နိဗ္ဗာန်၏ လက္ခဏာ
__________________

❆ ❆ နိဗ္ဗာန်သည် ချမ်းသာခြင်း လက္ခဏာရှိတယ် ။
❆ ❆ နိဗ္ဗာန်သည် ငြိမ်းအေးခြင်း လက္ခဏာ ရှိတယ် ။
❆ ❆ နိဗ္ဗာန်သည် စိတ်နှလုံးကို ရွှင်ပြုံးစေခြင်း လက္ခဏာ ရှိတယ် ။

နိဗ္ဗာန်သည် အထည်ရှိသလား ၊ မရှိဘူးလား ???

အထည်ရှိရင် ဆွေးမြေ့တဲ့ သဘော ၊ အထည်ရှိ တော့ ပျောက်ပျက်ရမယ် ၊ ဖောက်ပြန်ရမယ် ၊ ဆိုတဲ့သဘော လွတ်ကင်းနိုင်
ရဲ့လား ••• { မလွတ်ကင်းနိုင်ပါ ဘုရား } ၊

အထည်ရှိရင် ပျက်မယ် ၊

နိဗ္ဗာန်သည် အထည်ရှိရင် ဆွေးမြေ့ ဖောက်ပြန် ပျက်စီးမယ် ၊ ဒါဖြင့်
နိဗ္ဗာန်သည် အထည်ရှိပါရဲ့လား ၊ မရှိဘူးလား မေးရင် ၊ ဘယ့်နှယ်ဖြေကြမလဲ { မရှိပါ ဘုရား } ၊ အထည်မရှိဘူး ။

နိဗ္ဗာန်မှာ အထည် သဏ္ဍာန် မရှိ ။

နိဗ္ဗာန်မှာ လုံးရပ်လည်း မရှိ ဘူး ၊ သဏ္ဍာန်လည်း မရှိဘူး ၊ ပုံဟန်နိမိတ်
ကော •••.{ မရှိပါဘုရား } ၊

အထည်မရှိရင် ဘယ်လိုများ နေရမှာတုံး ?

လုံးရပ်သဏ္ဍာန် ၊ ပုံဟန်နိမိတ် မရှိလို့ရှိရင်ဖြင့် သိမှုကလေးနဲ့ ချမ်းသာနေတာလား ?.မေးရလိမ့်မယ် ၊ နိဗ္ဗာန်မြင်ပြီး သကာလ ၊ ကြည့်နေ ၊ သိနေရတာနဲ့ပဲ ၊ ချမ်းသာ နေတာပါလားလို့ ••• မေးစရာ
မရှိဘူးလား ••• { ရှိပါတယ် ဘုရား } ။

ခန္ဓာ ရှိတုန်းတော့ ဟုတ်တယ် ။

သိမှုကလေးနဲ့ပဲ ချမ်းသာပြီး နေရမှာလားလို့ မေးရင် ၊ ခန္ဓာ ရှိတုန်းတော့ ဟုတ်တယ် ၊ ခန္ဓာ ရှိတုန်းတော့ ဒီနေရာကလေး ကြည့်နေရတာကို ဘယ့်နှယ် ဖြစ်နေသလဲ { ချမ်းသာနေပါတယ် ဘုရား } ။
ဘာပြုလို့ ချမ်းသာရသတုံးဆိုတော့ ၊ အအိုလည်းမရှိဘူး ၊ အနာကော မရှိဘူး ၊ အသေ ကော မရှိဘူး ၊ အကွဲ ကော မရှိဘူး ၊ သောက ပရိဒေဝ
ကော မရှိပါ ဘူး ၊ ဒီနေရာလေးဟာ ၊ တော်တော် ကောင်းတဲ့နေရာပဲ ၊
" ရဟန္တာ ပုဂ္ဂိုလ် များသည် ၊ အဲဒီနေရာကို မြင်ထားကြရတယ် " ။
ခင်ဗျားတို့ ဒီမဂ်ကို အားထုတ်ကြည့်လို့ ၊ ဒီမဂ် ရောက်တယ်ဆိုရင် •••
မြင်ရမယ် ။

အတော်ထူးတဲ့နေရာ ။

ဒီနေရာ အတော်ထူးတဲ့ နေရာပဲ ၊ သုံးဆယ်တစ်ဘုံ လိုက်ကြည့်လိုက်တော့ တစ်မျိုး ၊ တစ်မျိုးဆိုတော့ ဒီနေရာ အကောင်းဆုံးပဲဆိုတာ သဘောကျပြီ မဟုတ်လား { တင်ပါ့ ဘုရား } ။

ဒီနေရာ အကောင်းဆုံး ။

အဲဒီတော့ ကိလေသာ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ ရဟန္တာ ဖြစ်ကြပြီ ၊ မဂ်လေးတန် ၊ ဖိုလ်လေးတန် တန်းကနဲ ရကြပြီ ၊ သောတာပန် ဖြစ်တော့ ၊ သောတာပန် နိဗ္ဗာန်ပေါ့ဗျာ ၊ ဒီလိုမြင်နေတဲ့ အခါကျလို့ရှိရင်ဖြင့် သောတာပန်ကလည်း ဒီနေရာအကောင်းဆုံး ၊
သကဒါဂါမ် ကလည်း ဒီနေရာ အကောင်းဆုံး ၊ အနာဂါမ် ကကော
ဒီနေရာ အကောင်းဆုံး ၊ ရဟန္တာ ကကော ဒီနေရာ အကောင်းဆုံး ၊
ဘုရား ကကော ••• { ဒီနေရာ အကောင်းဆုံး ပါဘုရား } ။
သူတို့ ဘယ်နှယ်ကြောင့် ဒီနေရာ အကောင်းဆုံးရယ်လို့ ဆုံးဖြတ်ချက်
ချကြပါလိမ့် မလဲလို့ မေးခွန်းထုတ်တယ်နော် ••• ခုနက ပြောခဲ့တဲ့ •••
အိုမှု ၊ နာမှု ၊ သေမှု ၊ မွဲမှု ၊ ကွဲမှု ၊ တွေ လုံးဝ ရှာမတွေ့ဘူး ၊ ရုပ်နာမ်တို့၏
ဖြစ်ပျက်မှုတွေ မရှိတော့ဘူး ။

အဲဒီတော့ ဒီနေရာမှာ " အလွန်အေးချမ်း " တဲ့နေရာ ပဲဆိုတာ •••
" မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ်ရ ၊ ပစ္စဝေက္ခဏ ဉာဏ်ရ တဲ့ ပုဂ္ဂိုလ်က မသိပေ
ဘူးလား ၊ သိတယ် ။

မစားဖူးလို့ မကြိုက်ဘူးပြောတာ ။

ဒီနေရာဟာ ကျုပ်တို့က မသွားဖူးလို့ ၊ မသွားဖူးတဲ့ ၊ မစားဖူးတဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူးပြောတာကို ကျုပ်တို့က အမှန်မယူနဲ့ ၊ မစားဖူးပဲ
နဲ့ မကြိုက်ဘူး ပြောတဲ့ဟာအဓိပ္ပါယ် မရှိဘူး ၊ စားဖူးလို့ မကြိုက်ဘူးဆိုရင် တော့ အဓိပ္ပါယ် ရှိတယ် ၊ ပုထုဇဉ် စိတ်နဲ့ မကြိုက်တဲ့
ပုဂ္ဂိုလ်တွေဟာ ၊ မစားဖူးပဲနဲ့ မကြိုက်တာ ဖြစ်လေသောကြောင့် သူ့
စကားကို အတည်မပြုနဲ့ လို့ ကန့်ကွက်လိုက်တယ် ။

အားတဲ့ အချိန် နိဗ္ဗာန်ကို အာရုံပြုနေတယ် ။

အရိယာပုဂ္ဂိုလ်များ အားလပ်ချိန် ရတော့ ဆွမ်းခံကိစ္စ ငြိမ်း ၊ ရေသောက်ဖို့ ကိစ္စငြိမ်းတဲ့ အချိန် ဘာလုပ်နေကြသလဲ •••
{ နိဗ္ဗာန် အာရုံပြုနေကြပါတယ်ဘုရား } ၊ ဒါဖြင့် သူတို့ စားကောင်းလို့
စားနေတယ် ။

နိဗ္ဗာန်သည် အမြတ်ဆုံး ။
အဲဒီတော့ နိဗ္ဗာန်ထက် မြတ်တဲ့ တရားရှိသေးသလား ၊ နိဗ္ဗာန် အမြတ်ဆုံးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထားတယ် ၊ ပုထုဇဉ်ဉာဏ်နဲ့ စာပြီး ၊ ကြိုက်ပြန်လို့ ရှိရင်လည်း ဒုက္ခ မရှိဘူးဆိုရင်ဖြင့်
ကြိုက်ရတာပဲ ။

အရိယာကတော့ ကိုယ်တိုင်သိ ။

အရိယာကတော့ ကိုယ်တိုင်သိ " ပစ္စက္ခသိ " ။ ကျုပ်တို့က " သုတသိ "
ပြောသံကြားနဲ့ သိတယ် ၊ အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့က လက်တွေ့မှ ယုံတယ်ဆိုရင်လည်း ••• လုပ်ကြတာပေါ့ ••• ယောင်ချာချာ တော့ လုပ်မနေ နဲ့နော် •••

အလုပ် လုပ်ကြည့် ကြပါ ။

ဒကာ ဒကာမတွေ ကျုပ်တို့က ဘာဖြစ်ဖြစ် လက်တွေ့မှ ယုံတဲ့ခေတ် ၊
ပြောသံကြားခေတ် မဟုတ်ဘူးလို့ ဆိုလို့ရှိရင် ••• အလုပ် လုပ်ကြည့်ပါ ။ ဘယ့်နှယ်တုံး ••• { လုပ်ကြည့်ရမှာပါ ဘုရား } ။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး