တရားနာ၊ တရားစာဖတ်ခြင်းကြောင့်ရနိုင်မည့်အကျိုးတရားများ
=======================================
မိမိတို့နေ့စဉ်တရားတွေနာကြားခြင်း၊ဘာသာရေးဆောင်းပါများဘာသာရေးစာပေများ၊
တရားစာများကိုဖတ်ရှုခြင်းသည်အကျိုးမမဲ့ဘဲ ကောင်းကျိုးများကိုရစေတတ်တယ်၊
ကုသိုလ်တရားများကိုရစေတတ်တယ်ဆိုတဲ့အကြောင်းကိုသိစေချင်ပါတယ်။
တရားနာခြင်း(သို့)တရားဖတ်ခြင်းကို ဓမ္မဿဝနလို့ခေါ်ပါတယ်။တရားနားခြင်းကြောင့်

(၁)။မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း၊

(၂)။ကြားဖူးသော အကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နာကြားရခြင်း။

(၃)။ယုံမှားသံသယဖြစ်နေသော အချက်များ၌ ယုံမှားပင်းရခြင်း။

(၄)။အယူမှန် သမ္မာဒိဋ္ဌိကိုရခြင်း။

(၅)။သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်းဟူသော

အကျိုးတရားငါးပါကိုရစေပါတယ်။ဒါကတရားကိုတကယ်နာချင်တဲ့စိတ်နဲ့နားကြားမှသာလျင် အထက်ပါအကျိုးငါးပါးနဲ့ပြည့်စုံပါမှာ။ဆိုလိုတာက တရားနာလျင်ဒီအကျိုးတရားတွေရမယ်။ဒီအကျိုးတရားတွေကို ရည်သန်ပြီးနာမှသာလျင် ဓမ္မဿဝနအစ်ဖြစ်ပြီး အထက်ပါအကျိုးတရားများကိုရမှာဖြစ်ပါတယ်။ တကယ်လို့များ ဓမ္မကထိက(တရားဟောဆရာ)ကိုခင်မင်၍ဖြစ်စေ။တရားနာရင်းရယ်စရာ၊မောစရာအသောပါသဖြင့် ပျော်ရွှင်ချင်တဲ့စိတ်ထားဖြင့်ဖြစ်စေ၊တရားမနာလို့သူများကဲ့ရဲ့မှာဆိုးလို့ဖြစ်စေ၊တရားကိုနာဖော်မရဘူး၊ အပျင်းထူလိုက်တာ ဟုကဲ့ရဲ့ရှု့ံချမှာဆိုးလို့ဖြစ်စေ၊သူများအထင်ကြီးအောင်

(ဒီလူကဘုရားအလုပ်၊တရားအလုပ်၊သာသနာ့အလုပ်ကိုတကယ်လုပ်တဲ့သူ) စတဲ့ချီးမွမ်းမှုများကိုရလို၍ဖြစ်စေ၊ထိုမှတစ်ဖန် တရားဟောသော ဆရာတော်ရဲ့အရည်ချင်းကိုစီစစ်လိုပြီးအရည်အချင်းနည်းလျင်ကဲ့ရဲ့မည် စတဲ့မကောင်းတဲ့စိတ်ထားဖြင့်ဖြစ်စေ တရားနာမည်ဆိုလျင်တော့ ဓမ္မဿဝန(တရားနာမှုအစစ်)မဟုတ်ပဲ ဓမ္မဿဝန အတုသာဖြစ်တဲ့အတွက် ထိုအကျိုးတရားများကိုရနိုင်မည်မဟုတ်ပါ။သေချာဂရုစိုက်ပြီး(ဓမ္မဿဝန)အစစ်ဖြစ်ဖို့လိုအပ်ပါတယ်။သို့မှသာ အထက်ဖော်ပြထားတဲ့အချက်(၅)ချက်နဲ့ပြည်စုံမှာဖြစ်ပါတယ်။ထိုသို့ပြည့်စုံခြင်းသည်ပင်လျှင် ကုသိုလ်အရာဖြစ်တယ်လို့ဆိုရမှာပါ။ နောက်တရားစာတွေ၊ဘာသာရေးစာပေတွေဖတ်တာဟာ ဓမ္မဿဝနကုသိုလ်ဖြစ်ပါတယ်။အကျိုးများလည်းများသလို ကုသိုလ်လည်းဖြစ်ပါတယ်။တရားနာခြင်းကြောင့်ရနိုင်တဲ့အကျိုးတရားငါးပါးသည် တရားစာဖတ်ခြင်း၊ဘာသာရေးစာပေတွေဖတ်ရင်လည်းထိုအကျိုးတရားငါးပါးကိုရနိုင်ပါတယ်။

တရားနာနေတဲ့အချိန်လေးမှာ၊တရားစာတွေဖတ်နေတဲ့အချိန်လေးမှာ မိမိစိတ်က အခြား အကုသိုလ်ဖြစ်စေမည့် အာရုံများသို့မရောက်နေပဲ၊တရားအာရုံပေါ်ကျရောက်နေတဲ့အတွက် မြတ်စွာဘုရားရှင်အပေါ်၌ ကြည်ညိုမှုသဒ္ဓါတရားတွေ၊ဆရာတော်များဟောတဲ့တရားတွေ၊ ဆရာတော်များရေးတဲ့ဘာသာရေးဆောင်းပါးတွေဟာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဖော်ထုတ်ခဲ့တဲ့ သဘာဝအရှိတရားတွေပဲဆိုတဲ့အသိတွေ၊ထိုတရားတွေကို တကယ်ကျင့်ကြံမယ်ဆိုရင် လက်ငင်းအကျိုးရနိုင်တဲ့တရားဂုဏ်တော်တွေကို အောက်မေ့နှလုံးသွင်းမိတဲ့အတွက် တရားပေါ်၌လဲ သက်ဝင်ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါပညာတွေ၊မြတ်စွာဘုရားပဋိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း မြတ်စွာဘုရားဟောဖော်တော်မူခဲ့တဲ့တရားတော်တွေကို မြတ်စွာဘုရားရှင်၏တပည့်သားတော် အရှင်မဟာကဿပ၊အရှင်အာနန္ဒာရဟန္တာမထေရ်မှစ၍ ယခုခေတ် မျက်မှောက်သံဃာတော်များ လက်ဆင့်ကမ်းသယ်ဆောင်လာလို့ ဒီတရားတွေနားကြားရတယ်ဆိုပြီး တရားတော်ကို သယ်ဆောင်တော်မူခဲ့တဲ့ သုပ္ပဋိပန႖စတဲ့ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတဲ့ သံဃာတော်တွေရဲ့ဂုဏ်ကိုကြည်ညိုမိတဲ့ သဒ္ဓါတရားတွေကြီးထွားလာပါတယ်။

တရားတော်တွေကိုနာကြားလိုက်တော့ဒါကအကုသိုလ်တရား၊မဆောင်အပ်၊နှလုံးမသွင်းအပ်၊

မပေါင်းဖော်အပ်တဲ့တရား၊ဒါက ကုသိုလ်တရား ဆောင်သင့်အပ်၊နှလုံးသွင်းအပ်၊ပေါင်းဖော်အပ်၊ပြုလုပ်အပ်တဲ့တရား၊ အကုသိုလ်တရားကတော့ငရဲစတဲ့အပါယ်လေးပါးကိုရောက်စေတတ်တဲ့တရား၊ ဒါနတရားကတော့ဖြစ်လေရာဘဝတိုင်း ချမ်းသာခြင်းကိုဆောင်တတ်တဲ့တရား၊သီလတရားကတော့ ဖြစ်လေရာဘဝမှာ အသက်ရှည်စေတတ်၊အနာရောဂါကင်းစေတတ်တဲ့တရား၊ဘာဝနာတရားကတော့ ဖြစ်လေရာဘဝမှာစိတ်ချမ်းသာစေတတ်၊စိတ်ဓာတ်တွေတည်ကြည်စေတတ်တဲ့တရား၊ စိတ်ဆင်းရဲမှုကင်းစေတတ်တဲ့တရား၊အချုပ်အနှောင်အချမခံရပဲ အချုပ်အနှောင်မှလွတ်ကင်းစေတတ်တဲ့တရား၊ဝိပဿနာတရားကတော့ မဂ်ဉာဏ်၊ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုရောက်စေတတ်တဲ့တရားဆိုပြီး ပိုင်ပိုင်နိုင်နိုင် ခွဲခြားနိုင်တဲ့ “ပညာ”တရားများလည်းတိုးပွားနိုင်ပါတယ်။ဒါကြောင့်နံပါတ်(၅)မှာသဒ္ဒါ၊ပညာတိုးပွားပြီး စိတ်ကြည်လင်ခြင်းဆိုပြီး အကျိုးတရားတစ်ပါးကိုထည့်သွင်းရေတွက်ထားတာပါ။
ဒီလိုသဒ္ဓါ၊ပညာတိုးလာခြင်းသည်ပင်ကုသိုလ်တရားများရလိုက်ခြင်းပင် ဖြစ်ပါတယ်။

မိမိနားကြားထားတဲ့၊မိမိဖတ်ထားတဲ့ တရားတစ်ခုလောက်ကိုပဲ သေခါနီးအချိန်ထိ ယူဆောင်ကျင့်ကြံလိုက်မယ်ဆိုရင်အတော်ကို အကျိုးထူးပါတယ်။(ဥပမာ)မေတ္တာတစ်လုံးကို ယူပြီး အရပ်လေးမျက်နှာ၊အရပ်ရှစ်မျက်နှာ၊အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာရှိတဲ့ အလုံးစုံသော သတ္တဝါများကို မေတ္တာပို့ကြည့်ပါ။လက်ငင်းအချိန်လည်းအေးချမ်းသလို၊သေဆုံးသွားရင်တောင် ဗြဟ္မာဘုံထိရောက်နိုင်ပါတယ်။တရားနာရင်းသေလို့ နတ်ပြည်ရောက်သွားတဲ့ သာဓကတွေ၊ဝတ္ထုတွေရှိပါတယ်။

ဒါကြောင့်အားလုံးသော သူများလည်း အချိန်ရလျင် ရသလောက်တရားနာစေချင်ပါတယ်။အချိန်ရရင် ရသလောက် ဘာသာရေးစာပေ၊တရားစာပေများကိုဖတ်စေချင်ပါတယ်ဆိုတဲ့အကြောင်း အသိပေးရေးသားလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ