❦ ဘုရားရှင်က ချစ်သားရဟန်း သာသနာဘောင် နေတယ်ဆိုတာ
ဝိနည်းပညတ်တော်ကို လည်း မကျော်လွန်ရဘူး ၊ အဘိဓမ္မာပရမတ်
ကို လည်း မဖောက်ဖျက်ရဘူး ၊ နှစ်ပါးလုံးကို ထိန်းနိုင်မှ အဆင်ပြေတယ်ဟု မိန့်တော်မူပါတယ် ။

❦ ဝိနည်းပညတ်တော်ကို ကျော်လွန်ရင် သီလပျက်တယ် ။
❦ အဘိဓမ္မာပရမတ်ကို ဖောက်ဖျက်ရင် ပညာပျက်တယ် ။

❦ သီလပျက်တော့ ခြေထောက်ကျိုးတာပဲ ၊
❦ ပညာပျက်တော့ ခေါင်းပြတ် တာပဲ ၊

❦ သီလ ခြေထောက်လည်း မကျိုးစေနဲ့ ၊ ပညာခေါင်းလည်း မပြတ်စေ နဲ့ ၊ မကျိုးအောင် ၊ မပြတ်အောင် မထိန်းနိုင်လျှင် ...သူများပါးစပ် လမ်းဆုံးပြီ ၊ ဝါဂွမ်း ဖြစ်ပြီ ၊
❦ ဝါဂွမ်းသည် တောင်ဘက်က ပါးစပ်နဲ့ မှုတ်လိုက်တော့ ...မြောက်ဘက် လွှင့် ၊ မြောက်ဘက်က ပါးစပ်နဲ့ မှုတ်လိုက်တော့ ..
တောင်ဘက်ကို လွှင့် ၊ မတည်မြဲဘူး ၊ ဒီအတိုင်းပဲ သူများပြောတာ လျှောက်လုပ်နေတဲ့ ပုဂ္ဂိုလ်သည် ဝါဂွမ်း.ဖြစ်နေတာပဲ ၊ ကိုယ်ပိုင် ဉာဏ်
ဖြင့် ဆင်ခြင် ကြည့်ပါ ၊ သူများဘယ်လိုပြောပြော ၊ ကိုယ်တိုင် အလုပ်
သဘောနှင့် တိုင်းတာကြည့်လျှင် အဖြေမှန် ပေါ်လာလိမ့်မယ် ၊
❦ လေတိုက်ရင် ဝါဂွမ်းဆိုတာ လွှင့်စမြဲပဲ ၊ လေ ဆိုတာလည်း သူ့သဘာဝ အတိုင်းတိုက်မှာပဲ ၊ ဒီတော့ လေ ဘယ်လောက်တိုက်
တိုက် ၊ ကိုယ့်ဝါဂွမ်း မလွှင့်ဖို့ရာ အရေးကြီးတယ် ၊ ဝါဂွမ်း မလွှင့်အောင်
ကျောက်ဖိထားလိုက်ပေါ့ ။

❦ ဒီအတိုင်းပါပဲ ၊ စိတ်ကလေးသည် ဝါဂွမ်းနဲ့ တူတယ် ၊ စိတ်ဆိုတဲ့
ဝါဂွမ်း မလွှင့်အောင် " သတိ " ကျောက်တုံး ဖိလိုက်ရင် ...ဝိနည်းပညတ် လေတိုက်တိုက် ၊ အဘိဓမ္မာ လေတိုက်တိုက် မလွှင့်
တော့ပါဘူး ၊ စိတ်ကို သတိနဲ့ဖိ ၊ စိတ်ကို " သမာဓိ " နဲ့ဖိ ၊ စိတ်ကို
" ဝီရိယ " နဲ့ဖိ ၊ စိတ်ကို " ပညာ " နဲ့ဖိ ၊ စိတ်ကို " သဒ္ဓါ " နဲ့ဖိ ထားလိုက် ၊
ဘယ်အာရုံ လေတိုက်တိုက် မလွှင့်နိုင်တော့ ပါဘူး ၊ စိတ်တစ်ခုကို
သတိ ဖြင့် ထိန်းထားရုံဖြင့် " ဝိနည်းပညတ်တော်ကိုလည်း " လိုက်နာပြီးသားဖြစ်တယ် ၊ " အဘိဓမ္မာပရမတ်ကိုလည်း " စောင့်ရှောက်ပြီးသားဖြစ်တယ် ၊ စိတ်တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်
ကာမျှဖြင့် သီလခြေထောက်လည်း...ကောင်း ၊
ပညာဦးခေါင်းလည်း...ကောင်း ပြီး ၊ နိဗ္ဗာန်မြို့သို့ အရောက်သွားနိုင်မှာ
ဖြစ်တယ် ၊ စိတ်တစ်ခုကို ထိန်းနိုင်ရင် ...အားလုံးကို ထိန်းရာ ရောက်
သဖြင့် " ဒုက္ခဝဋ် " မှလည်း ကျွတ်လွတ် နိုင်ပါတယ် ၊ စိတ်ကို သတိ ၊
ပညာ ဦးဆောင်ပြီး ထိန်းထားနိုင်ရင် ချမ်းသာမှု ဆိုတာ ရမှာ အမှန်ဖြစ်
တယ်လို့ ဘုရားရှင်က ဟောကြားလိုက်ပါသည် ။

❦ ဒုက္ခငြိမ်းအောင် စိတ်ကို ထိန်းနိုင်ကြပါစေ ❦

{ အရှင်ရာဟုလာ }