နေပူပြစ်ကျဲကျဲထဲတွင် ဒေါသကို စိတ်ထဲ တင်းတင်းကြပ်ကြပ် ထည့်သွင်းထားပြီးမျက်နှာကို အကြောပြတ်လုမတတ် တင်းလျှက် ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်ရှိရာကျောင်းတော်သို့ ခြေလှမ်းကို ကျဲနိုင်သမျှ ကျဲကာ ခပ်မြန်မြန်လေး လျှောက်နေသည်။

သူ့ရင်ထဲတွင် ဤမနက် သူ့ဇနီး၏ အပြုအမူ ဝင်ရောက်လာသည်နှင့် တပြိုင်နက် သူကခြေလှမ်းကို ထပ်ဆင့် မြင့်တင် လိုက်သည်။ တော်တော်လေးကို ခံပြင်းစရာ
ကောင်းသည်။ သူ့ဇနီးသည် သူကိုးကွယ်သည့် ရဟန်းများကို နှင်ထုတ်ပြီး
ဘာမဟုတ်သည့် ဂေါတမ၏ တပည့်ရဟန်းတွေ ကိုကျတော့ ဆွမ်းကပ်လိုက်သည့် အပြင်တရားပါ နာယူလိုက် သေးသည်။ သူ အတော်လေး စိတ်တိုမိသည်။

အိမ်ရှင်မကိုးကွယ်သော ရဟန်းတွေရဲ့ ဆရာဂေါတမကို ဘာမှ မဟုတ်ဘူးဆိုတာ သူဇနီးသိသွားစေရမည်။ နှုတ်မှလည်း “ဂေါတမ သင်ဟာ ကျွန်ုပ်စကား ပရိယာယ်ထဲ
ချော်ဝင်ပြီး လူသတ်သမား အမည်ကို တွင်ကို တွင်သွား စေရမယ်” ဟု ရေရွတ်လျှက်ဘုရားရှင်ရှိရာသို့ တောက်လျှောက် ဝင်သွားလိုက်သည်။ ဘာကိုမှ မမြင်တော့။

“အို . . . ဂေါတမ၊ ဘာကို သတ်ရင် စိတ်ချမ်းသာမလဲ၊ ဘာကို သတ်ရင်
မစိုးရိမ် မကြောင့်ကြဘဲ နေရမလဲ၊ သင်က ဘာကို သတ်ရခြင်းကို နှစ်သက်သလဲ”

“ချစ်သား ဘာရဒွါဇ” ဘုရားရှင်က အလွန်ရဲရင့်သော အသံဖြင့် ဖြေလိုက်သည်။

“ဒေါသကို သတ်ရင် စိတ်ချမ်းသာပါတယ်၊ ဒေါသကို သတ်ရင် မစိုးရိမ် မကြောင့်ကြဘဲ
နေရပါတယ်၊ ငါ ဘုရားရှင်ဟာ ဒေါသကို သတ်ရခြင်းကို နှစ်သက်ပါတယ်”
ဘာရဒွါဇ ဆိုသော ပုဏ္ဏားမှာ ထိုနေရာ၌ပင် ဘုရားရှင်ကို အလွန် ကြည်ညိုသွား ပါတော့သည်။
မည်မျှအထိနည်း ဆိုရင် ချက်ချင်းပင် ရဟန်းဝတ်ခွင့် တောင်းသည်အထိ။

သို့သော် ထိုကိစ္စနဲ့ ပတ်သက်၍ စိတ်ဆိုး စိတ်တိုရသူ တစ်ယောက်ပေါ်လာသည်။ ထိုသူက ညီ
ဘာရဒွါဇ။ တိုက်ခိုက် စွပ်စွဲရန် ထွက်သွားသော သူ့ အစ်ကိုကို ဘုရားရှင်က
အလွယ်တကူ မြူဆွယ်နိုင် သွားသည်။
သူစိတ်တိုနေသော်လည်း သူ့အစ်ကိုလိုတော့ လုပ်၍ မဖြစ်။

ထို့ကြောင့် မနက် ဘုရားရှင်ဆွမ်းခံကြွလာသည်နှင့် တပြိုင်နက်
လမ်းတစ်လျှောက်လုံး လိုက်လံကာ ဆဲဆိုတော့သည်။ ဘုရားရှင်က ဘာမှ
မဖြစ်သည်ံပုံ။ ညီ ဘာရဒွါဇသည် ကြိတ်မနိုင် ခဲမရဖြစ်လာကာ ဘုရားရှင်ကို
တိုက်ရိုက်သွားမေး ရတော့သည်။ ဘုရားရှင်က အမေးကိုအမေးဖြင့် ဖြေတော်မူသည်။

“သင် သူတပါးကို ပစ္စည်း လက်ဆောင်တွေ ပေးဖူးပါသလား ချစ်သား ဘာရဒွါဇ”

“အို ပေးဖူးတာပေါ့”

“သူတပါးက သင်ပေးတဲ့ ပစ္စည်းကို မယူရင် သင်ဘာလုပ်ပစ်လဲ”

“ကိုယ်ပဲ ပြန်သိမ်းထားရတာပေါ့”

“ထို့အတူပဲ ဘာရဒွါဇ၊ သင်ပေးသော ဆဲရေးတိုင်းထွာမှုကို ငါ မယူ”
ဘုရားရှင် စကားကြောင့် ညီဘာရဒါွဇလည်း ဘုရားရှင်ကို ကြည်ညို သွားတော့သည်။

သည်းခံခြင်းနဲ့ ပတ်သက်သော ထိုဇာတ်အပြင် ပုဏ္ဏအမည်ရှိ ရဟန်း၏ သည်းခံပုံလည်း ရှိသည်။
ထိုရဟန်းက သုနာပရန္တရွာသို့အသွား ဘုရားရှင်က မေးတော်မူသည်။

“သုနာပရန္တရွာသားတွေက အဆဲကြမ်းတယ် ၊ ငါ့ရှင် ဘယ်လိုလုပ်မလဲ”

“မရိုက်တာပဲ တော်လှပြီ ဟု ဆင်ခြင်ပါမည် ဘုရား”

“ရိုက်ခဲ့ရင်ကော”

“မသတ်တာပဲ တော်လှပြီ ဟု ဆင်ခြင်ပါမည် ဘုရား”

“သတ်ခဲ့ရင်ကော”

“သူများဖြင့် သေချင်လွန်းလို့ ခက်နေကြတယ်၊ ငါ့မှာ သေဖို့ သူတို့ ကူညီပေးတယ်
ဟု ဆင်ခြင်ပါမည်ဘုရား” ဟု သူ၏
သည်းခံမည့်ပုံစံကို ဘုရားရှင်အား ရဲရဲဝံ့ဝံ့ လျှောက်ထားလိုက် သည်။

ထိုစဉ်ကပုဏ္ဏမထေရ်ဆိုသည်မှာ ပုထုဇဉ် ရဟန်းမျှသာ။
သည်းခံခြင်းနဲ့ ပတ်သက်၍ ဇာတ်တော်တွေက အများကြီးရှိသည်။ ဥတ္တရာသူဌေးသမီးနဲ့ သီရိမာ
ဇာတ်လမ်း၊ ကလာဗုမင်းနဲ့ ခန္တီရသေ့၊ ကျေးဇူးကန်းတဲ့ လယ်သမားယောကျာ်းနဲ့မျောက်၊
ဒီဃာဝုမင်းသား စသဖြင့် အများကြီး ရှိသည်။

ထိုဇာတ်တော်များကို လူတော်တော်များများကလည်း သိပြီးသား ဖြစ်ကြသည်။
ဤဇာတ်လမ်းများက ကျွန်တော်
မှတ်မိသမျှ သည်းခံခြင်းနဲ့ ပတ်သက်သော ဇာတ်လမ်းများ။ခန္တီ ပရမံ တပေါ
တိတိက္ခာ အရာရာကို အနစ်နာခံခြင်းဟု ဆိုအပ်သော (၀ါ) အလွန် ထက်မြက်သော သည်းခံခြင်းသည်
မြတ်သော အကျင့် တည်း ဆိုသော စကားလေး ရှိလေသည်။ မှန်သည်။
သည်းခံခြင်းသည် မြတ်၏။ (၃၈) ဖြာ မင်္ဂလာ တရားတော်တွင် (၂၇) ပါးမြောက် မင်္ဂလာလည်း ဖြစ်၏။

သည်းခံခြင်းတွင် နှစ်မျိုးရှိ၏။ အညံ့စား သည်းခံခြင်းနှင့် မြတ်သော သည်းခံခြင်း။ ဆဲရေး တိုင်းထွာခြင်း
ရိုက်နှက်ပုတ်ခတ်ခြင်း ကိုသည်းခံခြင်းသည် အညံ့စား သည်းခံခြင်း ဖြစ်၏။
သို့သော် ထိုသည်းခံခြင်းမျှ ဖြင့်လည်း ကြီးပွားခြင်း၊ ရောဂါကင်းခြင်း၊
အသက်ရှည်ခြင်း၊ ချစ်ခင်သူပေါခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်ရခြင်း စသော
အကျိုးများ အလွယ် တကူရသည်။ အချမ်း အပူကိုသည်းခံခြင်း၊ အာရုံကို
သည်းခံခြင်း၊ စိတ်၏ ဆာလောင်မှုကို သည်းခံခြင်းသည် မြတ်သော သည်းခံခြင်းဖြစ်၏။
ထိုသည်းခံခြင်းသည် သီလ သမာဓိ ပညာ ကို အကျိုး ပြုသဖြင့် ကာလကြာသော် ရဟန္တာ အဆင့်သို့ ရောက်နိုင်၏။

သည်းခံခြင်း ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်သည်။
လောကီ လူ့သဘော အရ အညံ့စား
သည်းခံစရာများကို သည်းခံရန် နည်းတော့ ရှိသည်။ မြတ်သော သည်းခံ
ခြင်းအဆင့်ဖြစ်သည့် အချမ်းအပူကို သည်းခံခြင်း၊ အာရုံကို သည်းခံခြင်း၊
စိတ်၏ ဆာလောင်မှုကို သည်းခံခြင်း၊
ကျရှုံးမှုကို သည်းခံခြင်း၊ အခွင့်အရေး စောင့်ဆိုင်းရမှုကို သည်းခံခြင်းစသော
သည်းခံခြင်းမျိုးကား မိမိစိတ်ကို မိမိ
မည်မျှ အထိ ဆုံးမ နိုင်သနည်း အပေါ် မူတည်လေသည်။

သည်းခံ နည်းများမှာ

၁. စိတ်ဆိုး နေသူအပေါ် မေတ္တာ ပွားလိုက်ခြင်းဖြစ်သည်။

၂. ကိုယ့်ကို ဆဲရေး ပုတ်ခတ်သူကို ပြန်လည်ဆဲရေး ပုတ်ခတ်လျှင် ဘုရားဟော တရားကို
မလိုက်နာသူဟု မိမိကိုယ်ကို အပြစ်တင် ဆင်ခြင်ကာ ရှောင်ရမည်။

၃. ရန်သူ၏ ကြည်ညိုဖွယ်ရာ သို့မဟုတ် ကောင်းကွက်လေးများကို ရှာကြည့်ရမည်။

၄. ကောင်းကွက်ကလေး တစ်ခုမှ မရှိခဲ့လျှင်လည်း အော် သနားစရာ င့ါကို စိတ်တိုနေရာ သတဲ့ ဟုတွေးရမည်။

၅. မပြေသေးလျှင်
(က) ငါ့ကိုယ်ကိုသာ ဒုက္ခ ပေးတာ၊ ငါ့စိတ်ကို ဒုက္ခပေးတာ မဟုတ်ဘူး၊ ငါ့စိတ်ကိုသာ ဒုက္ခပေးတာ၊ ငါ့ကိုယ်ကို ဒုက္ခပေးတာ မဟုတ်ဘူး ဟုတွေးရမည်။
(ခ)ဘယ်သူရဲ့သား ဘယ်သူရဲ့ တပည့် ဘယ်လိုလူမျိုးဖြစ်တဲ့ ငါဟာ ဒီဒေါသနဲ့ မကိုက်ဘူး ဟုပယ်ဖျောက်ရမည်။
(ဂ)ဒေါသက အရှက်အကြောက် ကင်းမဲ့စေတယ်။ ငါမွေးထားလို့ မတော်ချေဘူး ဟု တွေးရမည်။
(ဃ)ငါ့ဒေါသက သူ့ကို ဘာမှ ဒုက္ခမပေးနိုင်ဘူး၊ ငါပဲ စိတ်ဆင်းရဲ နေရတယ် ဟုတွေးကာ
ပယ်ဖျောက်ရမည်။
(င)ဒေါသသည် အပါယ်လားကြောင်းမျှသာ ဖြစ်သည် ဟု ဆင်ခြင်ရမည်။
(စ)ခုနက အစော်ကား ခံလိုက်ရသော ရုပ်နာမ်သည် ယခုအခါ ပျက်စီးလေပြီ ဟု ဆင်ခြင်ရမည်။

၆. ကံကို ဆင်ခြင်ရပါမည်။ အော် လူတွေအားလုံး သတ္တဝါတွေ အားလုံး ကံစီမံရာသာ ဖြစ်ကြရတယ် ဟု ဆင်ခြင်ရပါမည်။

၇. ဇာတ်တော်များကို ဆင်ခြင်ရမည်။

၈. သံသရာကို ဆင်ခြင်ရမည်။ သံသရာတွင် ဆွေမျိုး မတော်စပ်ဖူးသူဟူ၍ မရှိ။ ဤသူသည်
ဘဝ တစ်ခုခု၌ ငါ့ မိခင်၊ ဖခင် သားသမီး စသည်ဖြစ်ဖူးချိမ့်မည် ဟု ဆင်ခြင်ရမည်။

၉. ခန္တီ၏ အကျိုးတရား၊ မေတ္တာ၏ အကျိုးတရားကို ဆင်ခြင်ရမည်။

၁၀. သူင့ါကို ဆဲတာ ရိုက်တာ င့ါဆံပင်ကိုလား၊ ငါ့မွေးညင်းကိုလား၊ ငါ့အရေကိုလား စသဖြင့် ၃၂ကောဋ္ဌာသကို ဆင်ခြင်ရမည်။

၁၁. နောက်ဆုံးနည်းကတော့ ပစ္စည်းပေးလိုက်ခြင်း တောင်းလိုက်ခြင်းပင်ဖြစ်သည်။