လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊
“နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေက
ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။
နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။
ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်။
နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊
ငှက်ပျောသီးဆိုလည်း အဖီးလိုက်။

ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။
(သာယာချင်တယ်။)
သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။
ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။
အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊
တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊
စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။
လုပ်ငန်း၊ကိုင်ငန်း စီးပွါးရေးတွေလည်း
အဆင်ပြေမှာ မဟုတ်တော့ဘူး။

ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။
ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊
သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်း
အေးနေအောင်ထားမယ် ဆိုရင်
အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊
အစစအရာရာ အဆင်ပြေမှာပါ။

သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။
“နှစ်ခါ”။
နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။
ကဲ . . . ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။
“ဆယ်ခါ”။
တော်တော်တရားတယ်။
ဘုရားကျတော့ ရေငတ် ထားတယ်။
ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။

အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို
သောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင်
ပိုကောင်းတယ်နော်။
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ
“မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ”
တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေး
လဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။

ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ
ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်၊ ကိုယ်သောက်မယ့်ခွက်ကို
လက်ကလေးနဲ့ ကိုင်ထားပြီးတော့
“မြတ်စွာဘုရားရှင်အား သောက်တော်ရေ
လှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့
မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။
ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့
ကပ်လိုက်ရုံပါပဲ။ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။

ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။
ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကို
သောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။
အရက်သမား၊ဘီယာသမား တချို့တောင်
အရက်သောက်ခါနီး၊ဘီယာသောက်ခါနီး ကိုယ်သောက်မယ့်
အရက်ပုလင်း၊ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကို
ပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊
အာရုံပြုကြသေးတယ်မဟုတ်လား။
ကိုကြီးကျော် တပည့်တွေထက်၊
ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။
ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။
နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊
မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။
မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။
သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့
အချိန်လို့ သဘောထားပေါ့။

သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ
“ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့
တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့
စွန့်ပြီး စားပေါ့နော်။ မြတ်စွာဘုရားရှင်က တန်ခိုးနဲ့
ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။

ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။
အဲဒီတော့ ဘုရားကပ်ပြီးတော့
စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။
နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။
အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။
သောက်တော် ရေချမ်းမနွေးပါစေနဲ့။
ဒါ အရေးကြီးပါတယ်။။

-【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】
(“ငါ့ကိုမချစ်ပါနဲ့” ကူးယူပူဇော်ပါသည်။)