မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေးတစ်ပါး ရှိပါတယ်။ အညတရရဟန်းလေး လို့ပဲ ဆိုပါတော့၊ အဲဒီ အညတရ ရဟန်းလေးဟာ ဖြစ်ပျက်ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်နေပါတယ်။ တရားအား ထုတ်နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာပါတယ်။ ဒါကြောင့် တရားအားထုတ်လို့ မရတော့ပါဘူး။

နားကိုက်ဝေဒနာကို ဆေးဆရာတွေပြပြီး ကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်း ငယ်က နားကိုက်ဝေဒနာခံစားနေရတာကို မြတ်စွာဘုရားကို သွားလျှောက်ပြပါတယ်။

ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုစွန်ဆီနဲ့ချက်ထားတဲ့ ဆွမ်းဘောဇဉ်ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့ '' ချစ်သား--- သင် မာဂဓလယ်ကွင်းထဲကို ဆွမ်းခံကြွပါ'' လို့ မိန့်လိုက်ပါတယ်။ လယ်တောထဲဆိုတော့ ပုစွန်လုံးပဲ ပေါတာပါ။ အညတရ ရဟန်းကလည်း ''ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာ ပဲ''လို့ နှလုံးသွင်းပြီး ကြွပါမယ်ဆိုတဲ့အကြောင်းဝန်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သပိတ်သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံ ထွက်ခဲ့ပါတယ်။ လယ်ကွင်းထဲရောက်တော့ လယ်စောင့်တဲတစ်ခုတွေ့တာနဲ့ တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက်ပါတယ်။

လယ်စောင့်ယောကျ်ားကလည်း အဲဒီအချိန်မှာ ပုစွန်ဆီနဲ့စီရင်ထားတဲ့ ထမင်းကိုချက်ထားပြီးစပါ။ ဆွမ်းခံ ရဟန်းတော်ကိုမြင်တော့ တဲထဲကိုပင့်ပြီး အခင်းလေးတစ်ခုပေါ်မှာထိုင်စေပါတယ်။ ပြီးမှ ကိုယ်တိုင်ချက်ထားတဲ့ ပုစွန် ဆီထမင်းကို သပိတ်ထဲလောင်းလိုက်ပါတယ်။ အညတရ ရဟန်းဟာ ပုစွန်ဆီဆွမ်းကို တစ်လုတ်နှစ်လုတ်စားလိုက်တာ နဲ့ နားကိုက်ဝေဒနာဟာ အစာနဲ့ဆေး သပ္ပါယသင့်ပြီး ပျောက်သွားပါတယ်။ ဝေဒနာတွေပျောက်သွားတော့ ချက်ချင်း စိတ်ချမ်းသာသွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်းဖြစ်ပျက်ကမ္မဋ္ဌာန်းကို နှလုံးသွင်းပါတယ်။ ဆွမ်းစားလို့မပြီးခင်မှာဘဲ ရဟန္တာ ဖြစ်သွားပါတော့တယ်။

ဒီတော့ --- အညတရ ရဟန်းဟာလယ်စောင့်ဒကာကို '' ဒကာ—သင့်ရဲ့ဆွမ်းဘောဇဉ်နဲ့ ငါ့ရဲ့ ရောဂါဝေဒနာ လည်း ပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာလည်းဖြစ်ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှ လွတ် ကင်းပြီး ကိုယ်စိတ်ချမ်းသာဖြစ်လိမ့်မယ်'' လို့ပြောပြီး မိမိကျောင်းကိုပြန်ခဲ့ပါတယ်။

လယ်စောင့်ယောက်ျားလည်း သူလောင်းလှူလိုက်တဲ့ ပုစွန်ဆီထမင်းကုသိုလ်လေးကို နေ့တိုင်းအောက်မေ့နေ ပါတယ်။ ကွယ်လွန်တဲ့အခါမှာတော့ တာဝတိံသာနတ်ပြည်မှာ နတ်သား သွားဖြစ်ရပါတယ်။

ထူးခြားတာက နတ်သားရဲဲ့ဗိမာန်တံခါးဝမှာကုသိုလ်သင်္ကေတဖြစ်တဲ့ ရွှေပုစွန်လုံးရုပ်ကြီးပါ တွဲလျားချပေါ်နေပါတော့ တယ်။ ထူးထူးခြားခြား ရွှေပုစွန်ရုပ်ကြီးပေါ်နေတဲ့အတွက် အားလုံးက ''ရွှေပုစွန်နတ်သား''လို့ပဲခေါ်ကြပါတော့သတဲ့။

(ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)

လှူသူလည်းအကျိုးရှိ အလှူခံသူလည်းအကျိုးရှိနဲ့ ဖတ်ရတာ ကြည်နူးဖို့ကောင်းတဲ့ဝတ္ထုလေးပါ။ လူတွေ ပြော ပြောနေကြတဲ့ ''မစားတတ်တော့ တဏှာ၊ စားတတ်တော့ ဘာဝနာ'' ဆိုတဲ့ စကားလေးကို သာဓကပြသွားတဲ့ အည တရ ရဟန်းလေးရဲ့ဘဝဖြစ်စဉ်လေးပါပဲ။

အညတရ ရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ်သွားတာပါ။ ထမင်းစားရင်း ပဲ တရားထူးတရားမြတ်ရသွားတာပါ။ ဒါကိုထောက်ပြီး ထမင်းစားရင်းလည်း အားထုတ်လို့ရတယ်ဆိုတာပါပဲ။ ဒီနေ ရာမှာ တစ်ခုသတိထားရမှာက နားကိုက်တော့ စိတ်မချမ်းသာ၊ စိတ်မချမ်းသာတော့ တရားအားထုတ်လို့မရဆိုတဲ့ ဆိုး ကျိုးအဆင့်ဆင့်လေးကို အာရုံပြုထားရပါမယ်။ စိတ်မချမ်းသာဘူးဆိုရင် တရားအားထုတ်ရတာလည်း အဆင်မပြေ တော့ပါဘူး။ တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေရှိနေရင် ကြိုရှင်းထားလိုက်တာ အကောင်းဆုံးပါ။ တရားအား ထုတ်နေတုန်း ဒီစိတ်ဆင်းရဲစရာကိုပဲ တွေးနေမိရင် အားထုတ်ရတာ အဆင်မပြေဖြစ်နေပါလိမ့်မယ်။

အညတရ ရဟန်းလေးဟာ တရားအားထုတ်တာကို အနှောင့်အယှက်ပေးနေတဲ့ နားကိုက်ဝေဒနာကို အရင် ကုပစ်လိုက်တာပါ။ ရောဂါပျောက်ကင်းသွားတာနဲ့ တရားအားထုတ်ရတာလည်း အဆင်ပြေသွားတော့တာပါ။ ဆွမ်း စားရင်း တရားရသွားတာလေးကလည်း အတုယူစရာလေးပါပဲ။ လိုရင်းကတော့ ထမင်းစားရင်လည်း တရားအား ထုတ်လို့ရတယ်ဆိုတာပါပဲ။

သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးက ရိပ်သာမှာ စားသုံးခြင်းသုံးမျိုးကို မကြာခဏဟောပြောလေ့ရှိပါတယ်။ စား ခြင်းသုံးမျိုးကတော့------ ၁။ သီလနဲ့စားခြင်း၊ ၂။ သမထနဲ့စားခြင်း၊ ၃။ ဝိပဿနာနဲ့စားခြင်း ပါ။

ဆွမ်းစားခါနီးမှာ ''ဒီဆွမ်းဘောဇဉ်တွေကို မြူးထူးပျော်ပါးဖို့၊ အသားအရေ လှပတင့်တယ်ဖို့စားတာမဟုတ်ဘူး၊ ကိုယ်ကာယ အရှည်တည်တံ့ဖို့။ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့စားတာ''လို့ ဆင်ခြင် လိုက်ရင် ပစ္စယသန္နိဿိတသီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့စားလိုက်တာပါ၊ သီလကုသိုလ်တွေရသွားတာပါ။

ရိပ်သာမှာတော့ ''ဤသည့်စားဖွယ် အမည်မည်ကို'' ဆိုပြီးစားကြတာပါ။ လိုရင်းကတော့ ဆင်ခြင်ပြီးစားရင် သီလနဲ့စားတာပါ။ ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်းလေးပဲ ရှိပါတယ်။ ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ။ ဝေယျာဝစ္စကုသိုလ်ရှင်တွေကို မေတ္တာပို့ပြီးမှစားကြပါတယ်။ မေတ္တာပွားတာဟာ သမထထဲမှာပါ တဲ့အတွက် သမထနဲ့စားလိုက်တာပါ။

အိမ်မှာတော့ ထမင်းဝိုင်းကိုကြည့်ပြီး ''ဒီထမင်းဟင်းတွေရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲကင်းပါစေ၊ ဒီထမင်း ဟင်းတွေချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ အစစအရာရာအဆင်ပြေပါစေလို့'' မေတ္တာ ပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ်တွေ ဖြစ်သွားတော့တာပါ။ မေတ္တာပွားပြီးစားတာဟာ သမထနဲ့စားလိုက်တာပါ။

မေတ္တာပို့ပြီးစားရင် မိသားစုစားဝတ်နေရေးကို ရှာပေးနေတဲ့မိဘတွေအပေါ်မှာလည်း ပိုပြီးတန်ဖိုးထားတတ် သွားပါတယ်။ ထမင်းဟင်းတွေဖြစ်ဖို့ ရှာရတဲ့ကိစ္စဟာ လွယ်ကူလှတဲ့ကိစ္စမဟုတ်ပါဘူး၊ နေ့တိုင်းစားနေရတော့ တန်ဖိုး လည်း မထားမိတော့ပါဘူး။ မေတ္တာပို့ပြီးစားတာ ဘာမှလည်း ခက်လှတာမဟုတ်ပါဘူး။ တကယ့်လွယ်လွယ်လေးပါပဲ။ ကြားရတဲ့မိဘတွေမှာလည်း စိတ်ချမ်းသာ၊ ကိုယ်လည်းကုသိုလ်ရ၊ မုန့်ဖိုးတောင်းရတာလည်းအဆင်ပြေ အကုန်လုံး အဆင်ပြေမူတွေ ချည်းပါပဲ။

ကိုယ်က လုပ်ငန်းရှင်ဆိုရင်လည်း ''ဒီထမင်းဟင်းတွေဖြစ်အောင် ကျေးဇူးပြုသူအားလုံး ကိုယ်ဆင်းရဲကင်းကြ ပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ'' စသည်ဖြင့် မေတ္တာပို့ရုံပါပဲ။ ဒီထမင်းဟင်းတွေဖြစ်ဖို့ ကိုယ့်ကိုကျေးဇူးပြုနေတဲ့ သူ တွေကို ကိုယ်ပဲအသိဆုံးပါ။ ဒီတော့ ကျေးဇူးပြုသူတွေကို မေတ္တာပို့စားမှာပါပဲ။

တတိယက ဝိပဿနာနဲ့စားတာပါ။ ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။

ထမင်းစားပွဲထိုင်လိုက်တာနဲ့ ဟင်းခွက်ကိုကြည့်တော့ ''ကြည့်တယ်''၊ မြင်တော့ ''မြင်တယ်''၊ လှမ်းတော့ ''လှမ်းတယ်''၊ ခပ်တော့ ''ခပ်တယ်''၊ ယူတော့ ''ယူတယ်''၊ ပါးစပ်ဟတော့ ''ဟတယ်''၊ ခွံ့တော့ ''ခွံ့တယ်''၊ ဝါးတော့ ''ဝါးတယ်''၊ မျိုတော့ ''မျိုတယ်''၊ စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလိုအမှတ်နဲ့စားတာဟာ ဝိပဿနာနဲ့စားတာပါပဲ။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ထမင်းစားလို့ဝါးတဲ့နေရာမှာ အထက်မေးနဲ့အောက်မေး နှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့မေးပါတယ်။ ရိုရိုသေသေရှုမှတ်တဲ့ယောဂီတွေကတော့ အောက်မေးကလှုပ်နေ တာဆိုတာ သိရပါတယ်။ အဲဒီအောက်မေး လှုပ်နေတာလေးကိုပဲ မြန်မာဝေါဟာရအားဖြင့် ''ဝါးတယ်၊ ဝါးတယ်'' လို့ ရှုမှတ်ရတာပါ။

တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ကတော့ မလွယ်ကူဘူးထင်ပါတယ်။ ဒါပေမယ့် ထမင်းအလုတ်သုံးဆယ် စား မယ်ဆိုရင် သုံးလုတ်လောက်တော့ မှတ်လိုက်နိုင်မယ်ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်ရင် လည်း မနည်းပါဘူး။

ဧည့်ခံပွဲတွေ၊ ညစာစားပွဲတွေမှာလည်း နှစ်လုတ် သုံးလုတ်လောက်တော့ ရသလောက် မှတ်ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့စားနေတာကို ဘေးကလူလည်းမသိပါဘူး။ ထမင်းဝိုင်းမှာ အချင်းချင်းစကားပြောသံတွေ ကြား တော့လည်း 'ကြားတယ်' 'ကြားတယ်'လို့ မှတ်ရုံပါပဲ။

အညတရ ရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရားမြတ်ရသွားတာပါ။ ကိုယ်က ဒါကိုအာရုံပြုထားရပါမယ်။ နှစ်လုတ်သုံးလုတ်လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေအတွက် အထုံဓာတ်ပါ သွားအောင် ပါရမီဖြည့်နေတယ်လို့ နှလုံးသွင်းထားလို့လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ်တွေဟာ တရားထူးရဖို့အ တွက်လည်း အများကြီးအထောက်အပံ့ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့်တယ်ပဲပြောပြော၊ ထမင်းစားရင်း တရား အားထုတ်တယ်ပဲပြောပြော စကားလေးကတော့ သိပ်ကြည်ညိုဖို့ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။

ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီဆရာတော်ကြီးက မှတ်ရလွယ်အောင် ဆောင်ပုဒ်ကလေးတွေစီပေးထားပါတယ်

၁။ ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ၊ စားတာသီလမည်။

၂။ မေတ္တာပွားကာ၊ စားသုံးတာ၊ မှန်စွာသမထမည်။

၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာဝိပဿနာမည်။

ဒီနေရာမှာ ဦးဇင်းအရှင်ဆန္ဒာဓိကက စာရေးသူကိုသင်ပေးထားတဲ့ ဆွမ်းစားနည်းလေးကိုလည်း ဓမ္မဒါနပြန်မျှပါရစေဦး။

ဆွမ်းမစားခင်ဆွမ်းဝိုင်းတစ်ဝိုင်းလုံးကို ''မြတ်စွာဘုရား ဤ ဆွမ်းဘောဇဉ်အချိုပွဲများကို ကပ်လှူပူဇော်ပါ၏ ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ဘုဉ်းပေးသုံးဆောင်တော်မူပါဘုရား''လို့ဆိုပြီး မြတ်စွာ ဘုရားကိုကပ်လိုက်ပါတဲ့။ စိတ်ထဲမှာလည်း မြတ်စွာဘုရားတကယ်ကြွလာပြီး ဘုန်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။

မြတ်စွာဘုရား ဘုန်းပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊ မေတ္တာသုတ်(၇)မျိုးရအောင် ရွတ်နေလိုက်ပါတဲ့။ ပြီးမှ ''မြတ်စွာဘုရား ဘုဉ်းပေးပြီးပြီဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ်ပြန်စွန့်တော်မူပါဘုရား''လို့ဆိုပြီး စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆိုကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်တဲ့။

ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင် မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။ (၇)မျိုးမရွတ်နိုင်ရင်တောင် နမော တဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ (ဒါမှမဟုတ်) နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက် လည်းရပါတယ်။ တစ်ခု သတိထားရမှာက မွန်းတည့်ဆယ့်နှစ်နာရီနောက်ပိုင်းတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီရှေ့ပိုင်းပဲ ကပ်ရမှာပါ။

ရှေးခေတ် ဆရာတော်ဘုရားကြီးတွေ ထေရုပ္ပတ္တိတွေဖတ်ရင် ဆရာတော်ဘုရားကြီးတွေဟာ ဆွမ်းခံပြန်လာရင် သပိတ်လိုက်အဖုံးဖွင့်ပြီး မြတ်စွာဘုရားကို ကပ်ထားလိုက်တာပါ။ ဆွမ်းစားချိန်ကျမှ စွန့်ပြီးစားကြတာပါ။ ဒီခေတ်မှာ ဦးဇင်းတချို့ဆိုလည်း ဘုရားမှာသပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။ မန္တလေးကဆရာတော်၊ ဦးဇင်း၊ ကိုရင်တချို့ ဆိုလည်း မဟာမြတ်မုနိဘုရားကြီးကို သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးတယ်လို့ တစ်ဆင့်ကြားဖူးပါတယ်။ မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက်ကပ်လိုက်ရတာဆိုတော့ အာရုံပြုရတာ ပိုတောင်ကောင်းဦးမှာပါ။ စံပယ်ပန်းလေးကပ်ရတာ တောင် ကြည်နူးလို့မဆုံးဖြစ်ရတာပါ။

ဘာပဲပြောပြော မြတ်စွာဘုရားကိုဆွမ်းကပ်ပြီးမှစားရင် ဒါနကုသိုလ်ဖြစ်သွားတာတော့ အမှန်ပါပဲ။ ဒါဆိုရင် ဒါနနဲ့စားလိုက်တာပါပဲ။

သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်း မှီးဆိုရရင်တော့----

''ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည်'' လို့ ဆိုရပါလိမ့်ပါမယ်။

ဒါဆို ထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့စားခြင်း ဆို ပြီး စားခြင်းလေးမျိုးဖြစ်သွားပါလိမ့်မယ်။

ထမင်းစားတိုင်းစားတိုင်း စားချင်းလေးမျိုးပါအောင် နေ့တိုင်းစားနိုင်ရင်တော့ ကိုယ့်အတွက် ကုသိုလ်(၄)မျိုးရ နေတော့တာပါ။ ဒါတင်မကပါဘူး၊ နောက်ဘဝတွေအတွက်လည်း ပါရမီအထုံဓာတ်တွေ ပါသွားဦးမှာပါ။ နောက်ဘဝ ကို ပါရမီအထုံဓာတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။

လယ်စောင့်ဒကာလေးက အညတရ ရဟန်းလေးကို ဆွမ်းတစ်နပ်ကပ်ပြီး နတ်ပြည်ရောက်သွားရတာပါ။ ကိုယ် က စားချင်းလေးမျိုးနဲ့ နေ့စဉ်စားနေမယ်ဆိုရင် ပါရမီအထုံဓာတ်တွေသာမက သုဂတိဘုံဘဝအတွက်လည်း အထောက် အပံ့ပေးနေမှာပါ။

မြန်မာ့ရာဇဝင်မှာ နရသီဟပတေ့မင်းဟာ ဟင်းခွက်ပေါင်းသုံးရာပွဲတော်တည်ပါသတဲ့။ တရုတ်နဲ့စစ်ဖြစ်လို့ ပြေး လွှားနေရတဲ့ကာလမှာ ဟင်းခွက်တစ်ရာ့ငါးဆယ်ပဲ သုံးဆောင်ရလို့ ''ငါ ဆင်းရဲလိုက်တာလို့'' ငိုညည်းပါသတဲ့။

နရသီဟပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦးတို့ ရှိပါတယ်။ အမေ ချင်းတွေတော့မတူကြပါဘူး။ နရသီဟပတေ့မင်း ပွဲတော်တည်တဲ့အခါ ဥဇနာနဲ့ ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူ ကို ဝက်ပေါင်ပေးပါတယ်။ မကြာခဏပေးပါများလာတော့ သီဟသူရဲ့အမေ ရှင်မောက်က 'သူများသားတွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင်ပေးတယ်'ဆိုပြီး မကျေနပ်ပါဘူး။ ဒါကြောင့် သီဟသူအမေ ရှင်မောက် က စားတော်ကဲကို ငွေသုံးဆယ်ပေးပြီး ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သား သီဟသူကို ဝက်လက်ပေးဖို့ လာဘ်ထိုး ပါတယ်။

ဒါကို ကျော်စွာ့အမေ ရှင်ပါးသိတော့ မင်းကြီးကိုသွားတိုင်ပါတယ်။ နရသီဟပတေ့မင်းဟာ လူဘုံအလယ်မှာ မိဖုရားရှင်မောက်ကို 'ဝက်လက်ခိုးမ'လို့ဆဲပြီး သားသီဟသူကိုလည်း 'ဝက်လက်ခိုးမသား'လို့ ဆဲလိုက်ပါတယ်။ နရသီဟ ပတေ့မင်းဟာ သီဟသူကို စိတ်အလိုမကျတိုင်း 'ဝက်လက်ခိုးမသား'လို့ မကြာခဏဆဲရေးတတ်ပါတယ်တဲ့။ ဒီတော့ သားတော်သီဟသူက အဖေအပေါ်စိတ်နာပြီး အငြိုးအတေးထားလိုက်ပါတယ်။

တရုတ်နဲ့စစ်ဖြစ်လို့ စစ်ပြေးရင်း ပြည်ကိုရောက်တဲ့အခါ သားတော်သီဟသူက ရှေ့ဆက်မသွားဖို့ တားထား လိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ပွဲတော်အုပ်ကိုပေးပြီး 'စားတော်ခေါ်ပါ'လို့ဆက်သပါတယ်။ နရသီဟပတေ့ မင်းဟာ အဆိပ်ပါမှန်းသိလို့ မစားပါဘူး။ ဒီတော့ သားတော်သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေနဲ့ မင်းကြီးဖောင်တော်ကို ဝိုင်းထားလိုက်ပါတယ်။

နရသီဟပတေ့မင်းဟာ မိဖုရားဖွားစောကို 'ဘာလုပ်ရမလဲ'လို့ မေးပါတယ်။ မိဖုရားဖွားစောက 'အရှင်မင်းကြီး ဓားလှံလက်နက်တွေနဲ့ သွေးသံတရဲရဲသေရတာထက် အဆိပ်စားပြီးသေရတာက မြတ်ပါသေးတယ်'လို့ အကြံပေးပါ တယ်။ နရသီဟပတေ့မင်းလည်း 'ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည်ရသမျှ ဘဝတိုင်း သားယောက်ျား ကို မရ,ရပါလို၏'လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့လက်စွပ်တော်ကို ရေစက်ချပြီး မိဖုရားဖွားစောကိုပေးပါတယ်။ ပြီးမှ အဆိပ်ခတ်ထားတဲ့ပွဲတော်အုပ်ကိုစားပြီး သေသွားပါတယ်။ သေချိန်မှာ သက်တော်ခြောက်ဆယ်လို့ ဆိုပါတယ်။

ဒီသမိုင်းဖတ်ပြီး 'သြော်'လို့ပဲ တလိုက်မိပါတော့တယ်။ ဝက်ပေါင်၊ ဝက်လက် အစားတစ်ခုကို အကြောင်းပြုပြီး သားက အဖေကိုသတ်ရတဲ့အထိ ဖြစ်သွားရပါတယ်။

စိတ်ထဲမှာလည်း တွေးစရာတွေ အများကြီးပါပဲ။ ဝက်ပေါင်နဲ့ဝက်လက် ဘာများထူးလို့လဲမသိပါဘူး။ ဘာမှ လည်းထူးမယ်မထင်ပါဘူး။ ပြီးတော့ အဖေလုပ်သူက သားသမီးတွေအပေါ် ပေးကမ်းတာ ဘာဖြစ်လို့မညီမျှရတာ လည်း၊ ညီညီမျှမျှ ဝက်ပေါင်တစ်လှည့်၊ ဝက်လက်တစ်လှည့်စီ ပေးလိုက်ရင်လည်း ဒီပြဿနာဖြစ်ချင်မှဖြစ်မှာပါ။ မိဘ ဖြစ်သူတွေအတွက် သတိထားစရာပါပဲ။

မိဘတွေအနေနဲ့ ဘယ်ပစ္စည်းပဲပေးပေး သားသမီးတွေကို ညီညီမျှမျှပေးတာ အကောင်းဆုံးပါပဲ။ ဒါတင်မကပါ ဘူး 'ဝက်လက်ခိုးမသား'ဆိုတဲ့ စကားတစ်ခွန်းကြောင့်ပဲ သားလုပ်သူရဲ့အသတ်ကို ခံသွားရတယ်လို့လည်း ဆိုနိုင်ပါ တယ်။ ပြောမယ့်စကားတစ်ခွန်းအတွက်လည်း သတိထားစရာပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူ ကတော့ မမေ့အောင် မှတ်ထားတော့တာပါ။

အမေလုပ်သူကလည်း မချစ်တတ်တဲ့အချစ်နဲ့ ချစ်မိလိုက်တာပါ။ မချစ်တတ်တာကလည်း ခက်တာပါပဲ။ ချစ် တော့ချစ်တာပါပဲ၊ မချစ်တတ်တဲ့အချစ်နဲ့ ချစ်လိုက်တဲ့အတွက် သားဖြစ်သူကို ပဥ္စာနန္တရိယကံကြီးကို ကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက်ကကြည့်ကြည့် သံဝေဂယူစရာတွေချည်းပါပဲ။

တကယ်လို့များ စာဖတ်သူတို့လို စားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင် ဒီလိုအဖြစ်ဆိုးကြီးကို ကြုံကြရမှာ မ ဟုတ်ပါဘူး။ သူများကိုသာပြောနေတာပါ။ သံသရာမှာ ကိုယ်လည်း အမှားတွေ ကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိ နိုင်လို့သာပါ။ တွေးရင် လန့်စရာကြီးပါ။

သတ္တဝါတွေဟာ အစာအာဟာရကိုမှီပြီး အသက်ရှင်နေကြရတာပါ။ မစားလို့လည်းမရပါဘူး။ သတိကပ်ပြီး အစားကို တရားဖြစ်အောင်စားကြရမှာပါ။ ဒါဆိုရင် ထမင်းစားရင်း ပါရမီဖြည့်နေတာပါပဲ။ ဘာပဲပြောပြော တစ်နေ့ နှစ်ကြိမ် သုံးကြိမ် စားနေကြရတာဆိုတော့ စားခြင်းလေးမျိုး ပါနိုင်သမျှပါအောင် ကြိုးစားပြီး စားကြည့်ဖို့ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် -အင်းမ)

ကျမ်းကိုး - ၁။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏တရားစာအုပ်များ။ ၂။ ဝိမာနဝတ္ထုတော်ကြီး၊ မြို့မိဆရာတော်။ ၃။ ဦးကုလားမဟာရာဇဝင်ကြီး(ပထမအုပ်) စာမျက်နှာ(၂၄၂-မှ ၂၅၁ ထိ)။ ၄။ လောကကြေးမုံ(လေးမြိုင်)။