တချို့လူတွေက သံဃာတော်တွေ "ညီမ" လို့ ခေါ်တာကို မသင့်တော်ဘူးလို့ ထင်နေကြတယ် ...
တချို့ကလဲ ရဟန်းဆိုတာ ရဟန်းအသုံးဖြစ်တဲ့ "ဒကာမ" လို့ပဲ ခေါ်သင့်တယ်လို့ ပြောကြပါတယ် ...

အဲ့ဒါကြောင့် ရဟန်းတော်တွေအနေနဲ့ "ညီမ" လို့ ခေါ်တာ သင့်,မသင့်ကို ဝေဖန်ပြပါမယ် ...

 

မြန်မာလို "ညီမ" ဆိုတာ ပါဠိလိုဆိုရင် "ဘဂိနီ" ဆိုတဲ့ စကားလုံးနဲ့ တူပါတယ် ...

ပါဠိ"ဘဂိနိ"ဟာ အင်္ဂလိပ်လို "sister" နဲ့ ပိုပြီး တထပ်တည်းကျတယ်လို့ ပြောနိုင်ပါတယ် ...

ဘာလို့လဲဆိုတော့

"ဘဂိနိ" ဟာ အင်္ဂလိပ်"sister" လို ကိုယ့်ထက် ကြီးသူ,ငယ်သူ အမျိုးသမီးနှစ်​ယောက်လုံးကို ဆိုလိုတာမို့ပါ ...

မြန်မာ"ညီမ"ကတော့ ကိုယ့်ထက် ငယ်ရွယ်သူကိုပဲ ရည်ညွှန်းတာမို့ "ဘဂိနိ"နဲ့ သဘောတူရုံပဲရှိမှာပါ ...

"ဘဂိနိ" ဟာ "မညှိုးပန်း"လို့လဲ အဓိပ္ပါယ်ရှိပါတယ် ...

မညှိုးပန်းဟာ တင့်တယ်လှပသလို

အကိုတွေမောင်တွေရှိတဲ့ အမျိုးသမီးဟာလဲ တင့်တယ်လို့

အဲ့ဒီပန်းအမည်နဲ့တင်စားပြီး "ဘဂိနီ" လို့ ခေါ်ကြတာပါ ...

 

ရဟန်းတွေ ကိုယ့်ထက်ငယ်ရွယ်သူအမျိုးသမီးတွေကို ညီမလို့ခေါ်တာ သင့်,မသင့် ဆုံးဖြတ်မယ်ဆိုရင်

ဘုရားရှင်ခေတ်က ရဟန်းတွေ ဘယ်လိုခေါ်ခဲ့ကြသလဲ ကြည့်ဖို့ လိုပါတယ် ...

မြတ်စွာဘုရားရှင်ကတော့ အမျိုးသမီးတွေနဲ့တွေ့ရင် "ညီမ" လို့ သဘောထားကြဖို့ ဟောတာတွေရှိပါတယ် ...

ရဟန်းတော်တွေကလဲ အမျိုးသမီးတွေကို မြန်မာလို "ညီမ" နဲ့ သဘောထားတူတဲ့

ပါဠိ "ဘဂိနိ" ဆိုတဲ့ နာမ်စားနဲ့ ခေါ်ကြတာတွေ ရှိကြပါတယ် ...

ရဟန်းတော်တပါးဟာ သူ့မယားဟောင်းကို "ဘဂိနီ" လို့ ခေါ်လို့

အဲ့ဒီသူ့မယားဟောင်းဟာ မခံစားနိုင်တော့ပဲ မေ့တောင်လဲသွားတယ်ဆိုပဲ ...

ဒီလို သာမန်လူတွေနဲ့ဝေးကွာလွန်းတဲ့ စာပေတွေကို အသာထားပါ ...

လူတိုင်းနီးပါး အလွတ်ရကြတဲ့ ပရိတ်ကြီး (၁၁) သုတ်ထဲက

"အင်္ဂုလိမာလသုတ်" မှာလဲ သတိထားကြည့်ရင် တွေ့ပါလိမ့်မယ် ...

"ယတောဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော" ... စသည်ဖြင့်ပါ ...

အဓိပ္ပါယ်ကတော့

"ညီမရေ ... ငါဟာ အရိယာဖြစ်ပြီးကတည်းက သတ္တဝါတခုကို သိလျက်နဲ့ မသတ်ဘူးတော့ပါဘူး" လို့ ဆိုလိုတာပါ ...

အဲ့ဒီလို ရဟန္တာဖြစ်နေပြီဖြစ်တဲ့ အရှင်အင်္ဂုလိမာလတောင် မီးမဖွားနိုင်ဖြစ်နေတဲ့ အမျိုးသမီးတယောက်ကို "ညီမ" လို့ ခေါ်ခဲ့ဘူးပါတယ် ...

အဲ့ဒါကြောင့် ဘုရားရှင်လက်ထပ်မှာ ရဟန်းတော်တွေဟာ အမျိုးသမီးတွေကို "ညီမ" လို့ ခေါ်ခဲ့တာတွေ ရှိပါတယ် ....

 

ခုခေတ်အနေနဲ့ကြည့်ရင်လဲပဲ "ညီမ" ဆိုတဲ့ နာမ်စားဟာ

ကိုယ့်သွေးရင်းသားရင်းတယောက်လို သဘောထားပြီး ချစ်ခင်မှုနဲ့ ဖော်ရွေမှုကို

ပေါင်းစပ်ပြီး ခေါ်တဲ့ အာလုပ်စကားမျှသာမို့ ရဟန်းတော်များနဲ့ မသင့်စရာအကြောင်းမရှိပါ ...

ဒီလိုခေါ်တာဟာ ဘုရားရှင်ရဲ့ ကိုယ့်ညီမအရင်းလိုသဘောထားရမယ်ဆိုတဲ့ စကားနဲ့လဲ ကိုက်ညီလှပါတယ် ...

 

အဲ့ဒါကြောင့် ရဟန်းတော်တွေအနေနဲ့ ကိုယ့်ထက်ငယ်ရွယ်သူ

အမျိုးသမီးတွေကို "ညီမ"လို့ ခေါ်တာဟာ သင်တင့်ပါတယ်လို့ ပြောပါရစေ ....

အရှင်သာသန(မန္တလာရွှေညာ)