လောကမှာ ရှိရှိသမျှ ရနံ့အားလုံးထဲမှာ ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကျင့်သီလရနံ့ထက် ပိုပြီး မွှေးပျံ့သင်းကြိုင်ပါတယ်၊ ပျံ့နှ့ံအားကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားရနံ့ မရှိတော့လို့ပါပဲ။

သီလရှိသူရဲ့ ကိုယ်ခန္ဓာဟာ သေပြီးသွားတာတောင်မှ နံ့သာတုံးလို မွှေးနေပေမယ့် သီလမရှိသူတွေရဲ့ ကိုယ်ခန္ဓာကတော့ မသေခင်ကတည်းက ပုပ်စော်နံနေတာမို့ အသက်ရှင်နေပေမယ့် အလောင်းကောင် မသာပွနဲ့ ဘာမျှမထူးခြားပါဘူး။ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ သီလမဲ့လူသားတွေဟာ သက်ရှိလူသေတွေပါပဲ။
“ကိုယ်ကျင့်တရား” လို့ ဆိုတဲ့အတိုင်း “ကိုယ်” နဲ့ “ကျင့်” ရတဲ့တရားဖြစ်ပါတယ်။ ကိုယ်ဆိုတဲ့အထဲမှာ နှုတ်လည်း ပါပါတယ်။ ကိုယ်နဲ့ မပြုသင့် မပြောထိုက်တဲ့ အပြုအမူတွေကို မပြုမူဘဲ၊ နှုတ်နဲ့ မပြောသင့် မပြောထိုက်တဲ့ အပြောအဆိုတွေကို မပြောဆိုဘဲ ရှောင်ကြဉ်ရတဲ့အကျင့်ကို ကိုယ်ကျင့်လို့ ခေါ်ပါတယ်။ “ကိုယ်ကျင့်” နဲ့ “နှုတ်ကျင့်” ကို ကိုယ်ချင်းတူလို့ ပေါင်းပြီး ကိုယ်ကျင့်လို့ အတိုချုံးထားတာပါ။
“ကိုယ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ ကိုယ်အပြုအမူတွေကတော့ အထွတ်အထိပ်အားဖြင့် သူ့အသတ်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းနဲ့ သူ့ကာမမှားခြင်းတို့ပါပဲ။ သတ်နေ၊ ခိုးနေ၊ မမှားတဲ့သူကတော့ ကိုယ်ကျင့်ကောင်းတဲ့သူ၊ သီလရှိတဲ့သူပေါ့။
“သတ်ခြင်း” ဆိုတဲ့အထဲမှာ ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှု ကင်းမဲ့ခြင်း စတဲ့ ကာယကံအပြုအမူဆိုး၊ ကာယကံအပြုအမူကြမ်း အားလုံးပါဝင်ပါတယ်။ ညှဉ်းဆဲခြင်း စတဲ့အပြုအမူဆိုး၊ အပြုအမူကြမ်းတွေကို ရှောင်ကြဉ်ပြီး ကြင်နာတဲ့ အပြုအမူကောင်းတွေ၊ ညှာတာတဲ့ အပြုအမူနုတွေ ကျင့်သုံးမှ “မသတ်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“ခိုးခြင်း” ဆိုတဲ့အထဲမှာ အလစ်သုတ်ခြင်း၊ အချောင်နှိုက်ခြင်း၊ စာရင်းလိမ်ခြင်း၊ အပျောက်ရိုက်ခြင်း၊ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို ဟန့်တားခြင်း၊ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ပိုယူခြင်း၊ မတန်တဆ စျေးတင်ခြင်း၊ ရေထိုးခြင်း၊ အလေးခိုးခြင်း၊ ရောနှောခြင်း၊ အတုလုပ်ခြင်း၊ ၀ိတ်လျှော့ခြင်း၊ ဖျံကျခြင်း၊ ဖျောင်ခြင်း၊ ဖျောခြင်း စတဲ့ ရိုက်စားကိစ္စမှန်သမျှ အားလုံး ပါဝင်ပါတယ်။ ကိုယ်ရသင့်တာထက် ပိုရအောင်လုပ်တဲ့ မတရားမှုမှန်သမျှကို ရှောင်ကြဉ်ပြီး မျှတတဲ့နည်းစနစ်၊ မှန်ကန်တဲ့ တန်ရာတန်ကြေးနဲ့ အလုပ်လုပ်သွားမှ “မခိုးခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“မှားခြင်း” ဆိုတဲ့အထဲမှာ ကာမဂုဏ်ကိစ္စတွေနဲ့ ပတ်သတ်ပြီး မိမိရဲ့ တရားဝင် ကာမပိုင်မဟုတ်သူတွေနဲ့ လွန်ကျူးခြင်း၊ ကြည်နူးခြင်း၊ ပွေ့ဖက်ခြင်း၊ ဖုန်းဆက်ခြင်း၊ တွဲကခြင်း၊ လျှောက်လည်ခြင်း၊ မျက်နှာများခြင်း၊ ရည်းစားပြိုင်ထားခြင်း၊ ရိသဲ့သဲ့ပြောခြင်း၊ အီစီကလီလုပ်ခြင်း စတဲ့ နှာခေါင်းကိစ္စမှန်သမျှ အားလုံးပါဝင်ပါတယ်။ သဘာဝမကျတဲ့ အာရုံခံစားမှု မှန်သမျှကို ရှောင်ကြဉ်ပြီး စည်းနဲဘောင်နဲ့ ပျော်မွေ့တတ်မှ “မမှားခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“သေရည်အရက် သောက်သုံးခြင်း” ဟာလည်း “ကာမဂုဏ် မှားယွင်းခြင်း” ဆိုတဲ့ ကာယဒုစရိုက်ထဲမှာ အကျုံးဝင်ပါတယ်။ မူးယစ်ခြင်း၊ မေ့လျော့ခြင်းရဲ့ အကြောင်းဖြစ်တဲ့ အရက်၊ ဘီယာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးရည် စတဲ့ မူးယစ်ဆေးဝါးနဲပ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးမှန်သမျှကို ရှောင်ကြဉ်မှ “မသောက်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“နှုတ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ နှုတ်အပြောအဆိုတွေကတော့ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ချစ်ခင်နေသူအချင်းချင်း စိတ်ဝမ်းကွဲပြားသွားအောင် ကုန်းတိုက်ပြောဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကား၊ ရိုင်းစိုင်းယုတ်မာတဲ့စကားများ ပြောဆိုခြင်း၊ အနှစ်သာရ မရှိတဲ့စကား၊ အဓိပ္ပာယ်မရှိတဲ့စကား၊ အကျိုးမရှိတဲ့စကားများ ပြောဆိုခြင်းတို့ပါပဲ။ စာလိုပြောတော့ ဝစီဒုစရိုက်လေးပါးပေါ့။ အနှစ်ချုပ်ကတော့ မုသာဝါဒပါပဲ။
ကိုယ်ကျင့်သီလကို ကုသိုလ်တရားအားလုံးရဲ့ နိဒါန်းအစလို့ မြတ်စွားဘုရားရှင်က မိန့်ကြားတော်မူထားပါတယ်။ ကိုယ်ကျင့်သီလဖြူစင်ရင် အစကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့အနှောင်း သေချာသွားပါပြီ။ ကိုယ်ကျင့်သီလ မည်းညစ်နေရင်တော့ အစမကောင်းတဲ့အတွက် သမာဓိ၊ ပညာဆိုတဲ့ အနှောင်းနဲ့ အဝေးကြီး ဝေးသွားပါပြီ။ အနှောင်းနဲ့ နီးစပ်ချင်ရင် အစကောင်းဖို့ ကြိုးစားရပါမယ်။
ကိုယ်ကျင့်သီလဆိုတာ မြေကြီးနဲ့ တူပါတယ်။ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်နေတဲ့ သစ်ပင်ပန်းပင်မှန်သမျှ မြေကြီးကို တည်မှီပြီးတော့ပဲ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်လာရပါတယ်။ အားအင်နဲ့ပြုလုပ်ရတဲ့ အလုပ်ကိစ္စမှန်သမျှ မြေကြီးပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရသလို သတိဦးဆောင်တဲ့ သူတော်ကောင်းအလုပ် မှန်သမျှကိုလည်း သီလပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရပါတယ်။
သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပြုလုပ်အားထုတ်တဲ့ သူတော်ကောင်းအလုပ်ကသာ မိမိရည်မှန်းရာ အောင်မြင်မှု အသီးအပွင့်တွေကို ရည်မှန်းတဲ့အတိုင်း သီးပွင့်ဝေဆာစေနိုင်ပါတယ်။
သမထလုပ်ငန်း၊ ၀ိပဿနာလုပ်ငန်း ဆိုတာ အသာထားလိုက်ပါဦး၊ အခြေခံအကျဆုံး ဒါနလုပ်ငန်းတောင်မှ သီလမပါရင် လိုရာအကျိုး မပြီးစီးစေနိုင်ပါဘူး။ ဒါနပြုပြီး လောကီ၊ လောကုတ္တရာ လိုရာအကျိုးကို ဆုတောင်းရင် အဲဒီဒါနက မိမိဆုတောင်းကို ပြည့်ဝစေနိုင်ပါတယ်…တဲ့။ ဒါပေမယ့် ဆုတောင်းသူ ဒါနရှင်ဟာ သီလရှိသူဖြစ်ရပါမယ်… တဲ့။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရဲ့ မိန့်ကြားထားတော်မူချက် ဖြစ်ပါတယ်။
ကိုယ်ကျင့်သီလဟာ ဒါနရဲ့ အကျိုးပေးကိုလည်းခိုင်မြဲစေသလို သမာဓိ၊ ပညာရဲ့ စွမ်းရည်ကိုလည်း ထက်မြက်စေပါတယ်။ ကိုယ်ကျင့်သီလ မပါဘဲ အားထုတ်နေတဲ့ ဒါနလုပ်ငန်း၊ သမထ၊ ၀ိပဿနာလုပ်ငန်းတွေဟာ မဂ်ဖိုလ်နှိဗ္ဗာန်ရဲ့ အနီးအနားကို အိပ်မက်ထဲမှာတောင် မရစ်သီနိုင်ပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန် အသာထား ကောင်းရာသုဂတိနဲ့တောင် အဝေးကြီးဝေးနေဦးမှာပါပဲ။
ကိုယ်ကျင့်သီလ ပျက်စီးရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ပါပမိတ္တနဲ့ ပေါင်းဖော်ခြင်းဆိုတဲ့ အကြောင်းတရားလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပါပမိတ္တ ဆိုတာ မိတ်ဆွေဆိုး၊ မိတ်ဆွေညံ့၊ မိတ်ဆွေယုတ်၊ မိတ်ဆွေမိုက်ကို ပြောတာပါ။ သက်သက်ညှာညှာပြောရရင်တော့ မကောင်းတဲ့မိတ်ဆွေပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေမှားပေါ့။ မလုပ်သင့်တာ လုပ်ဖို့ တိုက်တွန်းတဲ့သူ၊ နည်းမှားလမ်းမှား ညွှန်ပြတဲ့သူ၊ ဆုံးဖြတ်ချက်အမှားတွေ ချပေးတဲ့သူဟာ ပါပမိတ္တပါပဲ။ ပါပမိတ္တနဲ့ ပေါင်းရင် သီလပျက်တတ်ပါတယ်။
တချို့ကိုယ့်ကို ချစ်သလိုလို၊ ကိုယ့်အကျိုးကို လိုလားသလိုလိုနဲ့ ကိုယ့်ရဲ့သီလကို ဖျက်ဆီးတတ်ပါတယ်။ ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပျော်ရွှင်ရယ်မောလို့၊ အလိုတူကျေနပ်လို့။ ကွယ်ရာကျတော့ “ပေါင်းကြည့်မှ အကြောင်းသိတယ်” ဆိုပြီး အတင်းပြော၊ အပုပ်ချတတ်ပါတယ်။ ကိုယ့်သတင်းလည်း ပုပ်၊ သူ့ပါးစပ်လည်းပုပ်၊ ကိုယ်ပုပ်သူပုပ် နှစ်ယောက်လုံး ပုပ်တော့ ဘယ်မှာလာ ကောင်းပါတော့မလဲ။
သီလပျက်အပုပ်နဲ့ဟာ “တစ်ခါတစ်ရံ” ဆိုပြီးတော့လည်း ချမ်းသာမပေးပါဘူး။ “စ, တာ၊ နောက်တာပါ” ဆိုပြီးတော့လည်း ညှာတာခြင်း မရှိပါဘူး။ “အချင်းချင်းမို့” ဆိုပြီးတော့လည်း နားလည်ခွင့်လွှတ်ခြင်း မရှိပါဘူး။
သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းတာလို့ ဆိုပေမယ့် စိတ်မနိုင်လို့သာ ကိုယ်နှုတ်လွန်ကျူးနေကြတာမို့ စိတ်ကို နိုင်နင်းစေနိုင်ရာမှာ အကောင်းဆုံးနည်းဖြစ်တဲ့ သတိပဋ္ဌာန်ဝိပဿနာတရားကို သီလဖြူစင်လိုသူတိုင်း ကြိုးကြိုးစားစား ပွားများအားထုတ်ကြဖို့ အထူးအရေးကြီးလှပါတယ်။
ကိုယ်ကျင့်သီလရဲ့ သဘောတရား၊ အကျိုးအပြစ်ကိုလည်း ဆင်ခြင်နှလုံးသွင်းမယ်၊ ကိုယ်ကျင့်သီလ ချိုးဖောက်လိုတဲ့ စိတ်ကိုလည်း သတိပဋ္ဌာန်နည်းကျ ရှုပွားသွားမယ်ဆိုရင် ကိုယ်ကျင့်သီလ ဖြူစင်သူ ဖြစ်လာနိုင်ပါတယ်။
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ဖြစ်ပါတယ်လို့ “သီလဂန္ဓော အနုတ္တရော” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း ကိုယ်ကျင့်သီလရနံ့ ဆိုတဲ့ အနှိုင်းမဲ့ရနံ့နဲ့ အကြွင်းမဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

စာကြွင်း – ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားသည့် အနှိုင်းမဲ့ရနံ့ စာအုပ်မှ စာပိုဒ်အချို့ကို ဓမ္မကုသိုလ်အလို့ငှာ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။