တစ်ခုသောကာလ၌ သောပါက အမည်ရ ခုနစ်နှစ်အရွယ် ဆင်းရဲသား ငယ်လေးသည် ခိုက်ရန်ဖြစ်ပွါးကာ ပထွေး၏ သားကို လက်သီးနှင့် ထိုးမိလေ သည်။

ထိုသူငယ်က သောပါကအား ခြေလက်များကို ကြိုးဖြင့် တုပ်ကာ သုသန်၌ အသေကောင်နှင့်တွဲ၍ ချည်နှောင်ပစ်ထားခဲ့သည်။

သောပါက၏ ငိုကြွေးသံကြောင့် မြတ်ဗုဒ္ဓက ရောင်ခြည်တော်လွှတ်ပြီး အားပေးကာ ခေါ်တော်မူသည်။ အားတက်စွာဖြင့် ရုန်းကန်လိုက်ရာ အနှောင်အဖွဲ့မှ လွတ်မြောက်ကာ ဘုရားထံ အရောက်သွားလေသည်။

ဘုရားရှင်က ကထာခြောက်မျိုး ဟောကြားအပြီးတွင် သောတာပန်
တည်သည်။ သာမဏေဝတ်ပြီးနောက် သူ၏ မိခင်အားဟောကြားသော တရားတော်ကို နာကြားရပြန်သည်။ တရားအဆုံး၌ ရဟန္တာဖြစ်တော်မူ သည်။ ထို သောပါက ရဟန္တာကို ဘုရားရှင်က ပုစ္ဆာဆယ်ခု မေးတော် မူသည်။

ဘုရား - တစ်ခုသော တရားဆိုတာ အဘယ်တရားလဲ။

သောပါက - အကြောင်းတရားကို ပြောတာပါဘုရား။

ဘုရား - နှစ်ခုသော တရားဆိုတာ အဘယ်တရားလဲ။

သောပါက - နာမ်နှင့်ရုပ် ပါဘုရား။

ဘုရား - သုံးခုသော တရားဆိုတာ အဘယ်တရားလဲ။

သောပါက - ဝေဒနာတရားသုံးပါးကို ပြောတာဖြစ်ပါတယ်ဘုရား။

ဘုရား - လေးခုသော တရားတို့ကားအဘယ်တရားတို့ကို ခေါ်သလဲ။

သောပါက - အရိယသစ္စာတရားလေးပါးကို ခေါ်တာပါဘုရား။

ဘုရား - ငါးခုသော တရားကား အဘယ်နည်း။

သောပါက - ခန္ဓာငါးပါးကို ဆိုလိုပါတယ်ဘုရား။

ဘုရား - ခြောက်ခုသော တရားဆိုတာ အဘယ်တရားများကိုခေါ်သလဲ။

သောပါက - အတွင်းအာယတန တရားခြောက်ပါးကို ခေါ်ပါတယ်ဘုရား။

ဘုရား - ခုနစ်ခုသော တရားကား အဘယ်နည်း။

သောပါက - ဗောဇ္ဈင်ခုနစ်ပါးမြတ်တရားတို့ ဖြစ်ပါတယ်ဘုရား။

ဘုရား - ရှစ်ခုသော တရားဆိုတာ အဘယ်တရားကို ခေါ်ဆိုသလဲ။

သောပါက - မဂ္ဂင်ရှစ်ပါးကို ခေါ်တာပါဘုရား။

ဘုရား - ကိုးခုသော တရားတို့ကား အဘယ်နည်း။

သောပါက - သတ္တဝါကိုးမျိုးတို့ ဖြစ်ပါတယ်ဘုရား။

ဘုရား - ဆယ်ခုသော တရားဆိုတာ အဘယ်တရားများကို ခေါ်သလဲ။

သောပါက - ရဟန္တာတို့၏ အင်္ဂါဆယ်ပါးကို ခေါ်ပါတယ်ဘုရား။

ဘုရား - ငါ့ရှင် သာမဏေ သောပါက ရဟန်းဖြစ်စေ။


အရှင်သောပါကသည် တရားတော်ကို စူးစူးစိုက်စိုက် ခန္ဓာဉာဏ်ရောက် နာကြားခြင်းကြောင့် ခုနစ်နှစ် အရွယ်နှင့်ပင် ရဟန်းလည်းဖြစ်၊ ရဟန္တာ လည်းဖြစ်ခဲ့ရသော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်ပေတော့သတည်း။

သာဓု သာဓု သာဓု

ကျမ်းကိုး။ ။ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ တရားတစ်ပုဒ်၏ တန်ဖိုး တရားတော်။