" ဝိပဿနာ " ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ တို့ ဟာ...
မိမိတို့ ရဲ့ ယုံကြည်မှုအလျောက် ကျင့်ကြံအားထုတ်ကြရင်း ဖြစ်ပေါ်လာတဲ့ သဒ္ဓါတရားစိတ်တွေဟာ ဟိုးအရင် တရားအားမထုတ်ခင်တုန်းက နဲ့ မတူတော့ဘဲ ဘုရား၊တရား၊သံဃာ ကို အရင်ကထက်ပိုပြီး သက်ဝင်ယုံကြည်လာကြပါတော့တယ်။ တစ်ချို့ တစ်ချို့ ဓမ္မမိတ်ဆွေတို့ ဟာ ကျင့်ကြံအားထုတ်မှုတွေ ကောင်းလာကြတာနဲ့ အမျှ မိမိတို့ ရဲ့ သဏ္ဌာန်မှာ သဒ္ဓါတရားစိတ်တွေဟာ မြင့်သထက်မြင့်လာကြပြီး၊ ဘုရားစင်ရှေ့ တရားထိုင်တဲ့အချိန်ကာလ အတွင်းတောင် မဟုတ်တော့ဘဲ၊ သွားရင်း၊ လာရင်း၊ လုပ်ရင်း၊ ကိုင်ရင်း နဲ့ တောင် ရှုမှတ်လာကြပါတော့တယ်။
တစ်ချို့ ဓမ္မမိတ်ဆွေတွေကျတော့လည်း အဲဒီလို သွားရင်း၊ လာရင်း ရှုမှတ်ချင်ကြလို့  ရှုမှတ်ဖို့ ကြိုးစားကြည့်ကြပါတယ်။ ဒါပေမယ့် ရိပ်သာတို့ ၊ မိမိနေအိမ် ဘုရားစဉ်ရှေ့ မှာတို့ စတဲ့ နေရာတွေမှာ တရားအားထုတ်သလို ရှုမှတ်တဲ့အာရုံကို ထားလို့ မရ၊ ဘယ်လိုရှုမှတ်ရမယ်ဆိုတာလည်း မသိဘဲ အစရှိတဲ့ အခက်ခဲတွေနဲ့  အဆင်မပြေဖြစ်ကြတဲ့ ဓမ္မမိတ်ဆွေတို့ လည်း ရှိကောင်း ရှိနိုင်ပါတယ်။
ဒီတော့.. ဝိပဿနာ အလုပ်ဆိုတာ နေရာ ဒေသ မရွေး၊ အလုပ်မရွေး၊ အချိန်မရွေး ရှုလို့ ရတယ်ဆိုတာ သိထားကြတော့..
"ဘယ်လိုရှုမှတ်ရမှာလဲ"...ဆိုတဲ့
သိချင်တဲ့ အဲဒီလို စိတ်မျိုး ဖြစ်ပေါ်ဖူးခဲ့တဲ့အလျောက်....
ဓမ္မမိတ်ဆွေတို့ ကိုလည်း သိရှိနားလည်စေချင်တဲ့ စေတနာ နဲ့  ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ ရဲ့ ဝိပဿနာသင်တန်းအမေးအဖြေ တွေထဲက ကိုးကားပြီး သွားရင်း လာရင်း တရားအားထုတ်ပုံက ဘယ်လိုလဲ ဆိုတာ ရေးသား ဓမ္မဒါန ပြုလိုက်ပါတယ်။
တကယ်တော့..
မြင့်မြတ်လှတဲ့ " ဝိပဿနာ " အကျင့်တရားကို အချိန်မရွေး၊ နေရာမရွေး၊ အလုပ်မရွေး၊ ဣရိယာပုတ် မရွေး ရှုမှတ်ပွားများနိုင်ပါတယ် လို့ ဦးစွာ အသိပေးပါရစေ။
အခုလို ရေးသားတင်ပြမှုနဲ့ ပတ်သက်ပြီး...
" ဝိဇ္ဇာ ၊ စရဏ "ဆိုတဲ့အကြောင်း နဲ့ အပ်စပ်မှုရှိနေတဲ့အတွက် ၊ ရှေးဦးစွာ " ဝိဇ္ဇာ နဲ့ စရဏ " အကြောင်း ကို အကျဉ်းချုံးပြီး အနည်းငယ် တင်ပြခွင့်ပြုပါ။
"ဝိဇ္ဇာ " ဆိုတာ သိမြင် တတ်မြောက်မှု၊
" စရဏ " ဆိုတာ လိုက်နာ ကျင့်သုံးမှု၊ ကျင့်ကြံမှု ပဲ ဖြစ်ပါတယ်။
လောက မှာ သက်ရှိသတ္တဝါ တွေ အနက် ဘယ်ပုဂ္ဂိုလ် ဘယ်သတ္တဝါ မဆို "အသိ နဲ့ အကျင့် " နှစ်မျိုးစလုံး လိုအပ်ပါတယ်။ သတ္တဝါလို့ ဆိုလိုက်တဲ့ အနက် ( ၃၁ ) ဘုံမှာ အဆင့်မြင့်ပါတယ် ဆိုတဲ့ လူ၊ နတ်၊ ဗြဟ္မာတွေ ကို မဆိုထား နဲ့ အဆင့်နိမ့်တယ်ဆိုတဲ့ အပါယ်ဘုံထဲ မှာပါတဲ့ တိရစ္ဆာန်တွေတောင် "သိတတ်မှု၊ လိုက်နာကျင့်သုံးမှု" တွေ လိုအပ်ပါတယ်။
ဒီနေရာမှာ ဓမ္မမိတ်ဆွေတို့ အနေနဲ့ ...
" တိရစ္ဆာန်ဖြစ်မှတော့ "သိတတ်မှု၊ လိုက်နာကျင့်သုံးမှု" လုပ်လို့ ရပါ့မလားဆိုပြီး စောတကတက် စရာရှိပါတယ်။
ဒီလိုရှိပါတယ်၊
တိရစ္ဆာန်ဖြစ်ပြီး ပြောတဲ့အတိုင်း နားထောင်တဲ့ ၊ ခိုင်းတဲ့အတိုင်း လုပ်တဲ့၊ ညွန်ကြား သင်ပြထားတဲ့အတိုင်း နားလည်တဲ့ တိရစ္ဆာန် တွေ များစွာရှိပါတယ်။ဒါ့အပြင်...
မသိ၊ နားမလည်၊ ပြောတဲ့အတိုင်း လည်းမလုပ်၊ ရိုင်းစိုင်းပြီး ဒီကြားထဲ ရန်မူချင်တဲ့ ရန်မူတတ်တဲ့ တိရစ္ဆာန် မျိုးတွေလည်းရှိပါတယ်။ အဲဒီတိရစ္ဆာန်မျိုးတွေကိုတော့ဘယ်သူက မှ မကြည်ဖြူပါဘူး၊ လက်မခံ လိုကြပါဘူး၊ တိရစ္ဆာန်ချစ်တဲ့ သူတွေကတောင် မှ အဲဒီလို မသိတတ်၊ မလိုက်နာတတ်တဲ့ တိရစ္ဆာန်တွေကို မချစ် မနှစ်သက်ကြပါဘူး။
အိမ်မွေး တိရစ္ဆာန်တွေ မှာတောင် အိပ်ရာပေါ်၊ ခေါင်းအုံးပေါ် စတဲ့နေရာတွေမှာ ကျင်ကြီး ကျင်ငယ်စွန့်တတ်တဲ့ တိရစ္ဆာန်တွေ၊ စားဦး စားဖျား နဲ့ အမြတ်တနိုးထားတဲ့ စားဖွယ် သောက်ဖွယ် အသုံးအဆောင်တွေ ကို ခိုးစားတတ်၊ ဖျက်ဆီးတတ်တဲ့ တိရစ္ဆာန်တွေ မှာ အများရဲ့  အော့ကြောလန်ခံရပါတယ်။ သည်းခံ ခွင့်လွှတ်နိုင်ပါတယ် ဆိုသူတွေတောင် သည်းမခံနိုင်ကြဘူး၊ ခွင့် မလွှတ်နိုင်ကြပါဘူး။
အဲဒါကို ထောက်ရှုပြီးတော့ တိရစ္ဆာန်တွေတောင် " သိတတ်မှု၊ လိုက်နာကျင့်သုံးမှု" ဆိုတာ လိုအပ်သေးရင် လူပုဂ္ဂိုလ် တွေ အဖို့ ၊ အထူးပြောဖို့ လိုမယ်မထင်ပါဘူး..နော်။
" လူ " ဆိုတဲ့ ဝေါဟာရကို " ပါဠိစကား " မှာ "မနုဿ" ဆိုပြီး"သိတတ်သူ၊ စိတ်ထားမြင့်မြတ်သူ " လို့ သုံးနှုန်းထားပါတယ်။
ဒါပေမဲ့..
လူတိုင်း၊ လူတိုင်းဟာ "သိတတ်သူ အသိဉာဏ် ရှိသူ" လားလို့ ဆိုတာတော့ မဟုတ်ပါဘူး။ သင်ယူမှတ်သား မှသာ "သိတတ်သူ" ဖြစ်မှာပါ။ မသင်ယူ မမှတ်သားထားတဲ့ သူဆိုရင်တော့ သိတတ်သူ မဖြစ်နိုင်ပါဘူး။ သိတတ်သူ အသိဉာဏ်ရှိတဲ့ လူဖြစ်ဖို့ အတွက် သင်ဆရာ၊ မြင်ဆရာ တွေကနေပြီးတော့လိုအပ်တဲ့ "အသိပညာ၊ အတတ်ပညာ" တွေ ကို သင်ယူ မှတ်သား ရမှာဖြစ်ပါတယ်။
သင်ယူခြင်း ရဲ့ ရည်ရွယ်ချက် ကလည်း "တတ်သိဖို့ "ဖြစ်ပါတယ်။ တတ်သိခြင်း ရဲ့ ဦးတည်ချက် က တော့ "ကျင့်သုံးဖို့ "ပဲဖြစ်ပါတယ်။ အဲဒီ "ကျင့်သုံးခြင်း" ရဲ့  ပန်းတိုင်ကတော့ "အကျိုး"ရရှိဖို့ ပါ။
မိမိလိုအပ်တဲ့ "အကျိုး" ကို ရဖို့ သင်ယူခြင်းမရှိဘူး၊ သင်ယူထားတယ် ဆိုတာတောင် မကျင့်သုံးဘူးဆိုရင် အဲဒီ "အကျိုး" ကို မရနိုင်ပါဘူး။ လိုရင်းပန်းတိုင် လှမ်းကိုင်နိုင်ဖို့ သိရုံ နဲ့ မပြီးတဲ့အပြင် ၊ လိုက်နာ ကျင့်သုံးမှသာ ပြီးစီးနိုင်မှာဖြစ်ပါတယ်။
တချို့ တတ်သိရုံ လောက် နဲ့  ပြည့်စုံတယ်လို့ ထင်နေကြတဲ့ သူတွေလည်းရှိပါတယ်။
ဥပမာ..ဆရာဝန်ဘွဲ့ ရယူ ထားခြင်း ဟာ ဆေးကုသ ဖို့ အတွက် နဲ့ ကျန်းမာရေးအတွက် အထောက်ကူပြုရန်ဖြစ်ပါတယ်။ ဆေးကုသမှု လည်းမရှိ၊ ကျန်းမာရေးအတွက်လည်း အထောက်ကူမပြုတဲ့ ဆရာဝန်တွေ အတွက် ဆရာဝန်ဘွဲ့ရဖို့ သင်ကြားရကျိုးမနပ်တဲ့ ဆရာဝန်များဖြစ်ပါတယ်။ အဲဒီလိုပါပဲ ဓမ္မာစရိယဘွဲ့၊ ဘီအေဘွဲ့စတဲ့ ဘွဲ့ထူးဂုဏ်ထူးရရှိထားပေမဲ့လည်း မိမိတတ်သိ၊ တတ်ကျွမ်းမှုဆိုင်ရာတွေ မှာ ကျင့်သုံးမှု မရှိဘူးဆိုရင်လည်း အချည်းနှီးသာ ဖြစ်ရပါတယ်။

“ရေမရှိကန်၊ ဆန်မဲ့စပါး
တရားမဲ့ မင်း၊ ခိုးကင်းသည့် မီး ၊
ဤလေးသီးကား၊ ချည်းနှီးမျှသာ၊
လူမှာ တစ်စိ၊ အကျိုးမရှိဘူး ”
ဆိုပြီး မန်လည်ဆရာတော်ရဲ့ " မဃဒေဝလင်္ကာ" ကျမ်းမှာ ရေးသားခဲ့တဲ့ အကျိုးမပြီးသော အရာများဖြစ်ပါတယ် ဆိုပြီး အရေးအသားတွေက သက်သေခံပါတယ်။
ဆေးစာ သက်သက် နဲ့  ရောဂါမပျောက်ကင်းနိုင်၊ ဆေးဖော်စားမှသာ ရောဂါပျောက်ကင်း နိုင်မယ်.. တဲ့။
အဓိပ္ပါယ်ကတော့...
“တတ်သိရုံနှင့် မပြီး၊ တတ်သိထားတဲ့ ပညာရပ်အပေါ် လိုက်နာ ကျင့်သုံးဖို့ လိုပါသေးတယ်" လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

အလုပ် လုပ်ရင်း ၊ သွားရင်း၊ လာရင်း၊ စားရင်း၊ သောက်ရင်း ဝိပဿနာ ရှုမှတ်လို့ မရဘူး၊ ပွားများလို့ မရဘူး၊ အားထုတ်လို့ မရနိုင်ဘူး ဆိုတာဟာ ...
တစ်ကယ်တော့...
ဝိပဿနာ ရဲ့ သဘောကို သေသေခြာခြာ မသိသေးတာရယ်၊ အားထုတ်တာကိုလည်းပဲ နားမလည်သေးလို့ ပါ.. လို့ ပဲဆိုပါရစေ။
ဝိပဿနာ ဆိုတာ ဉာဏ် အလုပ်ဖြစ်တဲ့အတွက် ဒီနေရာမှာ တရားအားထုတ်တာနဲ့ ပါတ်သက်ပြီးတော့ " အသိ " ( ၃ ) မျိုး ကို ဥပမာပေးပြီး ရှင်းပြချင်ပါတယ်။
( ၁ ) စိတ်အသိ
( ၂ ) သညာအသိ
( ၃ ) ပညာအသိ တို့ ပဲ ဖြစ်ပါတယ်။

( ၁ ) အာရုံ ခြောက်ပါးဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အာရုံ နဲ့ ဆုံတိုင်း၊ ဆုံတိုင်း ဘယ်အာရုံ ကို မဆို သိတတ်တဲ့ " စိတ်ရဲ့ အသိ"၊
( ၂ ) အဲဒီ " စိတ် " ထဲမှာပဲ စိတ်နဲ့ အတူ၊ အရောင် အဆင်း ပုံသဏ္ဌာန်ဆိုပြီး အရင်က မှတ်သားထားဖူးတဲ့အတိုင်း ပြန်ပြီးတော့ မှတ်သားသိသိနေတဲ့ " သညာ ရဲ့ အသိ "၊
( ၃ ) အဲဒီ " စိတ် " ထဲမှာပဲ "သညာအသိ " ထက် သာလွန်ပြီးတော့ ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြား အရှိသဘောအတိုင်း မှန်မှန်ကန်ကန်သိတဲ့ " ပညာ ရဲ့ အသိ " တို့ ဖြစ်ပါတယ်။
ဥပမာ...
ကလေး တစ်ယောက်ဟာ ရွာရိုးတစ်လျှောက် ပြေးလွှားဆော့ကစားနေရင်း လက်စွပ် တစ်ကွင်း ကောက်ရတယ် ဆိုပါစို့ ။
အဝါရောင်လေးပေါ့။ ကလေးက လက်စွပ်မှန်းတော့ သိပေမဲ့ ရွှေမှန်း၊ ကြေးမှန်း တော့ ဘယ်သိပါ့မလဲ။ ဒါကြောင့် လက်စွပ် ကို ယူလာပြီး အမေ ကို လာပြပါတယ်။ အမေ က " ဟယ် ရွှေလက်စွပ်လေးပါလား" ဆိုပြီး ဝမ်းသာအားရဖြစ်သွားတယ်။ " ရွှေလက်စွပ် " ဆိုတာတော့ သူသိပါတယ်။ ဒါပေမဲ့  မူးရည်၊ ပဲရည်၊ အခေါက် စတဲ့ ဘယ်လောက်တန်တယ် ..ဒါတွေတော့ သူမသိဘူးပေါ့။ဒါကြောင့် ပန်းတိမ်ဆိုင် ကိုသွားပါတယ်။ ပန်းတိမ်ဆရာကတော့ ရွှေလက်စွပ် ရဲ့ တန်ဖိုးကို မြင်တာနဲ့ ချက်ခြင်းသိပါတယ်။
( ၁ ) လက်စွပ်မှန်းသာသိတယ်ဆိုတဲ့..ကလေး၊
( ၂ ) ရွှေလက်စွပ်မှန်း သိတဲ့...မိခင်၊
( ၃ ) ရွှေလက်စွပ် တန်ဖိုးအထိ ခွဲခြားသိတယ်ဆိုတဲ့..ပန်းတိမ်ဆရာ ရယ်ဆိုပြီးတော့..
" အသိ " ( ၃ ) မျိုးကွဲပြားသွားပါတယ်။
ကလေး ရဲ့ အသိက... စိတ်သိ၊
မိခင် ရဲ့ အသိက... သညာသိ၊
ပန်းတိမ်ဆရာ ရဲ့ အသိက...ပညာသိ၊ ပဲ ဖြစ်ပါတယ်။
ဝိပဿနာ ဆိုတာ "ပညာအသိ " ဖြစ်ရမှာပါ။
တခြား သတိ နဲ့ သိတယ် ဆိုတဲ့ အသိတစ်မျိုးကတော့ ရှိပါသေးတယ်။ဥပမာ.. သိဖူးပြီးသား အာရုံတွေကို စိတ်ကပြန်သိတာ၊ မသွားစေလိုတဲ့ အာရုံ ကို မသွားမိအောင်၊ မလုပ်စေလိုတဲ့ အာရုံ ကို မလုပ်မိအောင် စိတ်ကိုစောင့်ရှောက်နိုင်တာ ဟာ သတိ ရဲ့ အသိ ပါပဲ။
ဗုဒ္ဓဘုရားရှင် ရဲ့ သာသနာမှာ အထက်မှာ ရေးသားတင်ပြခဲ့သလို " ဝိဇ္ဇာ နဲ့ စရဏ " ဖြစ်တဲ့ " အသိ နဲ့ အကျင့် " ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဓမ္မမိတ်ဆွေတို့ ဟာ တစ်ကယ့်ကို မှန်ကန်တဲ့ လမ်းပေါ်ရောက်နေတယ် ဆိုရင်တောင်မှ " အသိမှန်" နဲ့ ရောက်နေတာလား၊ " အကျင့်မှန်" နဲ့ ရောက်နေတဲ့ ပုဂ္ဂိုလ်လား ဆိုတာ ကွဲပြားပါသေးတယ်။
" ပညာဉာဏ်" ဆိုတာက" အသိမှန်" အလုပ်၊
" သတိ " နဲ့ သာဆိုရင် " အကျင့်မှန် " အလုပ်ဖြစ်ပါတယ်။ သတိ အားကောင်းလို့ ရှုတဲ့ အခါမှာ အကျင့်ရလာပြီးတော့၊ အကျင့်ကို အားကိုးတဲ့ ပုဂ္ဂိုလ်အတွက် ခါတိုင်း အလေ့အကျင့်ရှိတဲ့ အာရုံ ၊ အမူအယာ၊ အလုပ်၊ နှလုံးသွင်း အချိန်နဲ့ သာ အဆင်ပြေတတ်ပါတယ်။ အလုပ်လုပ်ရင်းကိုင်ရင်း၊ သွားရင်းလာရင်း နဲ့ ကျတော့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ အကျင့်တစ်ခုထဲကို အားကိုမိနေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
တစ်ကယ်တော့..,
သတိ ရော၊ ဉာဏ် ပါ၊ အကျင့်ရော၊ အသိပါ တစ်ထပ်တည်း အသုံးပြုတတ်အောင် ကြိုးစားစေချင်ပါတယ်။
ဓမ္မမိတ်ဆွေ တို့ တရားအားထုတ်နေကြတဲ့အခါ " စိတ်သိ၊ သညာသိ" လောက်နဲ့ ပဲ ကျေနပ်နေကြတာလား၊ "ပညာသိ" နဲ့ သိနေအောင်ကြိုးစားနေတာလား ဆိုတာ ဆန်းစစ်ကြဖို့ လိုပါလိမ့်မယ်။
ဝိပဿနာအားထုတ်တဲ့ အခါမှာ သတိပဌာန်( ၄ ) ပါးက ဘယ်ကမ္မဌာန်း ကိုပဲ ဦးတည်ထားပြီး ရှုပွားရှုပွား ၊ အဆုံး မှာတော့...ဓမ္မာနုပဿနာသတိပဌာန်အတွင်းသာ... စီးဝင်ရမှာ ဖြစ်ပါတယ်။
သတိ ကောင်းဖို့ အတွက် အလေ့အကျင့်သဘော၊ လုပ်နေကျ သဘော၊ ပြီးပြီးရေ သဘော နဲ့ ရှုမှတ်နေတဲ့ သဘောမျိုးတော့ မဖြစ်သင့်ပါဘူး။ တစ်ကယ်ကိုပဲ " သတိ" ကောင်းလို့ ရှိရင် " အသိ" လည်းကောင်းရမယ်ဆိုတဲ့ ကြိုးစားအားထုတ်မှုနဲ့ အားထုတ်ကြဖို့ လိုပါတယ်။
"ဝိဇ္ဇာ အသိ၊ စရဏ အကျင့်" နှစ်ခုတွဲပါမှသာ " ဝိဇ္ဇာစရဏသမ္ပန္န" ဂုဏ်တော် နဲ့ ပြည့်စုံတော်မူတဲ့ လမ်းစဉ်အမှန်ကိုရောက်မှာ ဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေ တို့ အနေနဲ့ ဆရာကောင်းတွေဆီမှာ နည်းနာခံယူပြီး၊ တစ်ကယ်လည်း ကျင့်ကြံ၊ ကျင့်ကြံသမျှလည်း "အသိ" တွေကတိုးလာမှာ ဖြစ်ပါတယ်။ ဒီသဘောကို နားလည်တယ်ဆိုရင်တော့ လုပ်ရင်း ကိုင်ရင်း၊ သွားရင်း လာရင်း နဲ့  ဘယ်လို တရားအားထုတ်ရတယ် ဆိုတာ မိမိဖာသာသဘောပေါက်နားလည်လာမှာပါ ။
အကျဉ်းချုပ်ရရင်တော့..
နေ့ စဉ် တရားအားထုတ်နေတာဟာ အကျင့်ကောင်းတစ်ခုဖြစ်ပေမဲ့ အသိအမှန် ဖြစ်နေအောင် လို့ ပညာဉာဏ် ပါတွဲဖက်ပြီး " ဝိဇ္ဇာ စရဏ" လက်ကိုင်ထားပြီဆိုရင်တော့ ဓမ္မမိတ်ဆွေတို့ ဟာ ဝိပဿနာဘာဝနာတရားကို နေရာမရွေး ရှုမှတ်နိုင်တဲ့ ပုဂ္ဂိုလ်ထူးတွေ ဖြစ်နေပါပြီဆိုတဲ့ ဒီစာစု နဲ့ ဓမ္မဒါနပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )