ကမ္ဘာ့ရွာကြီးထဲမှာ အမျိုးဘာသာ သာသနာတရားဆိုတာ တို့ဆီလာရုံနဲ့လည်း မရ တို့ဟောတာ နာရုံလေးနဲ့လည်း မရပါဘူးဗျာ။ အိမ်မှာပဲ နေနေ ၊ လုပ်ငန်းခွင်မှာပဲရှိရှိ အမှတ်သတိလေး အမြဲရှိနေမှ တရားနဲ့နေတယ် ခေါ်ရမှာ။ ဒီနေ့ကမ္ဘာလောကကြီး ဒုက္ခပင် လယ်ဝေနေချိန်မှာ နေတတ်အောင် နေတတ်ဖို့ အရေးကြီးတယ်။ ဒုက္ခတွေ ဘယ်လောက်များများ ချမ်းသာ အောင်နေတတ်ရတယ်။ ချမ်းသာတယ်ဆိုတာ ပစ္စည်းရှိတာနဲ့ မဆိုင်ဘူး။ မနေတတ်ရင် ပစ္စညး်ရှိလေ ရာထူးကြီး လေ ဆင်းရဲ လေပဲ။

သန္တုဌိ-ရောင့်ရဲဲခြင်းတရားလက်ကိုင် မထားရင် ချမ်းသာလေလေ ပစ္စည်းရှိလေ ဆင်းရဲလေပဲ။ ရောင့်ရဲခြင်း ဆိုတာ ဘာမှမလုပ်ပဲ ထိုင်နေဖို့ ပြောတာမဟုတ်ဘူး။ လူဖြစ်လာတာ လူ့တာဝန် ၊ လူ့အလုပ်တွေ လုပ်နေရမှာပါပဲ။ ဒါပေမယ့် လောဘခိုင်းသမျှ လိုက်လုပ်နေရင် စိတ်အေးအေး မနေနိုင်တော့ဘူး။ လောဘခိုင်းတာ လုပ်ရင် ပစ္စည်းရချင်ရမယ်။ စိတ်ချမ်းသာမှုကို မရနိုင်ဘူး။ လောဘစိတ်က တစ်ခုရပြီး နောက်တစ်ခု ထပ်လိုချင်၊ နောက်ဆုံးရှိသမျှ အကုန်လိုချင်ဆိုတော့ စိတ်မအေးနိုင်တော့ဘူး။

တို့ရှမ်းပြည်နယ် သုဝဏ္ဏသျှမ်တောင်နေခဲ့တုန်းက လားဟူ၊ လီရှော တိုင်းရင်းသားတွေကြား နေခဲ့ရတာ။ အဲဒီမှာ လီရှောတွေရဲ ့ဘဝနေနည်းကို သတိပြုမိတယ်။ လီရှောတွေဆိုတာ ဒီနေ့ခေတ်ကြီးမှာ ကမ္ဘာဦးတုန်းက လိုပဲ မြေကြီးပေါ်ပဲနေကြ အိပ်ကြတာ။ အိမ်ကို မိုးထားပုံက မြက်ပေါ်မြက်ထပ်ပြီး မိုးထားတာ ။ လားဟူက သက်ကယ် ကို အသုံးပြုတတ်တယ် ။ နေတော့လည်း အခင်းလေးပါသေးတယ်။ ဘယ်လောက်ရောင့်ရဲ ကြလဲဗျာ။ သူ့ရိုးရာ သူ့ဓလေ့နဲ့ အေးအေးချမ်းချမ်း နေတတ်လိုက်ကြတာ။ သာသနာပြုတယ်ဆိုတာလည်း သူတို့ဓလေ့ကို သိမှ လေးစားမှ အောင်မြင်တယ်။ သူတို့ ဓလေ့နဲ့ကိုက်အောင် ဗုဒ္ဓဘာသာနဲ့ ပြုပြင်ပေးရတယ်။

ဒီနေ့ခေတ်ကတော့ဗျာ ၊ ဓလေ့တွေရောကုန်ပြီ။ အင်တာနက်ခေတ်ဆိုတာကိုးဗျ။ ကမ္ဘာကြီးကလည်း ရွာဖြစ် အရှေ့အနောက် ဓလေ့တွေရောကုန်ပြီ။ ဟိုက ထိုင်ရာမထ လွှတ်လိုက်တဲ့ ဓလေ့ဆန်းတွေက တန်းခနဲ ရောက်လာတာ ၊ ဒီလိုခေတ်ကြီးထဲမှာ တို့လူဖြစ်ရမှာ ၊ ငယ်သူတွေ သတိထားရတော့မယ်။ ဓလေ့ချင်း လူမျိုးချင်း အရောခံရတော့မယ်နော်။ ဘာသာချင်းပါ အနှောခံရတော့မယ်။ သတိကြီးကြီးထားပြီး နေကြရတော့မယ်။

တို့ရဟန်းဖြစ်စက ရွှေဘိုဝေဠုဝန်ကျောင်းမှာ နေခဲ့တာကိုး။ အဲဒီမှာ လှူကြတန်းကြတဲ့ ဆွမ်းဟင်းတွေကို ဟင်းလေးအိုးကြီး ဆိုပြီး ဟင်းပေါင်းလုပ်လိုက်ပါရောဗျ။ ကြက် ဝက် ငါး သရက်ချဉ် စသည်ဖြင့် အကုန်ရောထား ပေါင်းစပ်ထားလိုက်တာ ။ ကြက်ကလည်း ကြက်အရသာ မထွက်တော့ဘူး။ ဝက်လည်း ဒီလိုပဲ ။ ငါးလည်း အတူတူပဲ။ ဘူးသီး ၊ ဖရုံသီးတွေ အရသာ သီးခြားအရသာရယ်လို့ ရှာမတွေ့တော့ဘူး။ အားလုံးရောကုန်ပြီ။

ဒီဟင်းလေးအိုးကြီးထဲမှာ ကြက်လည်း ကြက်အရသာပျက် မကောင်းတော့ဘူး။ ဝက်လည်း ဝက်အရသာပျက် မကောင်းတော့ဘူး။ အဲဒီတော့ ဟင်းလေးအိုးကြီးထဲက အသားမဖြစ်ကြစေနဲ့ ။ ဖြစ်ခြင်းဖြစ် ဆား ပဲဖြစ်ကြပါစေ။ ကြက် ဝက် ဆိုတဲ့ အသားတွေအရသာ ပျက်သွားပေမယ့် ဆားကတော့ ငန်တဲ့အရသာ မပျက်ဘူးနော်။

အဲဒီတော့ ဒီနေ့ကမ္ဘာရွာကြီးဆိုပြီး ဓလေ့ပေါင်းစုံ ရောမွှေခံနေရချိန်မှာ ကိုယ့်လူမျိုးရဲ ့ ဓလေ့၊ ကိုယ့်လူမျိုးရဲ ့ ဘာသာသာသနာ ဓလေ့ထုံးတမ်းစဉ်လာကောင်းတွေကို မစွန့်ကြပါနဲ့ ၊ အသားလိုမကျင့်နဲ့ ဆားလိုကျင့်ရမယ့် အချိန်ပါ။ ကိုယ့်လူမျိုးရဲ ့ သတ္တိကို မစွန့်ပါနဲ့ ……. ။

မဟာဗောဓိမြိုင် ဆရာတော် ဘုရား မှ
မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)

(၂၈-၃-၂၀၁၀ ရွှေဘို ဒကာ၊ ဒကာမများအား ဟောကြားသောတရားတော်မှ)