"ဘုရား ဆင်းတု"တွေ ကို
တစ်ချို့က-
-"အနေကဇာ"တင်မှ အသက် ဝင်တယ်"
-"အနေကဇာ"မတင်ရင် အသက် မဝင်ဘူး"-လို့ပြောကြသလို,

တစ်ချို့က-
-"အနေကဇာ"တင်မှ ဘုရားဖြစ်တာ
-"အနေကဇာ"မတင်ဘဲ ကိုးကွယ်ရင် ကုသိုလ်မရဘူး"-လို့လဲ
ပြောကြပါတယ် ။

တစ်ချို့က-
-"အနေကဇာ"မတင်ဘဲ မကိုးကွယ်ကောင်းဘူး"-လို့လဲ
ယူဆကြ ပါသေးတယ် ။
အဲဒီ အယူအဆ တွေက မှားပါတယ်။

တကယ်တော့ "အနေကဇာ တင်တယ်"ဆိုတာ
"မြတ်ဗုဒ္ဓ"ရဲ့-
-ဂုဏ်တော်တွေ
-ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း
အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။

"စေတီတော် ဆင်းတု တော်တွေကို ထပ်မံမွန်းမံခြင်း"-လို့လဲ
ဆိုနိုင် ပါတယ် ။

"အနေကဇာ"တင်တော့ -
"အနေကဇာတိ"စတဲ့ "ဗုဒ္ဓ" ကြုံးဝါးခဲ့တဲ့ "ဂါထာတော်"-တွေကို
ကြားနာခွင့်ရတယ် ။

"ဗုဒ္ဓ"ဆင်ခြင်သုံးသပ်ခဲ့တဲ့ "ပဋိစ္စသမုပ္ပါဒ်"ကို နာခွင့်ရတယ် ။

"ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်"ရတယ်-အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။

ဒါပေမယ့် အဲဒီလို "အနေကဇာ တင်ခြင်း"ကြောင့်
"စေတီ ရုပ်ထု"တွေက "အသက်ဝင်"လာတာတော့ မဟုတ်ပါဘူး ။

"ဗုဒ္ဓဘာသာ"တွေကလဲ အဲဒီ "ရုပ်ထု"တွေကို "ကိုးကွယ်"နေတာ
မဟုတ်ရပါဘူး ။

"ဗုဒ္ဓ၏ ဂုဏ်တော်"တွေကို ကိုးကွယ်တာပါ ။
"စေတီ ရုပ်ထု"ဆိုတာက "ဗုဒ္ဓ၏ ဂုဏ်တော်"တွေကို
"အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာ"-မျှသာ
ဖြစ်ကြပါတယ် ။

ရှေ့မှာ ရှိနေတဲ့ "စေတီ ဆင်းတုတော်"တွေကို ပူဇော်နေကြတာ
မဟုတ်ပါဘူး။

"ပရိနိဗ္ဗာန်"ဝင်စံတော်မူပြီးဖြစ်တဲ့ "မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ , ဂုဏ်တော် အနန္တ"ကို "ပူဇော်"နေကြတာပါ။

မိမိ စိတ်က "ဗုဒ္ဓ၏ ဂုဏ်တော်"တွေကို ရည်မှတ်ဖို့သာ
အဓိက ကျတာဖြစ်ပါတယ်။"စေတီ ဆင်းတု"တွေက
အဓိက မကျပါဘူး။ သာမညမျှသာ ဖြစ်ကြပါတယ် ။

ဒါကြောင့်-
မိမိ အနေနဲ့ "ဗုဒ္ဓ၏ဂုဏ်တော်"တွေကို ရည်မှတ်ရရင်
"အနေကဇာ"တင်တင်/မတင်တင် ကိုးကွယ် လို့ ရပါတယ် ။

ဒီလို "ဘုရားရှင်ကို အနေကဇာတင်ခြင်းကိစ္စ"ဟာ
"ဘယ်ခေတ်က စတင် ဖြစ်ထွန်းလာပါသလဲ?” ဆိုတော့
ထေရဝါဒဗုဒ္ဓဘာသာ မြန်မာပြည်တွင် သာသနာတော်ကြီး
တစ်ဖန်ထွန်းတောက်ရာ"ပုဂံခေတ်"က စခဲ့တယ် လို့ ဆိုကြပါတယ်။

ရှေးအခါက "ပုဂံပြည်"မှာ "ဘုရားစေတီပုထိုးများ" များစွာ
တည်ကြပါတယ်။ တည်ပြီးသောအခါ "ပူဇော်ပွဲအမျိုးမျိုး" ပြုလုပ်ကြရာမှာ လည်း -"ရွတ်ဖတ်ပူဇော်မှု"ကိုပါ ထည့်သွင်းပြီး
ပူဇော်မှု ပြုကြပါတယ် လို့လည်း ဆိုကြပါတယ်။

"ဘုရားအသစ် ကို ထုလုပ်ပူဇော်ခြင်း"ဖြစ်လို့-
"ဘုရား ဖြစ်စ ကို ရည်ရွယ်မှန်းဆ"လို့
"ဘုရားရှင်"ကိုယ်တော်တိုင်,
-စိတ် ဖြင့် လည်းကောင်း,
-နှုတ် ဖြင့် လည်းကောင်း,
ပွားများ-ဆင်ခြင်တော်မူခဲ့ပါသော တရားတော်များကို
ပူဇော်ရွတ်ဆိုကြရန် စီမံကြခြင်းဖြစ်ပါတယ်။

ဒါကတော့-
"အနေကဇာ တင်မှု စတင်ဖြစ်ပေါ်လာ ပုံအကြောင်းရင်း"
ဖြစ်ပါတယ်။

“ဘာကြောင့် အနေကဇာ တင်ကြပါသလဲ?” ဆိုတော့,
ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဟာ
-အိမ်သစ်
-ကျောင်းသစ် စသည် ဆောက်လုပ်ကြတဲ့အခါ
"အိမ်ဦးခန်း, ကျောင်းဦးခန်း"မှာ "ဘုရားရှင်သီတင်းသုံးဖို့ရန်"အတွက် "ကျောင်းဆောင်လေးများ"ကိုပါ အဦးထား၍ ဆောက်လုပ်ကြပါတယ်။

အသစ်ဖြစ်သော"အိမ်,ကျောင်း"မှာ အစ ဦးဆုံး အဖြစ် "ဘုရားရှင်"ကို "ပင့်ဆောင်ကြခြင်း"ဖြစ်ပြီး"ဘုရားရှင်ကို ပူဇော်ကြဖို့ရန်"အတွက် "သံဃာတော်များ"ကို ပင့်ဖိတ်ပြီး "ဘုရားရှင်"ကို
"ပူဇော်သမှု ပြုစေကြခြင်း" ဖြစ်ပါတယ်။
ဒါဟာ လည်း"ပုဂံခေတ်"မှ လာခဲ့သော အစဉ်အလာအတိုင်းပဲဖြစ်ပါတယ်။

"သံဃာတော်များ"က "ရွတ်ဆိုပူဇော်နည်း"ကို မသိကြပါကုန်သော လူအများကိုယ်စား "ဘုရားရှင်ကို ပူဇော်ပေးကြခြင်း" ဖြစ်ပါတယ်။

ဤသို့ဖြင့်-"ဘုရား,တရား,သံဃာ"-ရတနာသုံးဖြာလုံးကိုပင်
ပူဇော်ပြီးသား ဖြစ်ရပါသည်။

("ရွတ်ဆိုပူဇော်နည်း"ကို သိကြပါကုန်သော လူများကတော့
ကိုယ်တိုင်လည်း ရွတ်ဆို ပူဇော်နိုင်ကြပါတယ်။)

"ဆရာတော်လေးတစ်ပါး"က-

“တစ်ချို့က ,
ဘုရား "အနေကဇာ" တင်တာကို
"ဗုဒ္ဓါဘိသေက အနေကဇာ တင်တယ်"-လို့ ဆိုတာ ရှိပါသေးတယ်။
"ဘုရား"ကို "အဘိသိက်မြောက်"တယ်ပေါ့။

ဒါဟာ "ဘုရား"ကို "အဘိသိက်မြောက်"တာ မဟုတ်ပါဘူး။
"ဘုရား"ကို "အဘိသိက်"မြောက်ပေးလို့လည်း မရပါဘူး။
ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့
သဘောပဲ ဖြစ်ပါတယ်”

-လို့ ရေးသားထားတာ ကို ဖတ်ရဖူးပါတယ်။

သူ့အယူအဆနှင့်သူ မှန်တယ် လို့ ဆိုရမှာပါ။

သို့သော်-
“ဗုဒ္ဓါဘိသေကမင်္ဂလာ” ဟူသည်
"ဘုရားရှင်"ကို
-"အသက်သွင်းခြင်း",
-"ရေစင်ဖြင့် အဘိသိက်သွန်းခြင်း"မဟုတ်။

"အဘိသိက်"(၃)မျိုး"ရှိတယ် " လို့
"မင်းကွန်းဆရာတော်ကြီး"က "ဗုဒ္ဓနေ့ဆိုင်ရာ တရားအလွှာ"ထဲမှာ ထည့်သွင်းပြီး ဟောကြားထားဖူးပါတယ်။

အဲဒီ "အဘိသိက်"(၃)မျိုး"က တော့-
၁။ မုဒ္ဓါ ဘိသေက မင်္ဂလာ။
၂။ ပဗ္ဗဇ္ဇာ ဘိသေက မင်္ဂလာ။
၃။ ဗုဒ္ဓါ ဘိသေက မင်္ဂလာ တို့ ဖြစ်ပါတယ်။


၁။ "မုဒ္ဓါ ဘိသေက မင်္ဂလာ"ဆိုတာက-

-အစဉ်အလာ
-သူ့ခေတ် အခါလာ ဗေဒင်ကျမ်းလာအတိုင်း
"ရှင်ဘုရင်"အဖြစ် တင်မြောက်မည့်"ဘုရင်လောင်း" ကို
-ထိုထိုဆက်သစရာများ ဆက်သပြီး
-ထိုထိုဆိုင်ရာ မန္တာန်များကို ရွတ်ဆိုကြကာ
"ဦးခေါင်း"ထိပ်မှ "ရေစင်ဖြင့် သွန်းလောင်းခြင်း"ဖြစ်ပါသည်။

၂။ "ပဗ္ဗဇ္ဇာ ဘိသေက မင်္ဂလာ"ဆိုတာက-

"ရေစင်ဖြင့် သွန်းလောင်းရသည့် အဘိသိက်တင်ခြင်း
မြောက်ခြင်း"မျိုး မဟုတ်ပါဘူး။

( "လောကီ မင်္ဂလာ" အဖြစ် "မင်းများအဘိသိက်ခံယူကြသည်"ကို
အစွဲပြုပြီး "ယဉ်ကျေးမှု ဓလေ့ရိုးရာ" အစဉ်အလာအနေနဲ့
"ရှင်လောင်းကို အဘိသိက်မြှောက်ခြင်း"ဖြစ်ပါတယ်။မြန်မာတို့၏
အစဉ်အလာမို့ အပြစ်ဖို့စရာ မရှိပါ။)

"ယုတ်ညံ့သော လူ"အဖြစ်မှ "မြင့်မြတ်သော သာမဏေ ပဉ္ဇင်း"-အဖြစ်သို့ ဝင်ရောက်မည့် "ရှင်လောင်း,ရဟန်းလောင်း"ကို-
-"ရှင်"ဖြစ်လျှင်,
-"သင်္ကန်း တောင်းခြင်း"
-"သရဏဂုံ ပီသရခြင်း" စသည်နှင့်

-"ရဟန်း"ဖြစ်လျှင်,
-ဥပဇ္ဈာယ် ယူမှုမှသည်
-ကမ္မဝါစာ ဆုံးသည်အထိ-

"ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုရခြင်း"လို့ ဆိုအပ်သော
"အစီအစဉ်အတိုင်း ပြုလုပ်ရခြင်း"သည်-
"အဘိသေကမန္တာန်ကို ရွတ်ဆိုခြင်း"နှင့် တူသည်ကို အစွဲပြုကာ ခေါ်ဝေါ်ထားသော အမည်ဖြစ်ပါတယ်။

၃။ "ဗုဒ္ဓါဘိသေကမင်္ဂလာ" ဆိုသည်က-

"အနေကဇာ"တင်သည့် "ပါဠိများ"ထဲမှာ

“ အပရာဇိတပလ္လင်္ကေ သီသေ ပုထုဝိပုက္ခလေ။ အဘိသေကေ
သဗ္ဗဗုဒ္ဓါနံ အဂ္ဂပ္ပတ္တော ပမောဒတိ”

- ဆိုတဲ့ "ရှေးဆရာတော်ကြီး၏ ဂါထာ"ကို အစွဲပြုကာ ပေါ်ပေါက်လာသည့် အခေါ်အဝေါ်ဖြစ်ပါတယ်။

သို့သော် -
"ချီးမြှောက်သော အဘိသိက်မျိုး" မဟုတ်ပါ။
"ရှိပြီးသားဂုဏ်ကို အမွှမ်းတင်သော အဘိသိက်မျိုး" ဖြစ်ပါတယ်။

"ဘုရားရှင်"ဟာ"ဘုရားဖြစ်စ" -"ပထမသတ္တာဟ ဗောဓိပင်ရင်း"မှာ "တဏှာကျွန်အဖြစ်မှ လွတ်ခဲ့ပုံ"-ကို "အနေကဇာတိ သံသာရံ"
စသော ဂါထာဖြင့် စိတ်တော်မှာဆင်ခြင်တော်မူပါတယ်။

အဲဒီနောက်-
"ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံ"တို့ကို "စိတ်တော်"နဲ့ပဲ ဆက်လက်
ဆင်ခြင်တော်မူပါတယ်။

အဲဒီနောက်
"စိတ်တော်"နဲ့ ဆင်ခြင်ရသည်ကို အားရတော် မမူလို့"နှုတ်ဝစီ"မှ "ယဒါ ဟဝေ"စတဲ့ "ဂါထာတော်များ"ကို "၀မ်းမြောက်ဝမ်းသာ
ဥဒါန်းကျူးရင့်တော်မူ"-ပါတယ်။

တဖန် "စတုတ္ထသတ္တာဟ"မှာ"အဘိဓမ္မာ ၇-ကျမ်း"ကို ဆင်ခြင်တော်မူရာ "ပဋ္ဌာန်းကျမ်းတော်ကြီး" သို့ အရောက်တွင် "ရောင်ခြည်တော်များ" ထွက်ပါတယ်။

အဲဒီ ဖြစ်ရပ် ကို ရည်ရွယ်ပြီး "ပဋ္ဌာန်း (၂၄)-ပစ္စည်း" ရွတ်ပါတယ်။

ဆက်လက်၍ "အောင်ဂါထာများ"ပါဝင်တဲ့
"ပုဗ္ဗဏှသုတ်"ကို ရွတ်ပွား၍ ဆုတောင်းပါတယ်။

ဆိုခဲ့ပြီးသော "ဗုဒ္ဓါဘိသေက" ဖြစ်ထိုက်တဲ့"ဗုဒ္ဓဝစနများ"ကို
အစဉ်အတိုင်း ရွတ်ဆိုကြပြီး
"ဘုရားရှင်တော်မြတ်"ကို
-အမွှမ်းတင်ကြခြင်း
-ပူဇော်ကြခြင်း ကိုပင် "ဗုဒ္ဓါဘိသေကမင်္ဂလာ" လို့ တင်စားကာ ခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။

━━━━━━━
မှီခိုရာ ကျမ်းကိုး-
━━━━━━━
(၁။ "အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)"၏
"ဘုရားအနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ မရ"

၂။ "အရှင်ခေမိန္ဒ (တိပိဋကနိကာယ)"၏
"အနေကဇာတင်ခြင်း ရသ")

ရေးသား ပြီးစီး ။ ။
၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း(၆)ရက်နေ့
(၂၄-၁၁-၂၀၁၇)ရက်နေ့၊သောကြာနေ့-
(နံနက် -၁၁း ၄၅)

ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊
သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။