အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။ ပန်းနံ့သာတို့ဖြင့်ပူဇော်တာထက် သီလ သမာဓိ ပညာတို့ဖြင့် ပူဇော်တာက အမြတ်ဆုံးရယ်လို့ ဟောတော်မူ တဲ့အကြောင်းအရင်းက ဘုရားရှင်ဟာ ပရိသတ်ကို ချီးမြောက်လိုတော်မူတာကတစ်ကြောင်း၊ သာသနာတော်ကြီး အရှည်တည်တံ့ခြင်းကို လိုလားတော်မူတာက တစ်ကြောင်း ဖြစ်ပါတယ်။
ဒီလိုသာဟောတော်မမူခဲ့ဘူးဆိုရင် နောင်အခါမှာ သီလ သမာဓိ ပညာနဲ့ပတ်သက်ပြီး ဟောပြောတိုက်တွန်းမှု နည်းပါးလာကာ ဘာဝနာ တရားအားထုတ်မှုမရှိတော့။ ပန်းနံ့သာစတာတွေနဲ့ ပူဇော်ရတဲ့အကျိုးကိုသာဟောပြောညွန်ကြားကာ ဒကာ-ဒကာမများ အလှှူဒါန(အာမိသပူဇာ) ကိုသာ ပြုနေရစ်ကြပါလိမ့်မယ်။
သာသနိကအဆောက်အအုံဖြစ်တဲ့ ကျောင်းကန်ဘုရားများဟာ သာသနာကို အရှည်တည်တံ့အောင် မစွမ်းဆောင် နိုင်ပါဘူး။ လှူဒါန်းပူဇော်သူရဲ့ လူနတ်နိဗ္ဗာန် သုံးတန်ချမ်းသာအတွက်သာ ဖြစ်တယ်။
အမှန်က ကောင်းမွန်တဲ့အကျင့်ဆိုတဲ့ သီလ သမာဓိ ပညာအကျင့်တရားတွေကသာ သာသနာတော်ကြီး အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါတယ်။ အာမိသာပူဇာကို အကျိုးမရှိဘူးလို့ ဟောတော်မမူသလို ပယ်တာလဲမဟုတ်ဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဒါကြောင့် အခုခေတ်တရားပွဲတွေမှာ အချို့တရားဟောဆရာများက ဘုရားမှာ အာမိသပူဇာဖြစ်တဲ့ ပန်းနံ့သာစတာတွေကို လှူရင် အပိုအလုပ်တွေပါလို့ ဟောနေပြောနေကြတာတွေကို စာချစ်သူများအား သတိထားဖို့ပြောပါရစေ၊ ဒီဝါဒဟာ ဟိုယခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အဓမ္မ အယူဝါဒဖြစ်ပါတယ်။ (မဟာဗုဒ္ဓဝင်၊ပဥ္စမတွဲ၊နှာ-၄၂၆-၄၂၇)

စာရေးသူ- ဦးကောဝိဒ(မြိတ)်