ပိပ္ပလိမထေရ်သည် ဘဒ္ဒကာပိလာနီနှင့်လမ်းခွဲ၍ တစ်ပါးတည်း ကြွလှမ်းခဲ့၏။နှစ်ဦးသား လမ်းခွဲစ ဉ်က မဟာပထဝီ၏ ပဲ့တင်ထပ်မျှ မြည်ဟီးကာ တုန်လှုပ်ခြင်းကြောင့် ရှဉ့်နက်တို့ အား အစာကျွေးရာ ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသော မြတ်ဗုဒ္ဓသည် ယင်း၏အကြောင်းကို သိရှိရန် ဆင်ခြင်တော်မူ၏။

မရေတွက်နိုင်သော စည်းစိမ်ဥစ္စာတို့ကို စွန့်ပစ်၍ ကိုယ်တော်၏သာသနာတော်ထဲ ဝင်ရောက်လာသူ ထိုပုဂ္ဂိုလ်နှစ်ဦးအား ချီးမြှောက်မည်ဟူသောရည်ရွယ်ချက် ဖြင့် ကိုယ်တော်တိုင် သပိတ် သင်္ကန်းကိုယူဆောင်ကာ တစ်ပါးတည်း ြွကတော်မူလေ၏။

သုံးဂါဝုတ်မျှ ခရီးတိုင်အောင် ကြွ၍ ရာဇဂြိုဟ်မြို့ နှင့် နာလန္ဒမြို့၏အကြား ပင်စည်နှင့်ခက်မရင်းတို့ မြေသို့ ဖြာကျအောင် ပေါက်ရောက်နေသည့် မြစ်ပွား မြစ်ထောက်များစွာရှိသော ပညောင်ပင် အရင်း၌ ထက်ဝယ် ဖွဲ့ခွေနေတော်မူ၍ ပိပ္ပလိမထေရ်အား ဆီးကြိုတော်မူ၏။

ပိပ္ပလိမထေရ်အား ဆီးကြိုရာ၌ မထင်မရှားရဟန်းတစ်ပါးအသွင် မဟုတ်ဘဲ ရှေ့နောက် ထက်အောက် ဝဲယာသို့ အတောင် (၈၀) တိုင်အောင် အဆက်မပြတ် ပြိုးပြိုးပြက်သော ရောင်ခြည်တို့ဖြင့် ဗုဒ္ဓအသွင်ကို ထင်ရှားစွာ ဆောင်တော်မူ၏။ ထိုသို့ခြောက်ဖြာသောရောင်ခြည်တို့ဖြင့် ထက်ဝယ် ဖွဲ့ခွေ နေတော်မူသော မြတ်ဗုဒ္ဓအား မြင်သော ပိပ္ပလိ မထေရ်သည် ‘ဤအရှင်ကား သုံးလောက၌ အတုမရှိ သောဗုဒ္ဓပင် ဖြစ်တန်ရာ၏။

ငါကား ဤဗုဒ္ဓကို ရည်မှန်း ၍သာ ရဟန်းပြုခဲ့ပေ၏။ ငါသည် ဆရာဖြစ်သောဗုဒ္ဓ ကိုသာလျှင် ဖူးမြင်ရာ၏။ ဗုဒ္ဓမှတစ်ပါး ငါ၏ဆရာသည် အခြားသူ တစ်စုံတစ်ယောက်မျှပင် မဖြစ်နိုင်။ ငါသည် မှန်ကန်သော အကျင့်ကို ကျင့်ကြံခဲ့၍သာ သုဂတ မည် သော ဗုဒ္ဓကို ဖူးတွေ့ရ၏။

ဗုဒ္ဓမှတစ်ပါး အခြားသော တစ်စုံတစ်ယောက်သည် ငါ၏သုဂတမဖြစ်နိုင်။ ငါသည် မဖောက်မပြန် ကိုယ်တိုင် သစ္စာတရား ကိုသိမြင်တော်မူ သော သမ္မာသမ္ဗုဒ္ဓမည်သော ဗုဒ္ဓကိုဖူးတွေ့ရ၏။ ဗုဒ္ဓမှတစ်ပါး အခြားသော တစ်စုံတစ်ယောက်သည် ငါ၏ သမ္မာသမ္ဗုဒ္ဓမဖြစ်နိုင်’ဟုဆို၍ မြတ်ဗုဒ္ဓထံသို့ ချဉ်းကပ် လေ၏။

ဤသို့ မြတ်ဗုဒ္ဓအပေါ်၌ ယုံမှားသံသယ မဖြစ်ဘဲ စိတ်ချယုံကြည်စွာ ရွှင်ကြည်သောနှလုံးဖြင့် မြင်ရာအရပ် မှပင် ရိုကျိုးသောကိုယ်ကာယဖြင့် ချဉ်းကပ်ကာ - ‘သတ္ထာမေ ဘန္တေ ဘဂဝါ၊ သာဝကော ဟမသ္မိံ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင် မြတ်ဘုရားသည် တပည့်တော်၏ဆရာ ဖြစ်တော်မူပါ။ တပည့်တော်သည် အရှင်မြတ်ဘုရား၏တပည့်ဖြစ်ပါအံ့’ ဟု သုံးကြိမ် သုံးခါ လျှောက်ထားတောင်းပန်လေ၏။ မြတ်ဗုဒ္ဓသည် ငယ်မည်အားဖြင့် ပိပ္ပလိဟုထင်ရှား သိသော်လည်း မျိုးရိုးဂုဏ်ကို ပေါ်လွင်စိမ့်သောငှာ ‘ချစ်သားကဿပ’ဟု ခေါ်တော်မူ၏။

“ချစ်သားကဿပ၊ ချစ်သားလောက် မြင့်မြတ်စင်ကြယ်သောစိတ်ဓာတ်နှင့် ပြည့်စုံသူ တပည့် တစ်ဦးကို တစ်စုံတစ်ယောက်သော ဆရာတစ်ဦးသည် သိစရာ အားလုံးတို့ကို မသိမြင်ပါဘဲ ငါသိမြင်ပြီး၏ဟု ပြောဆို ကာ ချစ်သား၏ရိုသေလေးစားမှုကို ခံယူကာ သာယာ ငြားအံ့။

ထိုသူ၏ဦးခေါင်းသည် လည်မှပျက်ကျ၍ ခုနစ်စိတ်သော်လည်း ကွဲရာ၏။ ဤအတူ ငါဘုရား၌ပြုသော ရိုသေလေးစားမှုကို မဟာပထဝီအား ပြုမိငြားအံ့။ ထိုမဟာပထဝီ သည်လည်း ချစ်သား၏ရိုသေလေးစားမှုကို ခံယူနိုင်စွမ်းမရှိ။ ပထဝီ သည် မတည်မြဲနိုင်ပေ။

ယူဇနာပေါင်း နှစ်သိန်း လေးသောင်း မြေအထုသည် ထောင်းထောင်းကွဲအက်၍ အမှုန့်မှုန့် အညက်ညက် ပြိုပျက်ရာ၏။ သီလ၊ သမာဓိ၊ ပညာအရာ၌ တုနှိုင်း၍ မရသော ငါဘုရားအားသာလျှင် သင်ချစ်သား၏ရိုသေမှုကို ခံယူ ခြင်းဖြင့် အန္တရာယ်မဖြစ်နိုင်။ ငါဘုရားသည်ကား သိမြင်စရာ ဟူသမျှကို သိမြင်ပြီးဖြစ်သည်။ ချစ်သား ကဿပ၊ ထိုင်ပေလော့။ သင့်အား ငါ ဘုရား၏အမွေကို ပေးအံ့။

သင်သည် ငါဘုရား၏ဝါဒ ကိုလိုက်နာပြုကျင့်ပါလော့။ ထေရနဝမဇ္ဈိမ(ရဟန်းငယ်၊ ရဟန်းလတ်၊ရဟန်းကြီး)ဖြစ်သော ရဟန်း ဟူသမျှတို့၌ တည်သည့် ထုထည်ကြီးမား မြင့်မြတ်လှသော အရှက် အကြောက်ဟူသော ဟိရီဩတ္တပ္ပ လောကပါလတရား နှစ်ပါးကို တည်စေမည်။ ပြုကျင့်ရမည်။

ကုသိုလ်နှင့်စပ်သော တရားဟူသမျှကို နာကြားရမည်။ ထိုကုသိုလ် အကုသိုလ်ကို လိုလားသောအားဖြင့် ဤတရား သည်ကား ငါ၏ဥစ္စာအကျိုးသာတည်း။ စိတ် ၌ သွင်းထား၍ အနည်းငယ်မျှ ပြင်ပသို့ မထွက်စေဘဲ ကောင်းစွာ အထပ်ထပ်ဆောင်သောစိတ်ဖြင့် ငါဘုရား ဟောကြားသောတရားကို အာရုံစူးစိုက်၍ နာယူလော့။

အသုဘ၊ အာနာပါနတို့၌ ပထမဈာန်အလိုအား ဖြင့် သုခနှင့်ယှဉ်သော ကာယဂတာသတိကို မစွန့်အံ့ ဟု ပြုကျင့်ရမည်။ ချစ်သားကဿပ ငါဘုရား၏ ဤ သုံးဝသော ဩဝါဒကို လိုက်နာကျင့်သုံးပါလော့” ဤတွင် ရှင်မဟာကဿပမထေရ်သည် မြတ်ဗုဒ္ဓ ၏သုံးပါးသောဩဝါဒကိုခံယူတော်မူ၍ ရှင်ရဟန်း အဖြစ် ထမြောက် အောင်မြင်ခဲ့ပေ၏။ မြတ်ဗုဒ္ဓသည် မထေရ် မြတ်အား သုံးပါးသောဩဝါဒဖြင့် ဆုံးမ၍ ရဟန်းအဖြစ်ကို ပေးတော်မူပြီးသော် ပညောင်ပင်အရင်းမှထွက်ခွာ တော်မူ၏။ ယင်းသို့ ထွက်ခွာရာ၌ မထေရ်မြတ်အား ပစ္ဆာသမဏ(နောက်ပါရဟန်း)ပြု၍ ကြွတော်မူ၏။

သုံးဂါဝုတ်မျှ ခရီးရောက်သောအခါ တစ်ခုသော သစ်ပင်ရိပ်သို့ဝင်၍ ခေတ္တနားလိုသည့်ဟန်ကို ပြတော် မူ၏။ မထေရ်မြတ်လည်း မိမိပခုံးထက်၌ ပါလာသော အသပြာတစ်ထောင်ထိုက်သည့် ဒုကုဋ်သင်္ကန်းကို လေး ခေါက်ပြု၍ ခင်းပေးတော်မူ၏။

မထေရ်မြတ် ခင်းပေးအပ်သော ဒုကုဋ်သင်္ကန်းပေါ်၌ ထိုင်ပြီးသော် လက်တော် ဖြင့် သင်္ကန်းစွန်းကို သုံးသပ်၍ မိန့်တော်မူ၏။ “ချစ်သား ကဿပ၊ သင်၏ ဒုကုဋ်သင်္ကန်းသည် နူးညံ့လှပေစွ” မထေရ်မြတ်လည်း ‘မြတ်စွာဘုရားသည် ငါ၏ ဒုကုဋ်သင်္ကန်း နူးညံ့ခြင်းကို ချီးကျူးတော်မူ၏။ ဝတ်ရုံ တော်မူလိုသည်ဖြစ်အံ့’ဟု ကြံ၍ “မြတ်စွာဘုရား၊ တပည့်တော်၏ဒုကုဋ်သင်္ကန်းကို ဝတ်ရုံတော်မူပါ”ဟု လျှောက်ထား၏။

“ချစ်သားကဿပ၊ ငါဘုရားအား လှူဒါန်းလိုက်သည်ရှိသော် သင့်အတွက် အဘယ်ဒုကုဋ် သင်္ကန်းကို ဝတ်ရုံမည်နည်း” “အရှင်ဘုရား၏သင်္ကန်းတော်ကို ရလျှင် ဝတ်ရုံပါမည်” မြတ်ဗုဒ္ဓသည်လည်း ကိုယ်တော်၏ပခုံးထက်၌ ပါလာသော ဒုကုဋ်သင်္ကန်းကိုပြတော်မူလျက် - “ချစ်သား၊ ငါဘုရား သုံးဆောင်ဝတ်ရုံထားသဖြင့် ဟောင်းနွမ်းနေပြီဖြစ်သော ဤ ဒုကုဋ်သင်္ကန်းကို ဝတ်ရုံ နိုင်ပါမည်လော။

ဤသင်္ကန်းသည် ပုဏ္ဏာမည်သော ကျွန်မ၏အလောင်းကို ထုတ်၍ စွန့်ပစ်ထားရာ သုသာန်သို့ ဝင်ရောက်ကာ တစ်ပြည်မျှလောက်သော ပိုးလောက် ပိုးရွတို့ကို ခါထုတ်၍ မြတ်သောအရိယာတို့၏ အကျင့်၌ တည်ကာ ပံ့သကူအဖြစ် ကောက်ယူခဲ့၏။

ဤသင်္ကန်း ကို ကောက်ယူသည့်နေ့၌ပင် မဟာပထဝီမြေကြီးသည် မြည်ဟီး တုန်လှုပ်ခဲ့ပေ၏။ ကောင်းကင် အာကာဝဠာ သည်လည်း မိုးထစ်ချုန်းသံဖြင့် ဟိန်းဟိန်းညံခဲ့ပေ၏။ စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည်လည်း ကောင်းချီးဩဘာပြုကာ သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ ကြပေ၏။

ငါဘုရား၏ သင်္ကန်းကို ခံယူသော ရဟန်းသည် သာမညမျှ သီလ သမာဓိ ရှိရုံနှင့် မထိုက်တန်။ ဇာတိ ပံသုကူလိက (ရဟန်းပြုသည်မှစ၍ ပံ့သကူသင်္ကန်း ဆောင်သူ)၊ ဇာတိအရညိက (ရဟန်းပြုသည်မှ စ၍ တော၌နေသူ)၊ ဇာတိဧကာသနိက (ရဟန်း ပြုသည်မှ စ၍ တစ်နေရာတည်း၌ စားသုံးသူ)၊ ဇာတိသပဒါန စာရိက(ရဟန်းပြုသည်မှစ၍ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်သူ)ဟူသောဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်းသည်သာလျှင် ငါ၏သင်္ကန်းကို ခံယူထိုက်၏။

ချစ်သား၊ ငါ၏သင်္ကန်းနှင့် ထိုက်တန်အောင် ကျင့်ဆောင် နိုင်ပါမည်လော” “အရှင်ဘုရားမိန့်တော်မူသည့်အတိုင်း ကျင့်ကြံပါမည်” ရှင်မဟာကဿပမထေရ်ကား အလွန်တရာမှ ပြု နိုင်ခဲလှစွာသောအမှုကို မတွန့်မရွံ့ဘဲ မြတ်ဗုဒ္ဓအထံ၌ ကတိကဝတ်ပြုဘိ၏။ဤအမှု ဤအကျင့်သည် သာမန် ရဟန်းတော်များပင် ပြုနိုင်ကျင့်နိုင်ခဲလှ၏။

ဤမထေရ် မြတ်ကား ယင်းပြုနိုင်ခဲ ကျင့်နိုင်ခဲလှသည့်အမှုကို ကြီး လေးသောဝန်ဆောင်မှုတစ်ရပ်ပင် မထင်။ ဤသို့သော တာဝန်ကိုထမ်းဆောင်နိုင်ရန်အတွက် မြတ်ဗုဒ္ဓ၏ဒုကုဋ် သင်္ကန်းကို ခံယူနိုင်ရန်အတွက် ကမ္ဘာတစ်သိန်းပတ်လုံး ကျင့်ကြံခဲ့ရသည် မဟုတ်ပါလား။

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်၌ ရှင်မဟာနိသဘမထေရ်ကြီးကို အားကျ၍ ဆုတောင်းကာ ဖြည့် ကျင့်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဝိပဿီမြတ်စွာဘုရား လက်ထက်၌ ဧကသာဋကပုဏ္ဏားဘဝတွင် မိမိ၌ရှိသော ပုဆိုးတစ်ထည်ကို လှူဒါန်းခြင်းကြောင့် လည်းကောင်း၊ မဟာဗန္ဓုလမင်းကြီးမှ သူ့အတွက် ရည်ညွှန်း၍ ပေးသော အသပြာတစ်သိန်းထိုက်သည့် ကမ္ဗလာအား ဂန္ဓကုဋီတိုက် အတွင်းဝယ် တစ်ထည်ကို အခင်းပြု၊တစ်ထည်ကို ဗိတာန်မျက်နှာကျက်ပြုလျက် လှူဒါန်းခြင်း၏ အကျိုး တို့ကြောင့် ဤဘဝ၌ မြတ်ဗုဒ္ဓပေးသော တာဝန်ကို ထမ်းဆောင်နိုင်၍ ချီးမြှင့်သော ဒုကုဋ် သင်္ကန်းကို ခံယူနိုင် ခြင်းဖြစ်ပေ၏။

ထိုသို့ သုံးလောက၌ အထွတ်အမြတ်များ ဖြစ်ကြသော မြတ်ဗုဒ္ဓနှင့် တပည့်သာဝကကြီးတို့ သင်္ကန်း လဲလှယ်ခြင်းအမှုကိုပြုရာ၌ မဟာပထဝီသည် ပဲ့တင်ထပ်မျှ မြည်ဟီးတုန်လှုပ်ခြင်းကို ပြုလေပြန်၏။

မြတ်ဗုဒ္ဓသည် တပည့်သာဝကကြီးနှင့် သင်္ကန်း းလဲလှယ်ခြင်းအမှု၌ ရှေးဘုရားရှင်တို့ပင် မပြုခဲ့ဖူးသော ပြုမူခြင်းတစ်ရပ် ဖြစ်ပါ၏။

ဤ မထေရ်မြတ်ကြီးသည်ကား မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဒုကုဋ်သင်္ကန်းကို ချီးမြှောက်ခြင်း ခံရသည်မှာ ထူးခြားမြင့်မြတ်သောကြောင့်သာ ဖြစ်၏။

သျှင်တေဇမာလာ(နဂါးပေါ်