ပုထုဇဉ် တို ့ရဲ့ သဘာဝက လေ့လာချင်တယ်၊စူးစမ်းချင်တယ်။အကြောင်းရာတစ်ခုကို မှန်လား၊မှားလား သိချင်တယ်။ ပြီးတော့ အဲဒီ အမှန်အမှားပေါ်မှာဘဲ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ မြိုသိပ်မထားနိုင်ကြဘဲ နဲ ့ငြင်းခုံကြ၊ ပြီးရင် အတော်မသတ်နိုင်ကြသေးဘဲ ဒီအမှန်အမှားတွေရဲ ့အပေါ်မှာ "မောဟ" ဆိုတဲ ့မသိစိတ်တွေက လွှမ်းမိုးရင်းက မိမိကိုယ်ကို မိမိ အကုသိုလ်နယ်ပယ်သို ့ အလိုလျောက် တွန်းပို ့နေသူများပင်ဖြစ်ကြပါတယ်။ ဒါဟာ ပုထုဇဉ် ရဲ ့သဘောလက္ခဏာပါဘဲ။
ပိုပြီးနားလည်လွယ်အောင်ပြောရရင်..
ပုထုဇဉ်ဟာ စပ်စုတယ်၊ ပုထုဇဉ်ဟာ လျှာရှည်တယ်.. တဲ့။ အဲဒါဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ အဖြေက.. " အရိယာ" မဖြစ်သေးလို ့ဘဲ ဖြစ်ပါတယ်..တဲ့။
"အရိယာ" ဖြစ်သွားကြရင်.. နေတတ်သွားကြပါပြီ။ မြတ်စွာဘုရားရှင် ဟောကြားထားတဲ့ "အရှင် ဓမ္မဿာမီဘိဝံသ ရေးသားတော်မူတဲ့ ဓမ္မပဒ ဝတ္ထုတော်ကြီး ပထမတွဲ ထဲမှာလည်းရှိပါတယ်။ အောက်ထစ်ဆုံး သောတာပန် အရိယာဖြစ်သွားတာ နဲ ့အဲဒီပုဂ္ဂိုလ်ဟာ ပုထုဇဉ် နဲ ့မတူတော့ဘဲ စိတ်နေစိတ်ထားက ပြောင်းလဲလာပါတော့တယ်။

သာမာန်ပုထုဇဉ် တွေ ဖြစ်ကြတဲ့ မိမိ နဲ ့ဓမ္မမိတ်ဆွေတို ့ဟာ ခုလို သံသရာ ဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်ဖို ့ခုလို ဝိပဿနာ စတင် ကျင့်ကြံအားထုတ်တဲ့ အခါမှာ..
မိမိတို ့ကျင့်ကြံအားထုတ်နေတာဟာ မှန်သလား၊ မှားသလား သိချင်ကြမယ် ဆိုတာ အပြစ်ပြောဖွယ်မရှိပါဘူး။ ဒီလိုနဲ ့ကိုယ့် ဖာသာကိုယ် အားထုတ်ရင်းက မှန်သလား၊မှားနေသလား ကွဲကွဲပြားပြားလည်းမသိ၊ တစ်ဝဲလည်လည် နဲ ့ဘဲ မိမိတို ့ရဲ ့ကျင့်ကြံအားထုတ်နေတဲ့ ကမ္မဌာန်းကို ကြာလာတော့ သံသယ ဖြစ်လာကြပါတယ်။ သံသယ ဖြစ်လာကြသူတွေလည်း ရှိကြမှာပါ။
စားဝတ်နေရေးက တဖက်၊ တခြားလူမှုရေးကိစ္စတွေ နဲ ့ တရားစခန်း ရိပ်သာတွေမှာ တရားသွားအားမထုတ်နိုင်တဲ့အတွက်ကြောင့် မအားလပ်တဲ့ ကြားက ဗုဒ္ဓစာပေတွေ ကို ဆရာတော်ကြီးတွေ ရေးသားပြုစုတဲ့ စာအုပ်တွေ နဲ ့တစ်ခြား အင်တာနက်စာပေတွေကနေ ဝိပဿနာ အားထုတ်နည်း တွေကို ဖတ်ရှုလေ့လာပြီးတော့ မိမိရဲ ့နေအိမ်မှာဘဲ အချိန်ကို လုပြီး တရားအားထုတ်ကြတဲ့ ဓမ္မမိတ်ဆွေတွေ များစွာရှိကြပါတယ်။
အများအားဖြင့် တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ " ဝင်လေ၊ထွက်လေ" အာနာပါန ကမ္မဌာန်းသာ ရှုမှတ်ကြတဲ့သူများပါတယ်။
ဒီလိုနဲ ့မိမိ အားထုတ် ရှုမှတ်နေတဲ့ ကမ္မဌာန်း အလိုက်.. ဓမ္မမိတ်ဆွေဟာ.. နေ ့စဉ်တရားအားထုတ်ရင်းက.. ကြာလာတော့..စဉ်းစားမိလာပါတယ်။
" အော်.. ငါ့မှာ တစ်နေ ့တစ်နေ ့.. ဒီနှာခေါင်းက အသက်ရှုနေတဲ့ လေကို ဝင်တယ်၊ထွက်တယ် ဘဲ မှတ်နေရတယ်.. ဘာမှလည်းထူးမလာဘူး၊ ထူးတယ်ဘဲ ထားအုံးတော့ ..ဒီအတိုင်းဘဲ တောက်ရှောက်မှတ်နေလို ့..ဘာတွေထူးလာမှာလဲ၊ တကယ်လို ့ တစ်ခုခုထူးလာရင်တောင်မှ ငါ..ဘာတွေကို ဆက်လုပ်ရမှာလဲ.. တစ်နေ ့တစ်နေ ့ နာကျင်တဲ့ဝေဒနာတွေ ခံစားရလိုက်၊ ဝေဒနာ မခံစားရတဲ့ နေ ့တွေကျတော့လည်း ဒီလို စိတ်ခံစားမှုတွေ နဲ ့သို ့လော၊သို့လော ဖြစ်နေကြပါတယ်။
ဒီလို ဖြစ်ပေါ်ကြတယ်ဆိုတာက တော့ အဆန်းအပြားတော့ မဟုတ်ပါဘူး။ မိမိတို ့ဟာ အထက်က ပြောသလို ပုထုဇဉ် ဘဲ ဖြစ်နေတာရယ်..
ပြီးတော့.. တကယ်တန်း တရားအားထုတ်ကြတယ်ဆိုရင်ဖြင့် ခုခေတ်မျက်မှောက်ကာလ မပြောနဲ ့ဘုရားရှင်လက်ထက်မှာ ကတည်းက .. တရားပြဆရာ၊ ကမ္မဌာန်းဆရာလိုပါတယ်။ ဆရာမပါဘဲ၊သွန်သင်မှု ၊တရားနာကြားမှု မရှိဘဲ နိဗ္ဗာန်ရောက်တာ မြတ်စွာဘုရားတစ်ပါးသာရှိပါတယ်။
ခုလို ဓမ္မမိတ်ဆွေ တို ့ကိုယ့်ဖာသာကိုယ် အားထုတ်တဲ့ ပုဂ္ဂိုလ်အတွက် ခုလို အခက်ခဲတွေ ဖြစ်တာဟာ သင်ပြမဲ့ ဆရာလိုအပ်တာပါ။ ဒါ့ကြောင့် ဆရာ လိုပါတယ်။ ဘယ်သူတွေမှာ ဆရာလိုအပ်သလဲ ဆိုရင် ပရိယတ္တိ( ဗုဒ္ဓစာပေ )တွေ ကြွယ်ဝစွာမသိသေး၊ နားမလည်သေးတဲ့ ပုဂ္ဂိုလ်တွေ အဖို ့ဆရာ လိုပါတယ်။
အိမ်မှာ ကိုယ့်ဖာသာကိုယ် အားထုတ်တဲ့ လူတွေအတွက်ကတော့ "ပရိယတ္တိ" က ဓမ္မမိတ်ဆွေ တို ့ရဲ ့ ကမ္မဌာန်းဆရာ ပါဘဲ။ဒါ့ကြောင့် ဆရာမရှိလို ့၊ပညာမပြည့်လို ့ဆိုတဲ့ အချက်တွေ ကြောင့်လည်း ဖြစ်ပါတယ် လို ့ဆိုချင်ပါတယ်။

ဓမ္မမိတ်ဆွေတို ့ကို မိမိတို ့ရှုမှတ်နေတဲ့ ကမ္မဌာန်းအကြောင်းပြောရရင်...
တစ်ကယ်တော့ ဓမ္မမိတ်ဆွေ ဟာ မိမိရှုမှတ်နေတဲ့ ဝင်လေ ထွက်လေ ကမ္မဌာန်း ကို ရှုမှတ်ယင်း၊ရှုမှတ်ယင်း ကနေ အခြားသော ကမ္မဌာန်း များသို ့အလိုလို ပြောင်းလဲ သွားတတ်တဲ့ သဘောကို နားမလည်လို ့၊ သတိမထားမိလို ့ဘဲ ဖြစ်ရတာပါလို ့ပထမဦးစွာအသိပေးပါရစေ။
ဓမ္မမိတ်ဆွေဟာ ကာယာနုပဿနာလို ့ခေါ်တဲ့ ဝင်လေ၊ထွက်လေ အာနာပါန ရှုမှတ်နည်းကို ရှုမှတ်ရင်းကနေ ပြီး အသေးစိတ် သိလာတဲ့အခါ မှာ အဲဒီ ကာယာနုပဿနာနှင့်တွဲပြီး ဝေဒနာနုပဿနာလည်း ပါလာပါတယ်။ အဲဒီအခါကျတော့ ဝေဒနာနုပဿနာ ကို ရှုနေရင်းကနေ..
ဝေဒနာရဲ ့အနိစ္စသဘော၊
ဝေဒနာရဲ ့ဒုက္ခသဘော၊
ဝေဒနာရဲ ့အနတ္တသဘော.... တွေကို တဖြည်းဖြည်းသိလာပါတယ်။အဲဒီလို တဖြည်းဖြည်းဆင်ခြင်မိလာတာ ကို ကိုယ့်ဖာသာကိုယ် မေ့နေတာပါ။ သတိမထားမိတာပါ။
အဲဒါဘာဖြစ်လို ့လဲဆိုတော့ လေ့လာမှုအားနည်းနဲ့ အတွက်ကြောင့်ရယ်၊ ဉာဏ်ပညာနည်းတဲ့ အတွက်ကြောင့်ရယ်ဘဲဖြစ်ပါတယ်။
အဲဒီလို အားထုတ်ရင်း ကနေ ဓမ္မမိတ်ဆွေဟာ...တဖြည်းဖြည်း "စိတ်" ကိုလည်း ကြည့်တတ်လာပါတယ်။ "သတိ၊ သမာဓိ" ကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း "ချက်ချင်း" သိနေပါတော့တယ် ။တစ်ခါတလေ ဘယ်လောက်ထိ သိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် ကြိုသိနေလိုက်သလိုမျိုး သိနေပြန်ပါတော့တယ်။
လုပ်ဖူးတဲ့ ဓမ္မမိတ်ဆွေကတော့..အခု ဒီစာ ကို ဖတ်နေတဲ့အချိန်မှာ ဖတ်ယင်း နဲ့ ကိုယ်ဖြစ်ဖူးတာကို ပြန်စမ်းစစ်ကြည့်ပါလိမ့်မယ်။ အဲဒီအခါကျမှ ..ဟုတ်ပါလားဆိုပြီး ပီတိ ဖြစ်နေမှာ..သေခြာပါတယ်။
ဒါကို မလုပ်ဖူးတဲ့သူ ဆို ယုံနိုင်မှာ မဟုတ်ဘူး။ "အတွေးတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ် သိမှာလဲ"လို ့ မေးပါလိမ့်မယ်။
အဲဒီလို စိတ်ကလေး ဦးလှည့်တာကို သိပါတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်း မနေချင်တော့တာကိုလည်း သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီ ဆိုတာကိုလည်း သိတယ်။ အာရုံ က သိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့ သလိုလို ဖြစ်ပြီး နောက်အာရုံ တစ်ခုဖက် ကို စိတ်ဦးလှည့် လာတယ်။ တစ်ခါတလေ ဘယ်အာရုံဘက် ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေး ရိပ်မိနေတတ်ပါတယ်။ ဒါကတော့ တော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။
အဲဒီလို သွားတော့မယ် ဆိုတာကို သိလိုက်တာနဲ ့ ပြန်ငြိမ်သွားတယ်။ တခြားအတွေးတစ်ခု ပေါ်လာရင်လည်း တွေးတယ်လို ့ သိလိုက်ပါတယ်။ သိလိုက်တာ နဲ ့ ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ "စိတ်"က အတွေးမရှိဘူး။
ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ "သိနေတာကိုတစ်ခါပြန်ပြီး နောက်က အသိတစ်ခု က ထပ်သိ" ပြန်တယ်။ ဓမ္မမိတ်ဆွေ တို ့ ဖြစ်ဖူးကြမှာပါ။ပြန်စဉ်းစားကြည့်လိုက်ပါ။
အဲဒီလို ပါဘဲ ဓမ္မမိတ်ဆွေ တို ့"သိနေတာ ကို သိဖူးကြမှာပါ"...။ အဲဒီတော့ အေးချမ်းနေတယ်။ အေးချမ်းနေတာကိုသိတယ်။ မှတ်နေရင်း နဲ ့ ပီတိသဘောမျိုးတွေ ဖြစ်လာတယ်။ နှစ်သက်နေတယ်။ သဘောကျ နေတယ်။ ကျေနပ်နေတယ်။

တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့ သဘောလို ့ မြင်လို ့ ရှိရင် "ဓမ္မာနုပဿနာ" ဖြစ်သွားတာပဲ။ အားရကျေနပ် နှစ်သိမ့်ရွှင်လန်းမှု လို ့ခေါ်တဲ့ "ပီတိသမ္ဗောဇ္စျင်" ကိုု ရှုမှတ်တဲ့သဘောမျိုး ဖြစ်နေတယ်။ တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာ ဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။ အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို ့ ရတယ်။ "သဒ္ဓါတရား" တော်တော်ကောင်းတယ်။ "ဝီရိယ" တွေလည်း တော်တော် ကောင်းလာတယ်။ ဒါဟာ "သဒ္ဓါတရား၊ ဒါဟာ ဝီရိယ" လို ့ကြည့်လို ့ ရတယ်။ အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့ စိတ်ကလေးတွေက တစ်လုံးချင်း ပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ဝင်မလာတော့ဘူး။ အဲဒီလို အခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို ့ ရတယ်။ စိတ်ကလေးတစ်ခုခု ဖြစ်လာပြီဆိုရင် သူ ့ကို အေးအေးဆေးဆေး ကြည့်လို့ရတယ်။

တရားအားထုုတ်တဲ့အခါမှာ သဒ္ဓါတရားတွေ ဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့စိတ်တွေ ဖြစ်လာတယ်။
“တကယ် မလုပ်ကြသေးလို ့ တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ” လို ့ ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟော တတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ် ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက် ဖြစ်တယ်။ မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာ ဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်ပြစ်ရပါမယ်။ "ဒီကရုဏာစိတ်ကို ကြာကြာလက်မခံမထားသင့်ပါဘူး"
ဘာလို ့လည်းဆိုတော့ဒီအချိန်ဟာ ဝိပဿနာဉာဏ်ကို အနှောင့်အယှက် ဖြစ်သွားနိုင်ပါတယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာမြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင် ကြည့်နိုင်ရင် သိပ်ရှင်းပါတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်ဖို ့လည်းကောင်းပါတယ်။
အဲဒီအခါမှာ ဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်း သဘောပေါက်မှာပါ။ အဲဒီအခါကျမှ အဘိဓမ္မာဟာ တကယ်ဟုတ်လို ့ ဟောထားတာပဲ ဆိုတာ ယုံကြည်သွားပါလိမ့်မယ်။
ဒါကြောင့် ဓမ္မမိတ်ဆွေ တို ့အနေနဲ ့စာဖတ်တာတို ့၊တရားနားတာတို ့မကြာမကြာပြုလုပ်သင့်ပါတယ်။
အားထုတ်ရင်းနဲ ့ ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါ။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ်လို ့ "ပဿဒ္ဓိ" ဖြစ်တဲ့ အချိန်မှာ ကိုယ်အပူချိန် ကျသွားတယ် ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို ့ရတယ်။ အဲဒီ အေးနေတာလေးကို ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ်တစ်ခု ဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို ့ရတယ်။ "ဓမ္မာနုပဿနာ" ဖြစ်ပြန်တယ်။ ကိုယ်ရောစိတ်ပါ အေးချမ်းလို့သွားတတာကို ခေါ်တဲ့ "ပဿဒ္ဓိသမ္ဗောဇ္စျင်" ကို ပွားများပြီးသားဖြစ်နေပါတယ်။
တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ အဲဒီလိုပဲ စိတ်က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုုံကနေ ပြန်ကွာမထွက်ဘူး။ သာမန် "သတိ၊ သမာဓိ"နည်းတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရှုမှတ်ဖို ့ ကြိုးစားရင်း သိသလိုလို ဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတတ်တယ်၊ ထားတဲ့အာရုံမှာမနေဘူး။ အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုက်ပြီးတော့ စိတ်ကရှင်းသွားရင် "သတိ၊ သမာဓိ"ကလည်း ကောင်းနေတဲ့ အတွက်ကြောင့် စိတ်ကို အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက် ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည် မနေဘူး။ "ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး"။ကြားလိုက်ပြီးတော့ ဘာသံမှန်း မသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။

အတွေးတစ်ခု ပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလို ဖြစ်သွားတာ နဲ ့ ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာ နဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို "ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်"ထိ မရောက်တော့ဘူး။ တစ်ခုခု ဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။ အဲဒီလို "သတိ သမာဓိ" ကောင်းနေရင် စိတ်က တခြား အာရုံတွေကိုပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်ကို ဒီအတိုင်း လွှတ်ထားလို ့ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့...
"တရားက သူ့ဟာသူ အားထုတ်နေတာပါလား" လို ့ တွေးမိတယ်။
ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို ့ သိလာတယ်။

ပြင်ပ ကာမဂုဏ်အာရုံ တွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက် သိနေတဲ့ အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။
သိနေတဲ့ စိတ်ကလေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့ စိတ်ကလေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။ ငြိမ်သက်နေတာ သက်သက်ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သဘော မှာလည်း အနိစ္စသဘော ပါတယ်။
သိတာကလည်း တစ်ချက်ချင်း၊တစ်ချက်ချင်း သိတယ် ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။ "သတိ၊ သမာဓိ" သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာ ဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက် ကြည့်တတ်ရင် အလွန်သိမ်မွေ ့တဲ့ စိတ်တွေ ဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။

တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမှ မပေါ်လာတော့ဘူးလို ့ ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ "အာကိဥ္စညာယတန" ဆိုတဲ့ "အရူပစျာန်"နဲ ့ အတော်လေး သွားတူနေတယ်။ တစ်ခါတလေ သိနေတာလေးက "သိမ်မွေ ့လွန်း"လို ့ "သိသလိုလို မသိသလိုလို" တောင် ဖြစ်တတ်တယ်။ အဲဒီလို ဖြစ်ပြီဆိုရင် အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားရမှာဖြစ်ပါတယ်။ မသိလို ့ရှိရင် ဘာမှ ရှုမှတ်စရာမရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတတ်တယ်။ ဒီအချက်က သိပ်အရေးကြီးပါတယ်။

တစ်ခါတလေ အဲဒါကိုပဲ "တရားထူး"လို ့ ထင်တတ်တယ်။
ဘာမှ မရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမှ မသိသလို ဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလား ဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို ့ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။
*လောကုတ္တရာစိတ် က သိတာကို ပြန်သိလို ့မရတော့ပါဘူး*

ဒီလိုအားထုတ်လို ့ အဆင်ပြေလာတဲ့ အခါမျိုးမှာ ကိုယ့်ရဲ ့အားထုတ်မှုကို ရပ်တန် ့မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို ့ အရေးကြီးပါတယ်။
တချို့ဓမ္မမိတ်ဆွေတွေဟာ သူတို ့အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ် ဆိုရင် အများကြီး တိုးတက် သွားနိုင်ပါတယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်လာမှာပါ။
ဓမ္မမိတ်ဆွေတို ့အနေနဲ ့မိမိရှုမှတ်နေတဲ့ ကမ္မဌာန်းတရား ကို သံသယ မဖြစ်ဘဲ.. သတိ ကို လက်မလွှတ်ပဲ၊ ဉာဏ်အားစိုက်ပြီး ကျင့်ကြံအားထုတ်ရင်ဖြင့် မြင့်သည်ထက် မြင့်တဲ့ဘက်ကို ဦးတည်ပြီး နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရိယာသူတော်ကောင်းတွေဖြစ်ပြီး "အရဟတ္တမဂ်" ရဖို ့အသေခြာဆုံးဖြစ်သွားမှာပါ.. လို ့တင်ပြရင်း ဓမ္မဒါန ပြုလိုက်ပါသည်။

( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့်
စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား (ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)၏“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်” မှ ကောက်နှုတ်၍ ရေးသားဖေါ်ပြပါသည်။