ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသော
အမျိုးကောင်းသား၊အမျိုးကောင်း
သမီး သူတော်စင်များအနေဖြင့်
၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။
၂။ပဋ္ဌာန်းတရားကို ပထမဦးဆုံး ဆင်ခြင်သည့်နေရာ
၃။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန်
၄။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သောနေရာ
၅။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ်
၆။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက်
၇။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရက်ပေါင်း
၈။ပဋ္ဌာန်းတရားကို ပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ်
၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
၁၀။ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော
အကျိုးတရားများ၊ဤဆယ်ချက်ကို
အကျဉ်းချုပ်သိထားဖို့လိုပါတယ်။

၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲဆိုရင်
●●●●●●●●●●●●●●●

ပဋ္ဌာန်းဆိုတဲ့ ဝေါဟာရသည် ပဋ္ဌာန ဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။
ပဋ္ဌာန=အမျိုးမျိုးသော အကြောင်း
ပဋ္ဌာန=ဝေဖန်ခြင်း
ပဋ္ဌာန=ကျက်စားသွားလာရာသို့ ဆိုပြီး
အနက်သုံးမျိုးထွက်ပါတယ်။ထို့ကြောင့်
(က)။အကြောင်းအမျိုးမျိုးကိုဟောတတ်သော
ကြောင့် ပဋ္ဌာန်း။
(ခ)။ကုသိုလ်စသော တရားတို့ကို (၂၄)ပစ္စည်းတို့ဖြင့်
ဝေဖန်ထားသောကြောင့် ပဋ္ဌာန်း။
(ဂ)။သဗ္ဗညုတဉာဏ်၏လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်သောကြောင့်
ပဋ္ဌာန်းဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၂)။ပထမဆုံး ဆင်ခြင်သည့်နေရာ
●●●●●●●●●●●●●

ပဋ္ဌာန်းတရားကို မြတ်စွာဘုရား ဘယ်နေရာမှာ
ပထမဦးဆုံး စတင်ဆင်ခြင်ခဲ့သလဲလို့ဆိုတော့
မြတ်စွာဘုရားရှင်သည်
မဟာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ
ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်
(၂၁)ရက်အလွန် (၂၂)ရက်မှစ၍ ရတနာဃရ
စတုတ္ထသတ္တာဟ၌ စံနေတော်မူခိုက်
အဘိဓမ္မာ(၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူပါတယ်။

ရှေ့ခြောက်ကျမ်းကို သုံးသပ်တော်မူပြီးသည့်အထိ
ရောင်ခြည်တော် ခြောက်သွယ် မထွက်ပေါ်မကွန့်မြူးသေးပဲ၊ပဋ္ဌာန်းဒေသနာ
တော်ကြီးကို သုံးသပ်ဆင်ခြင်တဲ့ အခါမှသာ ရောင်ခြည်ေတော်ခြောက်သွယ် ထွက်ပေါ်တော်မူလာတာပါ။(ဥပမာ)ကြီးမားတဲ့ငါးကြီးတွေဟာ ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်မှာလှုပ်ရှားခွင့်မရဘဲ မဟာသမုဒ္ဒရာကြီးထဲမှာသာ စိတ်ကြိုက်မြူးတူးလှုပ်ရှားခွင့်ရသလို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးသည်လည်း
ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်သော အခါမှသာ ရောင်ခြည်တော်များ
ထွက်ပေါ်ကွန့်မြူးသည်ထိ
ကျက်စားနိုင်ခဲ့ပါတယ်။

ဒါကြောင့် နေအထောင် လအသောင်းနဲ့နှိုင်းစာလို့မရအောင် ဂုဏ်ရောင်ဆောင်တဲ့ ရောင်ခြည်တော်ခြောက်သွယ်ကို ထွက်ပေါ်စေတာဟာဖြင့် ဤပဋ္ဌာန်းတရားတော်ကြီး၏ ထူးခြားချက်ပဲဖြစ်ပါတယ်။

ဒီပဋ္ဌာန်း တရားတော်ကြီးကို စတုတ္ထသတ္တာဟ ရတနာဃရ
စံအိမ်တော်မှာ စတင်ဆင်ခြင်ခဲ့တယ်လို့ မှတ်သားထားရပါမယ်။
ယနေ့ ဗုဒ္ဓဘာသာဝင်တို့ တလူလူလွှင့်ထူနေကြတဲ့
သာသနာ့အလံတော်ဟာ ရောင်ခြည်တော်ခြောက်သွယ်ကို အမှတ်အသားပြုထားတဲ့ အလံတော်ဖြစ်ပါတယ်။ဒီသာသနာ့အလံတော်ကိုမြင်တိုင်း ဒီသာသနာ့အလံတော်ကို
အသုံးပြုတိုင်း ပဋ္ဌာန်း တရားတော်ကြီးကို
သတိရနေကြရမှာဖြစ်ပါတယ်။

၃။ဟောကြားခဲ့သောအချိန်
●●●●●●●●●●

ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်အချိန်မှာ
ဘယ်ကာလမှာ ဟောခဲ့ပါသလဲဆိုတော့ မြတ်စွာဘုရားရှင် ၆-ဝါ အလွန်၊
(၇)ဝါအရောက် သက်တော်(၄၂)နှစ်အရွယ်မှာ
ဟောကြားခဲ့တယ်လို့မှတ်သားနိုင်ပါတယ်။

၄။ဟောကြားခဲ့သောနေရာ
●●●●●●●●●●

ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်နေရာမှာဟောခဲ့ပါသလဲဆိုရင် မြတ်စွာဘုရားရှင်ဟာ တာဝတိ ံသာနတ်ပြည် ပင်လယ်ကသစ်ပင်အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်မှာ
ဟောခဲ့ပါတယ်။

၅။ဟောကြားခဲ့သော ပုဂ္ဂိုလ်
●●●●●●●●●●●

ပဋ္ဌာန်းဒေသနာတော်ကြီးကို ဘယ်သူတွေဟောခဲ့သလဲလို့
ဆိုတော့ မြတ်စွာဘုရားရှင်ဟာ နတ်ဗြဟ္မာတို့ကိုဟောကြားခဲ့တယ်လို့သိနိုင်ပါတယ်။

၆။ဟောကြားခဲ့သော ရည်ရွယ်ချက်
●●●●●●●●●●●●●

ပဋ္ဌာန်းတရားတော်ကြီးကို ဘာရည်ရွယ်ချက်နဲ့
ဟောကြားခဲ့ပါသလဲလို့ ဆိုရင် မြတ်စွာဘုရားရှင်ဟာ
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို
အကြောင်းပြု၍ နိုးဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။

၇။ဟောကြားခဲ့သော ရက်ပေါင်း
●●●●●●●●●●●●●

ပဋ္ဌာန်းကျမ်းကို ရက်ပေါင်းမည်မျှကြာအောင်
ဟောခဲ့သလဲလို့ဆိုတော့ ရက်အတိအကျမဟုတ်သော်လည်း ခန့်မှန်းတွက်ချက်ကြည့်ချက်အရ
အဘိဓမ္မာ(၇)ကျမ်းကို
တာဝတိံသာနတ်ပြည်မှာ ရက်ပေါင်း(၉၀)၊(၃)လကြာအောင်ဟောကြား
တော်မူရာ ဓမ္မသင်္ဂဏီ(၁၂)ရက်၊
ဝိဘင်း(၁၂)ရက်၊
ဓာတုကထာ(၆)ရက်၊၊
ပုဂ္ဂလပညတ္တိ(၇)ရက်၊
ကထာဝတ္ထု(၈)ရက်၊
ယမိုက်(၂၀)ရက်၊
ပဋ္ဌာန်းကျမ်း(၂၅)ရက် အသီးသီးဟောခဲ့တယ်လို့ အဆိုရှိပါတယ်။

၈။ပဋ္ဌာန်းတရား ပြန့်ပွားအောင် ဖြန့်ဖြူးပေးခဲ့သော ပုဂ္ဂိုလ်
●●●●●●●●●●●●●

ပဋ္ဌာန်းတရား ပြန့်ပွားအောင်မည်သူက စတင်ဖြန့်ဖြူးခဲ့ပါသလဲဆိုတော့
ပဋ္ဌာန်းတရားကို မြတ်စွာဘုရားရှင်က
တာဝတိံသာနတ်ပြည်မှာ နတ်ဗြဟ္မာတို့ကို အကျယ်အားဖြင့်ဟောတော်မူခဲ့ပါတယ်။

အရှင်သာရိပုတ္တရာကိုဟောတော်မူတဲ့အခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားပြီးရင် ပညာအကြီးဆုံး အဂ္ဂသာဝကကြီးဖြစ်တော်မူလို့ အကျဉ်းနည်းနဲ့ဟောတော်မူတာပါ။
ထိုမှတစ်ဆင့် အရှင်သာရိပုတ္တရာက လင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်သင်ကြားပို့ချဟော
တော်မူခဲ့ပါတယ်။
ဒါကြောင့်ပဋ္ဌာန်းတရားတော်ကြီးကို ယနေ့ရဟန်း ရှင်လူတို့ နာယူ သင်ကြားပို့ချနေနိုင်ခြင်းမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏
ကျေးဇူးကြောင့်ဆိုတာ သိထားရပါမယ်။
ပဋ္ဌာန်းတရားပြန့်ပွားအောင် အရှင်သာရိပုတ္တရာက စတင်ဖြန့်ဖြူးခဲ့တယ်လို့အသိမှတ်ပြုရမှာ
ဖြစ်ပါတယ်။

၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
●●●●●●●●●●●

ပဋ္ဌာန်းတရား ဘယ်ပုံကျယ်ဝန်းသလဲဆိုတဲ့ အချက်ကို ပြောကြည့်ရင်
ဒီကမ္ဘာလောကကြီးမှာ အကျယ်ဝန်းဆုံးဖြစ်တဲ့
အရာဌာနကြီး ၄ခုရှိပါတယ်။
အဲဒီ(၄)ခုကဘာလဲလို့ဆိုတော့
(၁)။သံသာရ သာဂရ=သံသရာပင်လယ်ကြီး။
(၂)။ဇလ သာဂရ=ရေပင်လယ်ကြီး။
(၃)။နယသာဂရ=နည်းပင်လယ်ခေါ်တဲ့ပဋ္ဌာန်းကျမ်းကြီး။
(၄)။ဉာဏသာဂရ=ဉာဏ်ပင်လယ်ကြီးလို့ခေါ်တဲ့ ဘုရားသခင်၏ သဗ္ဗညုတ ဉာဏ်တော်ကြီး။

ဒီသာဂရ (၄)မျိုးတို့တွင် ပဋ္ဌာန်းကျမ်းကြီးက
အလွန်ကျယ်ဝန်းလှတဲ့ နယသာဂရကြီးအဖြစ်
မှတ်တမ်းတင်ခြင်းခံရပါတယ်။ဒါကြောင့် အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးလို့ခေါ်ဆိုကြတာပါ။

ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းပုံကတော့ ပဋ္ဌာန်းပါဠိတော်သည် ဆဋ္ဌသံဂါယနာတင်ပါဠိတော်အုပ်ရေအားဖြင့် (၅)အုပ်ရှိပြီး စာမျက်နှာပေါင်း
(၂၆၄၀)တိတိရှိပါတယ်။
အသံမစဲ မနားတမ်းရွတ်ဖတ်သွားမယ်ဆိုရင် နာရီပေါင်း(၁၃၂)နာရီ
ရွတ်ဖတ်ရပါမယ်။ပေယျာလ(မြှုပ်ကွက်)တွေကိုဖော်ပြီးရွတ်မယ်ဆိုရင် တစ်သက်လုံးရွတ်ဖတ်လို့မကုန်နိုင်လောက်
အောင်များတယ်လို့ဆိုပါတယ်။
သာမန်သူလို ကိုယ်လို ပုဂ္ဂိုလ်မျိုးကို
မဆိုထားဘိ၊ဂါထာပေါင်း တစ်သောင်းငါးထောင်၊ပုဒ်ပေါင်းခြောက်
သောင်းကို ခဏချင်းသင်ယူနိုင်သော အရှင်အာနန္ဒာ၊မိုးသီးမိုးပေါက်ကိုပင်တစ်လုံး
ချင်းရေတွက်နိုင်သောအရှင်သာရိပုတ္တရာသော်မှ ဤပဋ္ဌာန်းဒေသနာတော်ကို မြတ်စွာဘုရားဟောသည့်အတိုင်း အပြည့်အစုံရွတ်ဆိုဖို့မလွယ်ကူပါ။

ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ပါဠိအနေအားဖြင့် အနန္တ အပရိမာဏ အဆုံးအပိုင်းခြားမရှိအောင် ကျယ်ဝန်းလှသောကျမ်းကြီးဖြစ်၍
ထိုကျမ်းကြီး၏ ပုဒ်အစဉ်နှင့်အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံတစ်စုံတစ်ယောက်က ဖွင့်ပြမည်ဟု ကြိုးစားခဲ့လျှင် အသက်သာကုန်ဖွယ်ရာရှိပါတယ်။ပဋ္ဌာန်းကျမ်း
ကြီးကတော့ ကုန်နိုင်မည်မဟုတ်ဟု ဥဒါန်းစကားပင်ရှိနေပါတယ်။
ဒါဖြင့်ရင် ဤမျှလောက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားရှင်(၂၅)ရက်အတွင်းပြီးစီးအောင်
ဟောတော်မူနိုင်ခြင်းနှင့်ပတ်သတ်ပြီး မြတ်စွာဘုရားစကားတော် လျင်မြန်ပုံအကြောင်းကိုသိထားရပါမည်။

(က)။ပကတိသာမန်လူသားများ စကားတစ်ခွန်းပြောတဲ့အချိန်မှာ အရှင်အာနန္ဒာက (၈)ခွန်းထိပြီးစီးအောင်ပြောနိုင်ပါတယ်။
(ခ)။အရှင်အာနန္ဒာက စကားတစ်ခွန်းပြောဆိုတဲ့အချိန်မှာ
မြတ်စွာဘုရားရှင်က (၁၆)ခွန်းထိပြောဆိုနိုင်ပါတယ်။
(ဂ)။ပကတိသာမန်လူတစ်ယောက်စကားတစ်
ခွန်းပြောဆိုချိန်မှာ မြတ်စွာဘုရားရှင်က (၁၂၈)ခွန်းပြီးအောင်ပြောဆိုနိုင်တာကြောင့် ဟောကြားနိုင်ခဲ့တယ်လို့သိရပါတယ်။မြတ်စွာဘုရားရှင်ဤမျှလောက်စကားတော်
လျင်မြန်ရခြင်းကလည်း ဘဝပေါင်းများစွာပါရမီတော်တွေကိုဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်တွေကြောင့်လည်းကောင်း၊သဗ္ဗညုတဉာဏ်တော်ကြောင့်လည်းကောင်းစတဲ့
အချက်တွေကြောင့် စကားတော်လျင်မြန်ရခြင်းအကြောင်း
တရားလေးပါးရှိပါတယ်။

၁။ဇိဝှါမုဒု=လျှာတော်၏ကျယ်ပြန့်ပါးလျနူးညံ့ခြင်း
၂။ဒန္တဝရဏံ သုဖုသိတံ=နှုတ်ခမ်းတော် စေ့စပ်ထိမိခြင်း။
၃။ဝစနံ အဂနိတံ=ပြောရာ ဟောရာ အခါ၌ လုံးကြွင်းလုံးကျ အထစ်အငေါ့မရှိခြင်း။
၄။ဘဝင်္ဂပရိသောလဟုကော=ဘဝင်စိတ်
အယဉ်လျင်မြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

၁၀။ ပဋ္ဌာန်းရွတ်ဆိုခြင်းကြောင့်ရနိုင်သောအကျိုးတရားများ
●●●●●●●●●●●●●
ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူခြင်း၏အကျိုးတရားများမှာ
(၁)။လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့
ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား ဝေဖန်တတ်သော
နာမရူပ ပရိစ္ဆေဒဉာဏ်ရင့်သန်စေခြင်းဟူသော
ပထမအကျိုးတရား။
(၂)။မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပ့ံကောင်း ဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။
(၃)။ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာအေးမြခြင်းဟူသော တတိယအကျိုးတရား။
(၄)။ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏ တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင်
ပြုလုပ်ရာရောက်လို့ ကုသိုလ်ထူးများ အကျိုးတရားထူးများ
ရနိုင်ပါတယ်။

အဘိဓမ္မာပြန့်ပွားရေးအသင်းများ၊
အဘိဓမ္မာစာမေးပွဲများ၊
အဘိဓမ္မာသင်တန်းများ၊ပဋ္ဌာန်းသင်တန်းများ၊
အသံမစဲပဋ္ဌာန်းပူဇော်ပွဲများကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲ
ဖြစ်ပါတယ်။ ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက်အောင် ပြန့်ပွားသည်ထက်ပြန့်ပွားအောင်အကုသိုလ်
စိတ်ကင်းရှင်းစွာဖြင့် စိတ်ဓာတ်ကို ကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ကြပါ။
နာယူကြပါ။
သင်ယူကြပါလို့နှိုးဆော်သမှုပြုလိုက်ရပါသည်။
●●●●●●●●●●●●●
ဒေါက်တာအရှင်ကောဝိဒါစာရ၏ ပဋ္ဌာန်းအကြောင်းစာအုပ်မှ
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ