ရဟန်းတို့ လောက၌ ရေဥပမာရှိကုန်သော ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် ထင်ရှား ရှိကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် တစ်ကြိမ် နစ်မြုပ်သော် နစ်မြုပ်တော့သည်သာဖြစ်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကြည့်ရှု၏၊ ထိုမှ ဤမှ ကြည့်ရှု၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူး၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်တည်ရာသို့ ရောက် ၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူးမြောက်၏၊ ကမ်းတစ်ဖက် သို့ ရောက်၏၊ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်၏၊ မကောင်းမှုကို အပပြုပြီး ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တစ်ကြိမ်နစ်မြုပ်လျှင် နစ်မြုပ်တော့သည်သာ ဖြစ်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စင်စစ် မည်းညစ်ကုန်သော အကုသိုလ်တရားတို့နှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တစ်ကြိမ်နစ်မြုပ်လျှင် နစ်မြုပ်တော့သည်သာ ဖြစ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏၊ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏၊ ဝီရိယသည်
ကောင်းမြတ်၏၊ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါတရားသည် မတည်၊ မတိုးပွါး၊ ဆုတ်ယုတ်သည် သာလျှင်တည်း။

ထိုပုဂ္ဂိုလ်၏ ထိုဟိရီသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုသြတ္တပ္ပသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည် ။ပ။ ထိုပုဂ္ဂိုလ်၏ ထိုပညာသည် မတည်၊ မတိုးပွါး၊ ဆုတ်ယုတ်သည် သာလျှင်တည်း။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။
ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါ တရားသည်
မဆုတ်ယုတ်၊ မတိုးပွါး၊ တည်၏။ ထိုပုဂ္ဂိုလ်၏ ထိုဟိရီသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုသြတ္တပ္ပသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည် ။ပ။
ထိုပုဂ္ဂိုလ်၏ ထိုပညာသည် မဆုတ်ယုတ်၊ မတိုးပွါး၊ တည်မြဲတိုင်း) တည်တံ့၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကြည့်ရှုသနည်း၊ ထိုမှဤမှ ကြည့်ရှု သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည်ကောင်းမြတ်၏ ဟု ပေါ်လာ၏။
ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် သုံးပါး သော
သံယောဇဉ် 'အနှောင်အဖွဲ့' တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်အပါယ်သို့ကျခြင်း သဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကြည့်ရှု၏၊ ထိုမှဤမှ ကြည့်ရှု၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးသနည်း။
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။
ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။

ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် 'အနှောင်အဖွဲ့' တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ရာဂဒေါသ မောဟတို့ ခေါင်းပါးသည်၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ကာမဘုံသို့ လာ၍ ဝဋ်ဒုက္ခ၏အဆုံးကိုပြုသော သကဒါဂါမ် ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူး၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်တည်ရာသို့ ရောက်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။
ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်ဗြဟ္မာ့ဘုံ၌ ဥပပတ် ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုမည့် ထိုဘုံမှ ပြန်လည်ခြင်း သဘော မရှိသူ အနာဂါမ် ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ထောက်တည်ရာသို့ ရောက်၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးမြောက်သူ ကမ်းတစ်ဖက်သို့ ရောက်သူ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်၍ မကောင်းမှုကို အပပြုပြီးသူ ဖြစ် သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။
ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ တရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးမြောက်သူ ကမ်းတစ်ဖက်သို့ ရောက်သူ နိဗ္ဗာန်တည်း ဟူသော ကြည်းကုန်းထက်၌ တည်သူ မကောင်းမှုကို အပပြုပြီးသူ ဖြစ်၏။ (၇)

ရဟန်းတို့ လောက၌ ရေဥပမာ ရှိကုန်သော ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် ထင်ရှားရှိကုန်၏ ဟု
(မိန့်တော်မူ၏)။

အဂုင်္က္တိုရ်ပါဠိတော်၊ အနုသယဝဂ်၊ ဥဒကူပမာသုတ်။