သုဘလုလင်အမေး၁။လူချင်းတူပါလျက်အချို ့မှာ အသက်တိုပြီး၂။အချို့မှာအသက်ရှည်ရသနည်း။

မြတ်ဗုဒ္ဓအဖြေ၁။ အချို့မှာအသက်တိုရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် သတ္တဝါတို့ကိုသနားကြင်နာခြင်းကင်းမဲ့လျက် သူတစ်ပါးအသက်ကိုရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ထိုသူတို့သည်သေသောအခါ ငရဲသို့ကျရောက်ရသည်။ရှေးကုသိုလ်ကံတစ်ခုခု ထောက်မမှုကြောင့်လူ့ပြည်သို့ရောက်ပြန်လျှင်လည်း ကြာရှည်စွာနေခွင့်မရ၊အသက်တိုလေ့ရှိသည်။

၂။အချို့မှာအသက်ရှည်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်သတ္တဝါတို့ကို သနားကြင်နာခြင်းဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှရှောင်ကြဉ်ကြသည်။ ထိုသူတို့သည်သေသောအခါနတ်ပြည်သို့ ရောက်ကြသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသက်ရှည်စွာ နေရသည်။

......................................................................

သုဘလုလင်အမေး၃။လူချင်းတူပါလျက်အချို့မှာ အနာရောဂါများပြီး၄။အချို ့မှာ အနာရောဂါကင်းရသနည်း။

မြတ်ဗုဒ္ဓအဖြေ၃။အချို့မှာအနာရောဂါများရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ထူပြောလေ့ရှိသည်။

၄။အချို့မှာအနာရောဂါကင်းရှင်းရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ကင်းရှင်းကြပေသည်။ .........................................................

သုဘလုလင်အမေး၅။လူချင်းတူပါလျက်အချို့မှာ ရုပ်ဆိုးပြီး၆။အချို့မှာအဆင်းလှပါသနည်း။

မြတ်ဗုဒ္ဓအဖြေ၅။အချို့မှာရုပ်ဆိုးရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သောစကားကို ပြောလျှင်လည်းသူတစ်ပါးကိုစော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းမျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။

၆။အချို့မှာအဆင်းလှရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ဒေါသမထွက်၊သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊စိတ်ထားနူးညံ့သိမ်မွေ့သူများ ဖြစ်သည်။ထိုသူတို့သေသောအခါနတ်ပြည်သို့ ရောက်ရသည်။လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသောရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။ ..........................................သုဘလုလင်အမေး

၇။လူချင်းတူပါလျက်အချို့မှာအခြွေအရံတန်ခိုး အာဏာနည်းပါးပြီး၈။အချို့မှာ အခြွေအရံတန်ခိုးအာဏာကြီးမားရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ

၇။အချို့မှာအခြွေအရံတန်ခိုးအာဏာနည်းပါးရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားအားကြီးကြသည်။ ထိုသူတို့သေသာအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်းအခြွေအရံ တန်ခိုးအာဏာနည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ်-သူတစ်ပါးတို့သည်ကံ,ဉာဏ်, ၀ိရိယအားလျော်စွာစည်းစိမ်၊ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ်ကြီးမားခြင်း၊ထင်ရှားကျော်စောခြင်း၊ တတ်သိလိမ္မာခြင်းတို့ကိုမနာလိုမှု၊မကြည်ဖြူနို်င်မှု၊ စောင်းမြောင်းမှု၊ငြူစူမှုစသည်တို့ကိုနှုတ်ခမ်းစူ၍ ပြောဆိုမှုများသညအတွင်းကဣသာတရား၏ အစွမ်းပင်ဖြစ်သည်။

၈။အချို့မှာအခြွေအရံတန်ခိုးအာဏာကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားမရှိ၏ကြပေ။ ထိုသူတို့သေသာအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာများပြားရလေသည်။ .................................................. သုဘလုလင်အမေး၉။လူချင်းတူပါလျက်အချို့မှာ ဥစ္စာမဲ့မွဲဆင်းရဲရပြီး၁၀။အချို့မှာဥစ္စပစ္စည်းကုံလုံ ကြွယ်ဝရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ

၉။အချို့မှာဥစ္စာမဲ့မွဲဆင်းရဲရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊မစ္ဆေရ(ဝန်တိုခြင်း)တရား အလွန်အားကြီးကြကုန်၏။ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏။မစ္ဆေရ၏အဓိပ္ပါယ်-မိမိ၌ရှိသောပစ္စည်း၊မိမိနှင့်ဆိုင်သောပစ္စည်းများကို သူတစ်ပါးတို့နှငမပတ်သက်မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊မိမိ၏စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာစိုးရိမ်ခြင်းတိို့ကိုမစ္ဆေရ ဟုခေါ်သည်။

၁၀။အချို့မှာဥစ္စာပြည့်စုံကုံလုံကြွယ်ဝခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိခြင်း၊မစ္ဆေရ (ဝန်တိုခြင်း)တရားမရှိကြကုန်။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်းနှင့်ပြည့်စုံကြကုန်၏။ ........................................................................... .

သုဘလုလင်အမေး၁၁။လူချင်းတူပါလျက်အချို့မှာ အမျိုးယုတ်ရပြီး၁၂။အချို့မှာအမျိုးမြတ်ရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ၁၁။အချို့မှာအမျိုးယုတ်ရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။သူတစ်ပါးကိုအလွန် အထင်အမြင်သေးကြကုန်၏။ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ရိုသေလေးစားထိုက်သော သူတို့ကိုရိုသေလေးစားရမှန်းမသိပေ။ထိုသူတို့ သေသာအခါငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအောက်ကျနောက်ကျပြီး ယုတ်ညံ့သောအမျိုးတွင်ဖြစ်ရလေသည်။

၁၂။အချို့မှာအမျိုးမြတ်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။သူတစ်ပါးကို အထင်အမြင်သေးခြင်းမရှိကြကုန်။ ရိုသေလေးစားထိုက်သောသူတို့ကို ရိုသေလေးစားကြကုန်၏။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းမြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။ ....................................................................... သုဘလုလင်အမေး၁၃။လူချင်းတူပါလျက်အချို့မှာ အသိဉာဏ်ပညာနည်းပါးပြီး၁၄။အချို့မှာ အသိဉာဏ်ပညာကြီးမားရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ၁၃။အချို့မှာအသိပညာဉာဏ် နည်းပါးရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာဝယ်အကျိုးပေးမပေးကိုလည်းကောင်း မေးမြန်းလေ့မရှိ။မိမိထင်ရာမြင်ရာပြုလုပ်ပြီး ဒုစရိုက်များဖြငသေလွန်သည့်အခါငရဲ၌ ဖြစ်ရလေသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသိပညာကင်းမဲ့သော လူဖျင်း၊လူညံ့၊လူအ၊လူမို်က်ဖြစ်ရလေသည်။

၁၄။အချို့မှာအသိပညာဉာဏ်ကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာဝယ်အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲသုစရိုက်များဖြင့်သေလွန်သည့်အခါ နတ်ပြည်၌ဖြစ်ရလေသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းအသိပညာဉာဏ်ကြိးမ ားရလေသည်။

(ဥပရိပဏ္ဏာသပါဋ္ဌိတော်၊၀ိဘင်္ဂဝဂ်၊စူဋ္ဌကမ္မ ၀ိဘင်္ဂသုတ်)