၀ိပဿနာကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြသော ပုဂ္ဂိုလ်တို့၏ လိုရင်းအချက်ကို ပြပေအံ့။
၀ိပဿနာဉာဏ် သုံးပါးတွင် ရှေးဦးစွာ အနိစ္စထင်မြင်မှုသည် အရေးအကြီးဆုံး ဖြစ်၏။
အဘယ်သို့ ထင်မြင်ရမည်နည်းဟူမူ အရိပ်ပွဲပြရာ၌ တခုသောအရိပ်မှာ တခဏအတွင်း၌ပင်လျှင် လှုပ်ရှားမှုတွေ အဆက်ဆက် အဆင့်ဆင့် ပြောင်းလဲမှုတွေ အဘယ်မျှ လျင်မြန်လေသနည်း။ အဘယ်မျှ အထွေထွေ အပြားပြား များလေသနည်း ဟု ဓာတ်ရိပ်ကြီးငယ်တခုကို စေ့စုံစွာ စဉ်းစား၍ ကြည့်ရှုကြပါလျှင် ဓာတ်ရိပ်၌ ၀ိပရိဏာမ၊ အညထာဘာဝ အချက်တို့သည် တမိနစ် တစက္ကန့်အတွင်းမှာပင် ရာထောင်မက ရှိနေကြသည်ကို တွေ့မြင်ကြကုန်ရာ၏။ တွေ့မြင်သမျှသော ထိုဝိပရိဏာမ အညထာဘာဝမှုတို့သည် ထိုဓာတ်ရိပ်မှာ အနိစ္စချည်းပေတည်း။ မရဏမှုချည်းပေတည်း။ ဓာတ်၏သေဆုံးမှုချည်းပေတည်း။

ထိုဓာတ်ရိပ်ကို သွားခြင်း အခိုက်အတန့်၊ ရပ်ခြင်း အခိုက်အတန့်၊ ထိုင်ခြင်း အခိုက်အတန့်၊ အိပ်ခြင်း အခိုက်အတန့်၊ ကွေးခြင်း အခိုက်အတန့်၊ ဆန့်ခြင်း အခိုက်အတန့်၊ ထိုထိုကိုယ်အင်္ဂါအစိတ်တို့၏ အထွေထွေ ပြောင်းလဲခြင်း အခိုက်အတန့်တို့ကို လုပ်ကြံ၍ စေ့စုံစွာ ကြည့်ရှုကြပါလျှင် ထိုအရိပ်မှာ ထိုထိုအခိုက်အတန့်အတွင်း၌ ဓာတ်တို့၏ အနိစ္စမှုတွေ၊ မရဏမှုတွေ ပြည့်လျက်နေသည်ကို သိမြင်ကြကုန်လတံ့။ သွားခြင်း အခိုက်အတန့်တွင် တခုတခုသော ခြေလှမ်းအတွင်း၌ ဓာတ်တို့၏ အနိစ္စတွေ မရဏတွေ ပြည့်လျက်နေသည်ကို သိမြင်ကြကုန်လတံ့။ ကြွင်းကျန်သော အခိုက်အတန့်တို့၌လည်း ထိုနည်းတူ အသီးသီး အနိစ္စမှုတွေ မရဏမှုတွေ ပြည့်လျက်နေကြကုန်သည်သာတည်း။

ဤဓာတ်ရိပ်ဥပမာအတိုင်း မိမိ မိမိတို့၏ ကိုယ်ခန္ဓာကိုယ်မှာလည်း ဘယ်အခါမှာမဆို ရုပ်ဓာတ် နာမ်ဓာတ်တို့၏ အနိစ္စအမှုတွေ မရဏအမှုတွေ ကိုယ်နှင့်အပြည့်၊ ခေါင်းနှင့်အပြည့်၊ ထိုထိုအင်္ဂါကြီးငယ်တို့ှနှင့် အပြည့် ရှိလျက်နေကြကုန်၏။ ထိုကဲ့သို့ ဘယ်အခါမဆို တကိုယ်လုံး၊ တကောင်လုံး ပြည့်လျက်ရှိနေကြကုန်သော အနိစ္စအချက်၊ မရဏအချက်တို့ကို ဉာဏ်ဖြင့်ပေါင်းရုံး၍ ကြည့်ရှုတတ်ကြပါကုန်မူကား မိမိ မိမိတို့၏ ကိုယ်ခန္ဓာ၊ ကိုယ်အင်္ဂါတို့သည် တစက္ကန့် တမိနစ်အတွင်းမှာပင် အခါများစွာ ပျက်ဆုံးပြိုကွဲပြောင်းလဲ၍ နေကြသည်ကိုလည်း သိမြင်ကြကုန်လတံ့။ တစက္ကန့် တမိနစ်အတွင်းမှာပင် ကိုယ်ခန္ဓာကြီး အခါခါ ပြောင်းလဲမှု၊ ဦးခေါင်းအင်္ဂါ အခါခါပြောင်းလဲမှု၊ ခြေအင်္ဂါ၊ လက်အင်္ဂါ အခါခါ ပြောင်းလဲမှု၊ ကျောအင်္ဂါ၊ ဝမ်းအင်္ဂါ အခါခါ ပြောင်းလဲမှု၊ အသည်းအင်္ဂါ၊ အဆုတ်အင်္ဂါ အခါခါ ပြောင်းလဲမှုတို့ကိုလည်း သိမြင်ကြကုန်လတံ့။

ဤသို့ သိကြ မြင်ကြ ထင်ကြကုန်သည်ရှိသော် အနိစ္စာနုပဿနာအလုပ်တွေ နေရာကျပြီဟု မှတ်။ အနိစ္စာနုပဿနာအလုပ် နေရာကျလျှင်လည်း အနတ္တာနုပဿနာ အလုပ်လည်း နေရာကျလေတော့သည်။
နေရာကျဆိုသည်ကား တသက်လုံး စွဲမြဲကြရန် အချက်ကျသည်ကို ဆိုသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ ပေါက်ရောက်သည်ကို ဆိုသည်မဟုတ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ပေါက်ရောက်မှုမှာကား ပါရမီဣန္ဒြေ အရင့်အနုသို့လိုက်၍ အမြန်အနှေး ရှိပြန်၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ပေါက်ရောက်မှုမည်သည် အမှန်အားဖြင့် အလွန်သိနိုင်ခဲ၏။

သောတာပန်ဖြစ်၍ နေသော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ငါ သောတာပန်ဖြစ်ပြီ-ဟု အမှန်အားဖြင့် သိနိုင်ခဲ၏။ အဘယ့်ကြောင့်နည်းဟူမူ ကိလေသာတို့၏ အနုသယအခိုက်အတန့် နက်နဲလှသောကြောင့်တည်း။ ကိလေသာတို့၏ အနုသယ အခိုက်အတန့် နက်နဲပုံကို မသိကြကုန်သော ယောဂီပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့၏ ၀ိက္ခမ္ဘနကိစ္စနှင့် ကင်းကွာ၍ နေရုံမျှကိုပင် ငါ သောတာပန်ဖြစ်ပြီဟု ထင်တတ်ကြ၏။ ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့၏ သမုစ္ဆေဒကိစ္စနှင့် အနုသယဘုံကြီးပါ ကင်းပြတ်၍သွားမှသာလျှင် သောတာပန် အစစ်အမှန် ဖြစ်ပေသည်။ ၀ိပဿနာ ယောဂီပုဂ္ဂိုလ်တို့မှာမူကား အထင်အမြင် နေရာကျသော အနိစ္စာနုပဿနာဉာဏ်ကိုရ၍ နေရလျှင်ပင် ကောင်းမြတ်လှပြီဟု ဝမ်းမြောက်၍သာ ထိုအလုပ်ကို တသက်ပတ်လုံး စွဲမြဲကြရမည်။ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်တို့မှာသော်လည်း စိတ္တသုခအကျိုးငှါ ထိုအလုပ်ကို မလွှတ်ကြပေကုန်။ ယောဂီပုဂ္ဂိုလ်တို့မှာလည်း ထိုအလုပ်ကို တသက်လုံး ဆွေးနွေးကြသည်ရှိသော် ဉာဏ်ပညာအဆင့်ဆင့် ရင့်သန်၍ သွားကြသဖြင့် ယခုဘဝတွင်ပင် မသေမီ အကြား၌သော်လည်းကောင်း၊ သေခါနီး အခါ၌သော်လည်းကောင်း ပုထုဇ္ဇနဘူမိ၊ ပုထုဇ္ဇနဂတိတို့ကို လွန်မြောက်၍ အရိယဘူမိ၊ အရိယဂတိသို့ ပေါက်ရောက်ကြကုန်လတံ့။ ယခုဘဝ၌ပင် မပေါက်ရောက်ရှိကြသော်လည်း နောက်ဘဝ၌ နတ်ပြည်သို့ရောက်ကြ၍ ပေါက်ရောက်ကြကုန်လတံ့။

လယ်တီ ဆရာတော်ဘုရားကြီး
( ၀ိပဿနာ ဒီပနီ-မှ )