အမေး။ ။အရှင်ဘုရား….တရားအားထုတ်ရင် စကားမပြောရဘူး၊ စကားဟာ တရားရဲ့အနှောက်အယှက်ဖြစ်တယ်လို့ပဲ သင်ကြားနာယူခဲ့ရဘူးပါ တယ်။ ဒါပေမဲ့ နောက်ပိုင်းတရားစခန်းတွေမှာတော့ စကားပြောရင် သတိနဲ့ပြောတာကို တရားစခန်းမှာ လေ့ကျင့်ရမယ် အပြင်ရောက်ရင် ကျင့်ဖို့ ဆိုတာ မဖြစ်နို်င်ဘူး။ ဒါကြောင့် သတိထားတတ်အောင် စခန်းဝင်နေတဲ့အချိန်လဲ စကားပြောရမယ်။ သတိနဲ့ပြောရမယ် လို့ ညွန်ကြားလာတာတွေ ကြားလာရပါတယ်ဘုရား။ ဆရာတော်ကြီးတစ်ပါးရဲ့ ဟောတရားထဲမှာ “စကားမပြောရင် သမ္မာဝါစာမဖြစ်လို့ မဂ္ဂင်တစ်ပါး ချို့ယွင်းနေသလိုလို” ပြောသွားပါတယ်။ ဒါဆိုရင် ဒီယောဂီတွေက မဂ္ဂင် ၈-ပါး မပြည့်လို့ တရားမရကြတော့ဘူးလို့ အဓိပ္ပါယ် ဖြစ်နေပါတယ်။ တပည့်တော်သိချင်တာက တရားကျင့်ရင် စကားပြောရမှာလား မပြောရဘူးလား ဆိုတာကို တိတိကျကျ သိချင်ပါတယ်ဘုရား။
Dr ဒေါ်စန္ဒဝတီ
မြိတ်-မဟာစည်

အဖြေ။ ။ တရားစခန်းမှာ သတိနဲ့စကားပြောတတ်အောင်လေ့ကျင့်ရမယ်ဆိုတာက မဟုတ်သေးပါဘူး။ တကယ်က သတိနဲ့စကားပြောတတ် အောင်လေ့ကျင့်ဖို့ထက် သတိနဲ့ တရားရှုမှတ်တတ်ဖို့က ပိုပြီးအရေးကြီးပါတယ်။
တရားအားထုတ်တဲ့အခါ သတိနဲ့စကားပြောရတယ် ဆိုတာက မဖြစ်မနေစကားပြောဖို့ လိုအပ်တာရှိရင် စကားပြောရပါမယ်။ ပြောတဲ့အခါ သတိနဲ့ပြောရပါမယ်။ စကားပြောဖို့ လုံးဝမလိုအပ်ဘူးဆိုရင်တော့ စကားမပြောဘဲ တရားရှုမှတ်နေက ပိုမို ကောင်းမွန်ပါတယ်။ ယခုအခါ အချို့တရားစခန်းတွေမှာ တရားအားထုတ်ရင် ဝစီပိတ်ဆိုပြီး စကားမပြောဘဲအားထုတ်နေကြပါတယ်။ လိုအပ်တာရှိလဲ စကားမပြောရဘူးဆိုရင် အဆင်မပြေပါဘူး။ လုံးဝစကားပြောရဘူးဆိုတာတော့ မဖြစ်နို်င်ပါဘူး။
ပြောချင်တာက တရားနဲ့စပ်လို့ အခက်အခဲတွေကိုတင်ပြဖို့ လိုအပ်လာပါက တိုကျဉ်းလိုရင်းပြောရမှာ ဖြစ်ပြီး မလိုအပ်ပါက လုံးဝမပြောဘဲ တရားရှုမှတ်နေရပါမယ်။
စကားမပြောရင် မဂ္ဂင်တစ်ပါးချွတ်ယွင်းနေတယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောပါ့မယ်။
သမ္မာဝါစာဆိုတာ မဂ္ဂင်ထဲသွင်းရင် သီလမဂ္ဂင်ပါ။ ဒါတင်မက သမ္မာကမ္မ န္တ သမ္မာအာဇီဝ ဆိုတဲ့မဂ္ဂင်နှစ်ပါးလဲ သီလမဂ္ဂင်ပါပဲ။ မဂ္ဂင်ရှစ် ပါးမှာ သီလမဂ္ဂင်ကသုံးပါးပါပါတယ်။
မှန်တဲ့စကားကို ပြောဆိုရင် သမ္မာဝါစာဖြစ်မယ်ဆိုပြီး တရားကျင့်ရင်းစကားပြောရမယ်ဆိုရင် သီလမဂ္ဂင်ထဲကကျန်တဲ့ သမ္မာအာဇီဝကို လဲသတိ ထားရတော့မှာပါ။ သမ္မာအာဇီဝဆိုတာ မှန်ကန်တဲ့အသက်မွေးဝမ်းကျောင်းမှုဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင်် တရားအားထုတ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ပါ လုပ်ရတော့မလိုဖြစ်နေပါပြီ။ စကားမပြောရင် သမ္မာဝါစာမဖြစ်လို့ မဂ္ဂင်တစ်ပါး ချွတ်ယွင်းနေတယ်ဆိုရင် တရားအားထုတ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်းမှုမလုပ်ဘူးဆိုရင်လဲ မဂ္ဂင်တစ်ပါးချွတ်ယွင်းနေတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဆရာတော်ကြီး ရဲ့အလိုက သမ္မာဝါစာပေါ်လွင်အောင် အသားပေးပြီး ဟောတာလဲ ဖြစ်ချင်ဖြစ်နို်င်ပါတယ်။
အမှန်က တရားရှုမှတ်တဲ့သူများဟာ အစဦးမှာ သီလဆောက်တည်ရပါတယ်။ သီလဆိုတာ ကိုယ်နဲ့နှုတ်ကိုစောင့်ထိမ်းတာပါ။ သီလမဂ္ဂင်ကလဲ ကိုယ်နဲ့နှုတ်ကိုစောင့်ထိမ်းတာပါပဲ။ ဆက်လက်ပြီး တရားအားထုတ်တဲ့အခါ မဂ္ဂင်ဖြစ်ပေါ်ပုံကို ပြောပါ့မယ်။
ဖြစ်ပေါ်လာတဲ့အာရုံကို မှတ်သိနိုင်ဖို့အတွက် ကြောင့်ကျစိုက်ပေးတာ သမ္မာဝါယမမဂ္ဂင်ပါ။ ဖြစ်ပေါ်တိုင်းအာရုံများကို သတိဖြင့် အမှတ်ရ နေတာက သမ္မာသတိမဂ္ဂင်ပါ။ ဖြစ်ပေါ်လာတဲ့အာရုံပေါ်မှာ မှတ်သိစိတ်လေး တည်နေတာက သမ္မာသမာဓိမဂ္ဂင်ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အာရုံပေါ်မှာ မှတ်သိနိုင်အောင် အာရုံပေါ်သို့ မှတ်သိစိတ်ကို တင်တင်ပေးရတယ် အဲဒါကို သမ္မာသင်္ကပ္ပမဂ္ဂင် လို့ခေါ်ပါတယ်။ ဖြစ်ပေါ်လာတဲ့အာရုံမှာ အမှန်အတိုင်းသိမြင်နေတာက သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ တရားအားထုတ်တဲ့အခါ မဂ္ဂင်ငါးပါး (သမာဓိမဂ္ဂင်နဲ့ပညာမဂ္ဂင်)က ရှုမှတ် ချက်တိုင်းမှာ ပါနေပါတယ်။ တရားအားထုတ်လို့ဉာဏ်အားပြည့်တဲ့အခါ မဂ်ဖိုလ်နိဗ္ဗာန်မျက် မှောက်ပြုသွားရင် သီလမဂ္ဂင်ပါ ပြည့်စုံသွား တော့တာပါ။

« ပြန်ခေါက်ထားရန်

စာရေးသူ- ဦးကောဝိဒ(မြိတ်)