ရှေးက ပညာရှိတွေဟာ ပစ္စေကဗုဒ္ဓါတွေအား
ဆားမပါ၊အဆီ အစေး မပါ ၊တင်လဲ မပါတဲ့ မုယောမုန့်ကို
လှူပြီး အဲဒီအလှူရဲ့အကျိုးကြောင့် ဒုတိယဘဝ
(နောက်ဘဝ)မှာယူဇနာသုံးရာရှိတဲ့
ကာသိတိုင်းမင်းစည်းစိမ်ကို ရရှိခဲ့ပါတယ်။

ရှေးအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ္တမင်း
အုပ်ချုပ်တဲ့အခါ ဘုရားလောင်းဟာ ဆင်းရဲတဲ့
အမျိုးတစ်မျိုးမှာ ဖြစ်ပြီး အရွယ်ရောက်တဲ့အခါ
သူဌေးတစ်ယောက်ကို မှီပြီး အခစားအလုပ်လုပ်ကာ
အသက်မွေးတယ်။ ဘုရားလောင်းဟာ တစ်နေ့မှာ
“ငါ နံနက်စာအတွက် ဖြစ်လိမ့်မယ်”လို့ကြံကာ
စျေးအတွင်းက မုယောမုန့်ခဲ(၄) ခုကိုယူပြီး အလုပ်ရှိရာကို
သွားတယ်။ ပစ္စေကဗုဒ္ဓါ (၄) ပါး ဆွမ်းခံလှည့်လည်ဖို့
ဗာရာဏသီမြို့ဆီ ရှေ့ရှုလာနေကြတာကို မြင်သွားပြီး
“ဒီပစ္စေကဗုဒ္ဓါတွေဟာ ဆွမ်းကိုရည်ရွယ်ပြီး
ဗာရာဏသီကို သွားနေကြတယ်။ ငါ့မှာလည်း
ဒီမုယောမုန့်ခဲ(၄) ခုရှိနေတယ်။ ငါဟာ ဒီမုန့်တွေကို
ဒီပစ္စေကဗုဒ္ဓါတွေ အား လှူရရင် ကောင်းမှာပဲ”
လို့ကြံတယ်။

အဲဒီ ပစ္စေကဗုဒ္ဓါတွေထံ ချဉ်းကပ်ပြီး
ရှိခိုးကာ “အရှင်ဘုရားတို့ တပည့်တော်ရဲ့လက်မှာ
ဒီမုယော မုန့်ခဲ (၄) ခု ရှိပါတယ်။ တပည့်တော်ဟာ
ဒီမုန့်တွေကို အရှင်ဘုရားတို့အား လှူပါတယ်။
တောင်းပန်ပါတယ် ဘုရား။ တပည့်တော်ရဲ့ အလှူကို
ခံယူတော်မူကြပါ။ အဲဒီလိုဆိုရင် ဒီကောင်းမှုဟာ
တပည့်တော် အတွက် ကာလ ကြာရှည်စွာ
စီးပွားချမ်းသာအလို့ငှာ ဖြစ်ပါလိမ့်မယ်”
လို့ လျှောက်တယ်။

ဘုရားလောင်းဟာ ပစ္စေကဗုဒ္ဓါတွေရဲ့ လက်ခံမှုကို သိပြီး
သဲကို မြင့်မောက်အောင် လုပ်ခိုင်းပြီး နေရာ (၄) နေရာ
ခင်းတယ်။ အဲဒီ နေရာတွေရဲ့ အပေါ်မှာ ချိုးထားတဲ့
သစ်ခက်တွေကို ဖြန့်ခင်းတယ်။ ပစ္စေကဗုဒ္ဓါတွေကို
အစဉ်အတိုင်း ထိုင်စေပါတယ်။ ဖက်ခွက်နဲ့ ရေကို
သယ်ဆောင်ပြီး အလှူရေစက်ချတယ်။
သပိတ် (၄) လုံးထဲမှာ မုယော မုန့်ခဲ (၄) ခုကို
တည်စေပြီး ရှိခိုးကာ
“အရှင်ဘုရားတို့ ဒီမုန့်တွေကို လှူရတဲ့
အကျိုးဆက်ကြောင့် ဆင်းရဲတဲ့အိမ်မှာ မဖြစ်ပါစေနဲ့
ဘုရား။ အကုန်သိတဲ့ ဉာဏ်ရဖို့အတွက်
အထောက်အပံ့ ဖြစ်ပါစေ”လို့လျှောက်တယ်။
ပစ္စေကဗုဒ္ဓါတွေက ဘုဉ်းပေးကြတယ်။
ဘုဉ်းပေးပြီးတဲ့အခါ အနုမောဒနာပြုပြီး ပျံတက်ကာ
နန္ဒမူလကတောင်ဝှမ်းကိုပဲ ကြွသွားကြပါတယ်။

ဘုရားလောင်းက လက်အုပ်ချီပြီး ပစ္စေကဗုဒ္ဓါကို
အာရံပြုကာ ပီတိကို ယူတယ်။ ပစ္စေကဗုဒ္ဓါတွေ
မြင်ကွင်းက ကွယ်ပျောက်သွားတဲ့အခါ
သူ့အလုပ်ကို သွားတယ်။တစ်သက်လုံး ဒါနကို
အဖန်ဖန် အောက်မေ့ကာ သေသွားတယ်။
အဲဒီဒါနရဲ့ အကျိုးကြောင့် ဗာရာဏသီမင်းရဲ့
မိဖုရားခေါင်ကြီး ဝမ်းဗိုက်မှာ ဖြစ်တယ်။
ဗြဟ္မဒတ္တမင်းသားလို့ နာမည် မှည့်ကြတယ်။

မင်းသားဟာ သူ့ခြေထောက်နဲ့ သွားချိန်ကစပြီး
“ငါဟာ ဒီမြို့မှာပဲ အခစား အလုပ်သမားဖြစ်ကာ
အလုပ်ကိုသွားတဲ့အခါပစ္စေက ဗုဒ္ဓါတွေအား မုယောမုန့်ခဲ
(၄) ခုကို လှူခဲ့ပြီး အဲဒီအလှူရဲ့ အကျိုးကြောင့်
ဒီနေရာမှာဖြစ်တယ်”လို့ ကြည်လင်တဲ့မှန်ထဲက
မျက်နှာရိပ်လို ရှေးဘဝကပြုခဲ့သမျှ အားလုံးကို
ဇာတိဿရဉာဏ်(ရှေးဘဝကို အမှတ်ရ မှတ်မိတဲ့ဉာဏ်)
နဲ့ ထင်ထင်ရှားရှား မြင်ရတယ်။ ဘုရားလောင်းဟာ
အရွယ်ရောက်တဲ့အခါ တက္ကသိုလ်ကို သွားပြီး
အတတ်အားလုံးကို သင်ယူကာ ပြန်လာတယ်။
သင်ယူခဲ့တဲ့ အတတ်ကိုဖခင်အား ပြတယ်။
ဖခင်က သဘောကျ အားရပြီး အိမ်ရှေ့မင်းအရာမှာ
ထားတယ်။နောင်အခါ ဖခင်ကွယ်လွန်တော့
မင်းအဖြစ်မှာ တည်တယ်။

အဲဒီအခါသူ့ အတွက်ကောသလမင်းရဲ့ သမီးလှကို
ဆောင်ယူကာမိဖုရားခေါင်ကြီး ပြုလုပ်ကြတယ်။
ထီးတင် မင်္ဂလာပြုလုပ်တဲ့အခါ သူ့မြို့တစ်မြို့လုံးကို
နတ်မြို့လို တန်ဆာဆင်ကြတယ်။ ဘုရားလောင်းမင်းက
မြို့ကိုလက်ယာရစ်လှည့်လည်ပြီး တန်ဆာ ဆင်ထားတဲ့
ပြာသာဒ်ပေါ်တက်ကာ ပြာသာဒ်အပြင်ကြီးရဲ့ အလယ်မှာ
စိုက်ထူထားတဲ့ ထီးဖြူရှိတဲ့ ပလ္လင်ပေါ် တက်ကာ
ထိုင်တယ်။
ဝိုင်းရံပြီး တည်နေတဲ့ တစ်ဖက်က အမတ်တွေ၊
တစ်ဖက်က စည်းစိမ်အမျိုးမျိုး ရှိပြီး ကျက်သရေ
တင့်တယ် စံပယ်မှုတွေနဲ့ တောက်ပနေတဲ့ ပုဏ္ဏား၊
သူကြွယ် စသူတွေ၊ တစ်ဖက်က လက်ဆောင်အမျိုးမျိုး
ယူလာကြတဲ့မြို့ကလူတွေ၊ တစ်ဖက်က တန်ဆာ
ဆင်ထားတဲ့ နတ်သမီးအပေါင်းနဲ့တူတဲ့ ကချေသည်
မိန်းမပေါင်း တစ်သောင်းခြောက်ထောင်။
အဲဒီ အလွန် ပျော်မွေ့ဖွယ် ကျက်သရေစည်းစိမ်ကို
ကြည့်ရင်းသူ့ရဲ့ရှေးကံကို အဖန်ဖန် အောက်မေ့မိတယ်။

“ဒီရွှေအစိုင်အခဲ၊ ရွှေပန်းကုံးပါတဲ့ ထီးဖြူ
ဒီဆင်ယာဉ်၊ မြင်းယာဉ်၊ ရထားယာဉ်ထောင်ပေါင်း
များစွာ၊ပတ္တမြား၊ ပုလဲ စတာတွေနဲ့ ပြည့်နေတဲ့
အနှစ်တိုက်ခန်းတွေ၊စပါးအမျိုးမျိုးတွေ ပြည့်နေတဲ့
မြေကြီး၊ နတ် သမီးတွေနဲ့ တူတဲ့ မိန်းမတွေ၊
ငါ့ရဲ့ဒီစည်းစိမ်အားလုံးဟာ အခြားရဲ့
ဥစ္စာ မဟုတ်။ ပစ္စေကဗုဒ္ဓါ (၄) ပါးအား ပေးလှူခဲ့တဲ့
မုယောမုန့်ခဲ (၄) ခုရဲ့ဥစ္စာပဲ။ ပစ္စေကဗုဒ္ဓါတွေကို
မှီပြီး ငါဟာ ဒီစည်းစိမ်ကို ရထားတယ်”
လို့ ပစ္စေကဗုဒ္ဓါတွေရဲ့ဂုဏ်ကို အဖန်ဖန် အောက်မေ့ပြီး၊
သူ့ကံ ကို ထင်ရှားအောင် လုပ်တယ်။
အဖန်ဖန် အောက်မေ့တဲ့ သူ့တစ်ကိုယ်လုံးဟာပီတိနဲ့
ပြည့်နေတယ်။
【ဇာတ်၊ ဋ္ဌ၊ တ၊ ၃၈၅】

ဘုရားလောင်းကပစ္စေကဗုဒ္ဓါတွေအား လှူပြီးတဲ့အခါ
“သဗ္ဗညုတ ဉာဏ်တော်ရဲ့ အထောက်အပံ့ ဖြစ်ပါစေ”
လို့ ဆုတောင်းပါတယ်။ ပစ္စေကဗုဒ္ဓါတွေက မုယောမုန့်ကို
ဘုဉ်းပေးပြီးတဲ့အခါ ဆုပေးပါတယ်။
ဘုရားလောင်းက ပစ္စေကဗုဒ္ဓါတွေအပေါ်
ကြည်ညိုသဒ္ဓါပွားကာ ပီတိတွေ ဝေဖြာနေပါတယ်။
ဘုရားလောင်းမှာ အလိုချင်ဆုံးအရာကာ
“သဗ္ဗညုတဉာဏ်တော်” ပဲဖြစ်ပါတယ်။
ဒါကြောင့် သူပြုသမျှ ကောင်းမှုအားလုံးဟာ
သဗ္ဗညုတဉာဏ်တော်ကိုရဖို့ပဲ ဖြစ်ပါတယ်။
ဘုရားလောင်း ဟာ ဆင်းရဲသားဘဝကနေ
ရှင်ဘုရင့်သားဘဝကို ရောက်ခဲ့ပါတယ်။
ပစ္စေက ဗုဒ္ဓါ (၄) ပါးအား မုယောမုန့်ခဲ (၄) ခုကို
လှူခဲ့တဲ့ကောင်းမှုရဲ့ အစွမ်းကြောင့် ဖြစ်ပါတယ်။

ဘုရားလောင်းဟာ ရှင်ဘုရင့်သားဘဝကို ရောက်တဲ့အခါ
သူ့ရဲ့ ရှေးဘဝက အခြေအနေတွေကို ပြန်လည်
အမှတ်ရနေပါတယ်။ မှတ်မိ နေပါတယ်။
ဇာတိဿရဉာဏ်ကို ရနေပါတယ်။ လူဝင်စားလို့
အခေါ်ခံရတဲ့ ပုဂ္ဂိုလ်တွေဟာ ဇာတိဿရဉာဏ်ကို
ရကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါ တယ်။ လူဝင်စားဆိုတဲ့
ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ရှေးရှေးဘဝတွေက
အခြေအနေတွေကို ပြောပြတတ်ကြပါတယ်။
ဘုရားလောင်းဟာ ရှင်ဘုရင် ဖြစ်လာတဲ့အခါ
သူ့ရဲ့ ကြီးကျယ်လှတဲ့ စည်းစိမ်ကြီးနဲ့
မကြီးကျယ်ခဲ့တဲ့အလှူကို နှိုင်းယှဉ်ကြည့်နေပါတယ်။
အကြောင်းကံက မကြီးကျယ်ပေမယ့် အကျိုးက
ကြီးကျယ်လွန်းနေလို့ အံ့ဩဝမ်းသာဖြစ်နေပါတယ်။

ဘုရားလောင်း ရှင်ဘုရင်ဟာ ကြီးကျယ်လှတဲ့ စည်းစိမ်ကို
ကြည့်ပြီး ပစ္စေကဗုဒ္ဓါတွေရဲ့ ဂုဏ်ကို အကြိမ်ကြိမ်
အောက်မေ့ကာ ပီတိတွေဝေခဲ့ပါတယ်။
အလှူလှူကြတဲ့အခါ လှူဖွယ်က နည်းနည်း၊
များများ ကောင်းကောင်း၊ မကောင်းကောင်း
စိတ်ကို ကြည်လင်စေရပါတယ်။ အလှူခံတွေရဲ့
ဂုဏ်ကို ဆင်ခြင်ရပါတယ်။ စေတနာသုံးတန်
သန့်စင်ရပါတယ်။အကျိုးကို ယုံကြည်ရပါတယ်။
အဲဒီအနေအထားနဲ့ အလှူခံပုဂ္ဂိုလ်ကောင်းမှာ
လှူရရင် ကြီးကျယ်တဲ့
အကျိုးကို ရရတော့တာပါပဲ။

၁။ဂုဏ်ရှိလှူခံ၊ဂုဏ်တန်တန်၊ဧကန်ဆင်ခြင်ရပါသည်။
၂။ စိတ်ကြည်လင်ကာ၊ စေတနာ၊ သုံးဖြာ သန့်ရသည်။
၃။ အလှူအကျိုး၊ ဖြစ်ပေါ်ရိုး၊မျှော်ကိုး ယုံကြည်သည်။
၄။ ထိုသို့ ဖြစ်လျှင်၊ ကျိုးပေးအင်၊လွန်ပင် ကြီးမားသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်