒါဟာအင်မတန်မှ
အရေးကြီးတယ်ပေါ့။ကိုယ်လုပ်တဲ့အလုပ်ကတော့ အမှတ်တမဲ့လုပ်လိုက်တာပဲ။
ဒါပေမယ့်လို့ မလေးစားတာရောက်တဲ့အခက်တွေက အဲ့ဒါတွေပဲ။
နောက်တစ်ခုက ဓမ္မအဂါရဝ-တရားနဲ့ပတ်သက်ပြီး မလေးစားဘူး။
မှတ်သားဖို့လိုအပ်တယ်။တရားနဲ့ပတ်သက်လို့ မလေးစားတာဆိုတာ
တရားပွဲရှိလို့ သွားမနာတာ မလေးစားတာပဲ။
ဟိုလိုထော်လော်ကန့်လန့်လုပ်နေမှ မလေးစားတာပြောတာ
မဟုတ်ဘူး။တရားပွဲရှိရဲ့သားနဲ့မသွားရင်
အဲ့ဒါတရားကို မလေးစားရာရောက်တယ်တဲ့။

ဘယ်လိုပဲ တရားကိုလေးစားပါတယ်ပြောပြော အဲ့ဒီပုဂ္ဂိုလ်က
တရားမနာဘူးဆိုရင် တရားကို မလေးစားတဲ့
ပုဂ္ဂိုလ်ပဲလို့ သတ်မှတ်တယ်။စာထဲမှာ ဒီလိုပဲဆိုထားတယ်
တရားကိုမလေးစားရာရောက်တယ်တဲ့။တရားကို
တလေးတစားမနာဘူး။တရားဟောနေတဲ့အချိန်မှာ
စကားတိုးတိုးပြောနေတယ်။အခုခေတ်ကြတော့ ဖုန်းပြောတယ်။
ဖုန်းဖွင့်ထားတယ်။ဒါလည်းပဲ ဒါလည်းပဲ တရားကိုမလေးစားရာရောက်တယ်။
ဒါက ဘုန်းကြီးက ကြံဖန်လျှောက်ပြောတာ မဟုတ်ဘူး။
(၁)စကားတပြောပြောနဲ့တရားပွဲမှာထိုင်နေရင်လည်း တရားကို မလေးစားရာရောက်တယ်တဲ့။
(၂)တရားကိုတရိုတသေ တလေးတစားမမှတ်ယူဘူးဆိုရင်လည်း တရားကိုမလေးစားရာရောက်တယ်တဲ့။
(၃)န သက္ကစ္စံ ဝါစေတိ-တရားဓမ္မကို သူများကို တရားဟောတဲ့ဘုန်းကြီးကလည်း
တရားကို လေးလေးစားစားမဟောဘူးဆိုရင်
ဒါကမလေးစားရာရောက်တယ်တဲ့။နာသူလည်းမလေးစားရာ
ရောက်တယ် ဟောသူလည်း မလေးစားရာရောက်တယ်။
အလေးအနက်ထားရမယ်လို့ ဒီလိုဆိုလိုတယ်နော်။

ရှေးတုန်းက ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ကြားဖူးလိုက်တယ်။
နိုင်ငံခြားသားတွေရဲ့ ဝေဖန်သံကိုကြားလိုက်ဖူးတယ်။ဘုန်းကြီးတွေရဲ့တရားပွဲမှာ
တဝါးဝါး တဟားဟားနဲ့လုပ်နေကြတာ ရှိတယ်မို့လား။အဆိုတွေ အငိုတွေနဲ့လေ။
ဇာတ်သဘင်ဆန်ဆန်ဟောတဲ့ ခေတ်တခေတ်ရှိခဲ့တယ်။
ရပ်လဲတရားဆိုပြီး။အဆိုတွေ အငိုတွေမျက်ရည်ကျမှ သဘောကြတယ်လေ။
တရားဆိုတာ အငိုတိတ်အောင် ဟောရတာမဟုတ်ဘူး။
မျက်ရည်ကျမှ သဘောကျတာလေ။တရားနာ ပရိတ်သတ်တရှုံ့ရှုံ့ဖြစ်နေရင်
အဲ့ဒါအောင်မြင်တယ်လို့ ယူဆတယ်ပေါ့။အဲ့ဒီလို အဆိုတွေ အငိုတွေနဲ့ မျက်ရည်ကျအောင်
ဟောခဲ့ဖူးတဲ့ တရားပွဲတွေလည်း ရှိခဲ့ဖူးတယ်။အဲ့ဒီမှာ နိုင်ငံခြားသားတွေက
ဘာတွေဝေဖန်တုန်းဆိုတော့ ဘုရားရဲ့တရား ဗုဒ္ဓရဲ့တရားဟာ အင်မတန်မှ
လေးနက်တယ်တဲ့။အင်မတန်မှ လေးနက်တဲ့တရားတွေကို ဘာဖြစ်လို့
ဟာသလုပ်ပြီး တဝါးဝါးနဲ့ ဟောနေ လုပ်နေရသလဲတဲ့ ဟော။
အဲ့ဒီလို ဝေဖန်တာ ကြားဖူးတယ်။အဲ့ဒါဟာ မလေးစားခြင်းတစ်မျိုးပဲလို့ ဒီလိုမှတ်ရမယ်။

တရားဆိုတာ အလေးအနက်ဆင်ခြင် စဉ်းစားပြီးတော့ ကိုယ်တိုင်လည်း
လိုက်နာကျင့်သုံးရမယ်။မှတ်မှတ်သားသားလည်းနာရမယ်။
နာပြီးတဲ့အခါမှာ အနက်အဓိပ္ပာယ်ကို စဉ်းစားရမယ်။စဉ်းစားပြီးတဲ့အခါ
လိုက်နာကျင့်သုံးရမယ်။ကြည့်လေ အရှင်အဿဇိကို
အရှင်ဘုရား ဘယ်သူ့တပည့်တုန်း ဘယ်သူ့ဝါဒကိုနှစ်သက်တုန်း ဘယ်သူ့
ကိုရည်စူးပြီး သင်္ကန်းဝတ်လာတာတုန်းလို့ အရှင်သာရိပုတ္တရာအလောင်း
ဥပတိဿပုရိပိုဇ်ကမေးတဲ့အခါမှာ အရှင်အဿဇိက ဖြေတယ်။နောက်ဆုံးမှာ
အရှင်ဘုရားတို့ရဲ့ ဆရာဝါဒကိုပြောပြစမ်းပါဆိုတော့
အရှင်အဿဇိက ဘယ်လောက်လေးစားတုန်းဆိုလို့ရှိရင် သူလေးစားပုံလေး
အလေးထားပုံးလေးကို ပြောပြမယ်။
သူရဟန္တာကြီးပဲ သူတရားတွေအများကြီးပြောနိုင်တာပေါ့။
ဓမ္မစင်္ကြာကိုနာထားပြီးပြီ။အနတ္တလက္ခာသုတ်နဲ့ ရဟန္တာဖြစ်ထားတဲ့ပုဂ္ဂိုလ်ပဲ။

သို့သော်တန်ဖိုးထားတတ်အောင်ဘာပြောလိုက်လဲဆိုရင် သူအခုမှ
သာသနာဘောင်ရောက်လာတာ မကြာသေးဘူးတဲ့။
မကြာသေးတော့ မြတ်စွာဘုရားရဲ့ဝါဒကို သူအကျယ်ကြီးမပြောနိုင်ဘူးတဲ့။
ဒါလေးစားတဲ့အနေနဲ့ပြောတာလေ။ဘုရားဟောတာတွေ သူအကုန်လုံး
မသိပါဘူးတဲ့။
တကယ်တော့သူရဟန္တာဖြစ်နေပြီနော်။အဲ့ဒီစကားဟာ
မြတ်စွာဘုရားကို သိပ်ဘယ်လောက်တန်ဖိုးထားပြီးပြောသလဲဆိုတာ
စဉ်းစားကြည့်ပေါ့။သူအခုမှ ရောက်လာတာဖြစ်လို့ အကျယ်ကြီးမပြောနိုင်ပါဘူးတဲ့။
အကျဉ်းချုပ်တော့ ပြောပါမယ့်လို့ဆိုတော့
အရှင်သာရိပုတ္တရာအလောင်းက ဘာပြောတုန်းဆိုရင် အဓိပ္ပာယ်ပဲပြောပါတဲ့။
သူလိုချင်တာ Meaning ပဲပေါ့။အနက်အဓိပ္ပာယ်ပဲ သူလိုချင်တယ်
စကားလုံးတွေ အများကြီးပြောဖို့ မလိုပါဘူးလို့ ဆိုတယ်။ဟောနာသူကလည်း
တလေးတစား ဟောပြောပေးတဲ့ပုဂ္ဂိုလ်ကလည်း တလေးတစားဆိုတော့
သစ္စာလေးပါးကို အတိုလေးရှင်းပြလိုက်တာနဲ့ ဟိုက သောတာပန်ဖြစ်သွားတယ်။

ဒီလိုဖြစ်ရမှာနော်။ဟောတဲ့ပုဂ္ဂိုလ်ကလည်း တရားပေါ်မှာ သိပ်တန်ဖိုးထားတယ်။
ငါအခုမှ ရောက်လာတာအကျယ်ကြီးမပြောနိုင်ဘူး။သို့သော်အကျဉ်းချုပ်တော့
ပြောမယ်။ဒါတန်ဖိုးထားတဲ့စကားပဲ။ရဟန္တာပဲ သူဟောနိုင်တာပေါ့။
သို့သော် ဘုရားကိုလေးစား တရားမြတ်နိုးတဲ့အနေနဲ့ ဒီစကားကိုပြောလိုက်တာ။
နာတဲ့ပုဂ္ဂိုလ်ကလည်း တလေးတစားနာလိုက်တယ်။အဲ့ဒါမျိုးကို ဓမ္မေဂါရဝ
တရားပေါ်မှာ လေးစားတယ်လို့ခေါ်တာ။
အဲ့ဒီတော့ လေးစားတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ တန်ဖိုးထားတယ်ဆိုတဲ့
အဓိပ္ပာယ်ကိုဆိုလိုတယ်။အဲ့ဒီလိုတန်ဖိုးမထားဘူး တရားပွဲမှာ
ဒီလိုတလေးတစား မနာဘူးဆိုရင် ဓမ္မေအဂါရဝ-ဖြစ်တယ်။
ဟောဒီလိုဆိုတာပေါ့နော်။

{ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး }
ဂါရဝအဂါရဝ-တရားတော်မှ ကောက်နှုတ်ချက်။